မြန်မာ့အရေး လှုပ်ရှားသူ ၁၇ ဦးကို လာအိုရဲတပ်ဖွဲ့ဖမ်းပြီး စစ်ကောင်စီထံ ပြန်လွှဲ
2024.05.06

ရှမ်းပြည်နယ်အရှေ့ပိုင်း ရွှေတြိဂံဒေသနဲ့ နယ်မြေချင်းထိစပ်နေတဲ့ လာအိုနိုင်ငံ၊ တုံဖုံမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေတဲ့ မြန်မာနိုင်ငံသား ၁၇ ဦးကို လာအိုရဲတပ်ဖွဲ့ကဖမ်းဆီးပြီး မေလ ၃ ရက်နေ့မှာ မြန်မာရဲတပ်ဖွဲ့ထံ ပြန်လွှဲလိုက်တယ်လို့ လာအိုရောက် မြန်မာနိုင်ငံသားတွေက RFA ကို မေလ ၆ ရက်နေ့က ပြောပါတယ်။
ဧပြီလ ၁၃ ရက်နေ့က သူတို့အားလုံး တုံဖုံမြို့ရှိ မဲခေါင်မြစ်ကမ်း စက်လှေဆိပ်မှာ မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည်တွေကိုကူညီဖို့ အလှူငွေကောက်ခံနေစဥ် လာအိုရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံလိုက်ရတာပါ။ သူတို့ ၁၇ ဦးကတော့ အသက်၂၀ ကနေ ၃၀ ကြားအရွယ် အမျိုးသား ၁၃ ဦးနဲ့ အမျိုးသမီး လေးဦးဖြစ်တယ်လို့ လာအိုရောက် မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
“နိုင်ငံရေးစွပ်စွဲချက်နဲ့ ဖမ်းဆီးခံရတာကတော့ ဒါဟာ ပထမဆုံးအကြိမ်ပါ”
ဒါပေမဲ့ သူတို့အထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ထောက်ပံ့နေသူတွေ ပါဝင်တယ်ဆိုပြီး စစ်ကောင်စီဘက်က နာမည်စာရင်းအတိအကျနဲ့ ပေးပို့လာတာကြောင့် လာအိုအာဏာပိုင်တွေက မေလ ၃ ရက်နေ့မှာ ပြန်လွှဲပေးလိုက်တာလို့ လာအိုရောက် အဖမ်းခံရသူတိုင်းကို ကူညီပေးနေသူ ကိုရေခဲက ပြောပါတယ်။
သူတို့ကိုပြန်ပို့တဲ့ မေလ ၃ ရက်နေ့က စက်လှေဆိပ်မှာ မြန်မာဘက်က ထိပ်တန်းစစ်အရာရှိကြီးတစ်ဦးကိုယ်တိုင် ဦးဆောင်ပြီး ရဲနဲ့ စစ်သားတွေက လာခေါ်သွားတာလို့ ကိုရေခဲက ပြောပါတယ်။
“တာချီလိတ် ဗျူဟာမှူးကိုယ်တိုင် ဆင်းခေါ်တယ်။ အဲဒီနေ့ကဖြစ်စဥ်ကို စက်လှေဂိတ်မှာ ကျွန်တော်တို့ မိတ်ဆွေတွေရှိတော့ လှမ်းပြောပြတာ။ ဗျူဟာမှူးက စစ်ယာဥ်တန်းနဲ့ မလာဘူး။ ရိုးရိုးအိမ်စီးကားနဲ့လာပြီးတော့ ရဲယူနီဖောင်း၊ စစ်သားယူနီဖောင်းကို ဝတ်လိုက်တယ်တဲ့။ ဝတ်ပြီးတော့ လှည့်ကင်းလှေပေါ်တက်ပြီးတော့ ဒီဘက်ကမ်းအထိ လာခေါ်သွားတယ်။ တာချီလိတ်ဘက်ခြေချတာနဲ့ စက်လှေဆိပ်ကိုကပ်တာနဲ့ အဖမ်းခံရသူတွေရဲ့ ခေါင်းတွေကို အိတ်အမဲလေးတွေ စွပ်ပြီးတော့ ကျိုင်းတုံဘက်ကို တစ်ခါတည်းခေါ်သွားတဲ့ အနေအထားပါ”
သူပြောတဲ့အထဲက တာချီလိတ်ဗျူဟာမှူးဆိုတာဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ စစ်ကောင်စီရဲ့ (အခြေချ) စစ်ဗျူဟာက ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်ကို ရည်ညွှန်းပြောဆိုတာပါ။
အဖမ်းခံရသူ ၁၇ ဦးအနက် ကိုအေးချမ်းနဲ့ ကိုစိုင်းနော်ခေတ်တို့ နှစ်ဦးရဲ့နာမည်တွေကိုသာ RFA က စုံစမ်းသိရှိရပြီး သူတို့ဟာ ဒေါင်းညီနောင် ထောက်ပို့နဲ့ သွေးသောက်ညီနောင် ထောက်ပို့အဖွဲ့တွေရဲ့ ခေါင်းဆောင်တွေဖြစ်ကြောင်း မြန်မာစစ်တပ်ဘက်က စွပ်စွဲထားတယ်လို့ ကိုရေခဲက ပြောပါတယ်။
လက်ရှိမှာ အဖမ်းခံရသူတွေကို ကျိုင်းတုံမြို့က ရွှေတြိဂံ တိုင်းစစ်ဌာနချုပ်မှာ စစ်ဆေးမေးမြန်းနေပြီး အမျိုးသားတစ်ဦး နှိပ်စက်ညှဉ်းပန်းမှုကြောင့် သေဆုံးသွားကြောင်း ကြားသိရတယ်လို့ လာအိုရောက် မြန်မာတွေက ပြောပါတယ်။ RFA အနေနဲ့ ဒီအချက်တွေကို သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး အသေးစိတ် ထပ်မံသိရှိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်တို့ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။ ရန်ကုန်ရှိ လာအိုသံရုံးကို အီးမေးလ်ပို့ မေးမြန်းထားပေမယ့် အကြောင်းမပြန်သေးပါဘူး။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လာအိုရောက် မြန်မာတစ်ဦးကတော့ အဖမ်းခံရသူ ၁၇ ဦးဟာ လာအိုနိုင်ငံက တရုတ်လူမျိုးပိုင် လုပ်ငန်းတွေမှာ အလုပ်လုပ်နေကြတာဖြစ်ပြီး အလုပ်အားရက်တွေမှာ မြန်မာစစ်ဘေးဒုက္ခသည်တွေကိုကူညီဖို့ ကြိုးစားလေ့ရှိတယ်လို့ ပြောပါတယ်။
“အဲဒီကလေးတွေက ဒီကိုရောက်နေကြတာ နှစ်နှစ်ကျော်ပြီ။ တချို့က ကာစီနိုမှာ လုပ်တယ်။ တချို့က သန့်ရှင်းရေးဝန်ထမ်းတွေ။ လာအိုနိုင်ငံလို အလုပ်ချိန် များတဲ့နေရာမှာ ရတဲ့အချိန်လေး အလှူထွက်ခံရင်း ဒီလိုအဖမ်းခံရတာပါ။ အကုန်လုံးက လာအိုမှာ တရားဝင် နေထိုင်ခွင့် Smart Card ရထားသူတွေပါ။ အခုထိ ဘာအဆက်အသွယ်မှ မရသေးပါဘူး”
နောက်ထပ် မြန်မာနိုင်ငံသားတစ်ဦးကတော့ လာအိုမှာ တရားမဝင် နေထိုင်သူတွေကို ဖမ်းဆီးလေ့ရှိပေမယ့် နိုင်ငံရေးစွပ်စွဲချက်နဲ့ ဖမ်းဆီးခံရတာကတော့ ဒါဟာ ပထမဆုံးအကြိမ်လို့ ပြောပါတယ်။
“နိုင်ငံရေးကြောင့် အဖမ်းခံရတာ ဒါပထမဆုံးအကြိမ်ပဲ။ တစ်ခါမှ ဒီလိုမကြားဖူးဘူး။ ကြည့်ရတာ လာအိုအာဏာပိုင်တွေက မြန်မာစစ်တပ်နဲ့ လက်ဝါးချင်း ရိုက်ထားကြသူတွေဖြစ်မယ်။ အခု အဖမ်းခံရပြီးတော့ တော်လှန်ရေးလုပ်နေသူတွေတောင် နည်းနည်းငြိမ်သွားကြတယ်”
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လာအိုနယ်စပ်က ဆောက်လုပ်ရေး၊ စားသောက်ဆိုင်၊ ဟိုတယ်နဲ့ ကာစီနိုလုပ်ငန်းတွေမှာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား လေးသောင်းကျော်ရှိတယ်လို့လည်း လာအိုရောက် မြန်မာနိုင်ငံသားတွေက ပြောပါတယ်။