မြိုင်မြို့နယ် ရွာနှစ်ရွာက ဒေသခံ ၃၀ စစ်ကောင်စီတပ် ဖမ်းဆီးထား

RFA Burmese
2023.04.19
မြိုင်မြို့နယ် ရွာနှစ်ရွာက ဒေသခံ ၃၀ စစ်ကောင်စီတပ် ဖမ်းဆီးထား ဖျက်ဆီးခံထားရသည့် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မကြီးကန်ရွာမှ ဆေးရုံကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့က တွေ့ရစဉ်။
ဓာတ်ပုံ - နွေဦးတော်လှန်ရေး - မြိုင်မြို့

မကွေးတိုင်း၊ မြိုင်မြို့နယ် အနောက်မြောက်ပိုင်းမှာရှိတဲ့ မကြီးကန်ရွာကို ဧပြီလ ၁၈ ရက် နေ့မှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စီးနင်းဝင်ရောက်ခဲ့ပြီး ကျေးရွာသား ၃၀ ခန့်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ မနေ့က လာရောက်ပစ်ခတ်ခဲ့သလို ပျူစောထီး အပါအဝင် လူအင်အား ၁၀၀ ခန့်နဲ့ ရွာကိုစီးနင်းခဲ့တာလို့ ဆိုပါတယ်။ ဖမ်းဆီးခံထားရသူတွေဟာ ရွာထဲပိတ်မိနေခဲ့သူတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ ဖမ်းဆီးခံရသူတွေထဲမှာ ရွာဆေးခန်းထဲက လူနာတွေပါ ပါဝင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ ရွာသားတစ်ဦးက RFA ကိုပြောပါတယ်။

"လေယာဉ်နဲ့ လူလာချတာလေ။ လူလာချပြီးတော့ အပေါ်က တစ်စင်းက ပတ်ပစ်တာ လေ။ အပေါ်က တစ်စင်းက မနားမနေ ပတ်ပစ်ပြီးတော့ အဲဒီ ဆင်းလာတဲ့ကောင်တွေက ဆင်းပေါ့ဆိုကတည်းက အကုန်လိမ့်ပစ်တော့တာဘဲ။ ဘယ်သူရယ်၊ ဘာရယ် သူတို့မသိဘူး။ ရွာသူရွာသားတွေ များများမိတယ်။ ဆေးခန်းထဲရော၊ လူနာတွေရော၊ လူတွေရော အကုန်မိတာပါပဲ။ တော်တော်လေးကို နစ်နာပါတယ်"

မကြီးကန်ရွာမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ မြို့နယ်အဆင့် ဆေးရုံ ရှိတာကြောင့် စစ်တပ်က ဝင်ရောက်စီးနင်းခဲ့တာဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။

"ဘယ်သူရယ်၊ ဘာရယ် သူတို့မသိဘူး။ ရွာသူရွာသားတွေ များများမိတယ်။ ဆေးခန်းထဲရော၊ လူနာတွေရော၊ လူတွေရော အကုန်မိတာပါပဲ"

အဖမ်းခံရသူတွေထဲမှာ ဆရာဝန်တစ်ဦးနဲ့ သူနာပြုဆရာမတစ်ဦး ပါဝင်ပေမယ့် ကျန်တဲ့လူတွေနဲ့ပတ်သက်လို့ အသေးစိတ်ကို မသိရသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာတော့ မြိုင်မြို့နယ်၊ မကြီးကန်နဲ့ ကန်ကြီးရွာတွေမှာ PDF အဖွဲ့တွေ နေထိုင်နေတယ်ဆိုပြီး သတင်းပေးချက်အရ မနေ့က အလစ်ငိုက် ဝင်ရောက်ခဲ့တာလို့ ဖော်ပြထားပါတယ်။ ရွာထဲမှာ PDF အဖွဲ့တွေနဲ့ ပတ်သက်ဆက်နွယ်နိုင်တယ်လို့ ယူဆရသူ အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၂၀ ဦး၊ စုစုပေါင်း လူ ၃၀ ကို စစ်ဆေးဖို့ ထိန်းသိမ်းထားတယ်လို့ ပါရှိပါတယ်။ မကြီးကန်ရွာ ကျေးလက်ဆေးပေးခန်းကနေ စစ်လက်နက်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့သလို ကန်ကြီးကျေးရွာ စာသင်ကျောင်းအတွင်းကလည်း မော်တော်ယာဉ်နဲ့ မော်တော် ဆိုင်ကယ်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးကျော်ဇော်ကို RFA က ဆက်သွယ်မေးမြန်းထားပေမယ့် ဒီနေ့ညနေပိုင်းအထိ အကြောင်းမပြန်သေးပါဘူး။

ဒေသခံတွေကတော့ စစ်ကောင်စီတပ်သားတွေက ဒီနေ့အထိ ရွာထဲမှာ နေရာယူထားကြဆဲ ဖြစ်ပြီး မနေ့က ကန်ကြီးရွာက ဆီဆိုင်နဲ့ နေအိမ်အချို့အပြင် ဆိုင်ကယ် အစီး ၅၀ ခန့် မီးရှို့လိုက်ကြတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က အရင်အပတ်ကလည်း ရွာကို လာရောက်ပစ်ခတ်တာရှိခဲ့ပြီး ထိခိုက်မှုမရှိခဲ့ပေမယ့် အခု တစ်ကြိမ်မှာ အင်အားအလုံးအရင်းနဲ့ဝင်စီးခဲ့တာကြောင့် ဒေသခံတွေပါ ဖမ်းဆီးခံခဲ့ရတာလို့ မြိုင် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

"နောက်သူတို့ကလည်း အရင်တစ်ပတ်တွေကလည်း ပစ်ပြီးတော့ ရွာထဲတွေမှာ ဗုံးကျင်းတွေထဲမှာ ဟိုပုန်း ဒီပုန်းနဲ့ နေလိုက်ကြတာဆိုတော့ အခုက အဲလို မဟုတ်ဘဲနဲ့ နောက်ထပ်လေယာဉ်တစ်စီးကပါ အင်အားချပြီးတော့ တောက်လျှောက် ဝင်စီးလိုက်တဲ့ အခါကျတော့ မိသွားတယ်လို့ ယူဆရတာပေါ့"

မနေ့က စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းမှုကြောင့် မကြီးကန်နဲ့ ကန်ကြီးရွာအပြင် နဂါးပွက်၊ မြောက်ဆည်၊ အုတ်ဖိုရွာက ဒေသခံတွေပါ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မကြီးကန်ရွာတွင် မီးရှို့ဖျက်ဆီးခံထားရသည့် မော်တော်ယာဥ်နှင့် မော်တော်ဆိုင်ကယ်များကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - နွေဦးတော်လှန်ရေး - မြိုင်မြို့)
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မကြီးကန်ရွာတွင် မီးရှို့ဖျက်ဆီးခံထားရသည့် မော်တော်ယာဥ်နှင့် မော်တော်ဆိုင်ကယ်များကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - နွေဦးတော်လှန်ရေး - မြိုင်မြို့)

လက်ရှိမှာ မကြီးကန်ရွာထဲ အဖမ်းခံထားရသူတွေ အသတ်ခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ရွာထဲနဲ့အဆက်အသွယ်ပြတ်နေတာကြောင့် စိုးရိမ်စရာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

"လေယာဉ်တစ်စီး ထပ်ဝဲနေတယ် အခုတော့။ ကျနော်တို့ ဆေးရုံထဲ တွေ့သမျှတော့ အကုန်အသတ်ခံရတယ် ကြားတယ်။ အဲဒါကတော့ အစိတ် သုံးဆယ်လောက် ရှိတယ်လို့ ကြားတယ်ဗျ။ လူချည်းအတိုင်းပဲပေါ့၊ ဆိုင်ကယ်၊ ကားတောင် ယူချိန်မရှိဘူး။ ထွက်ရတဲ့ လူက ထွက်တယ်ပေါ့။ အခုက လေယာဉ်နဲ့ ပစ်နေလို့ ပြီးမှ သတင်းပြန်ပို့ပေးပါ့မယ်"

နောက်ထပ်ဒေသခံ ကျေးရွာသားတစ်ဦးကလည်း တိတိကျကျအတည်မပြုနိုင်ပေမယ့် အဖမ်းခံထားရသူတွေ အသတ်ခံရတယ်ဆိုတဲ့သတင်းကို သူလည်းကြားရတယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူကို RFA က ဆက်သွယ်ခဲ့ ပေမယ့် လက်ခံဖြေကြား တာ မရှိပါဘူး။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။