မြောက်ဦးမြို့နယ်မှာ ရွာသားအယောက် ၂ဝ ကို တပ်မတော်ဖမ်းဆီး

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်နဲ့ ပေါက်တောပြင်ကျေးရွာနားမှာ အလုပ်လုပ်နေတဲ့ ရွာသား အယောက် ၂ဝ နီးပါးကို တပ်မတော်စစ်ကြောင်းတခုက မနေ့နေ့လည်က ဖမ်းဆီးသွားခဲ့သလို ညနေပိုင်းမှာလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် ဒေသခံတွေ ထိတ်လန့်စိုးရိမ်နေကြပါတယ်။

မြောက်ဦးမြို့အဝင်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်နဲ့ ပေါက်တောပြင်ကျေးရွာနားမှာ အလုပ်လုပ်နေတဲ့ ရွာသား အယောက် ၂ဝ နီးပါးကို တပ်မတော်စစ်ကြောင်းတခုက မနေ့နေ့လည်က ဖမ်းဆီးသွားခဲ့သလို ညနေပိုင်းမှာလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် ဒေသခံတွေ ထိတ်လန့်စိုးရိမ်နေကြပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပေါက်တောပြင်ကျေးရွာနားမှာ မနေ့က  ဝေသာလီဘုရားကြီးကို ပြုပြင်နေတဲ့ လက်သမား ငါးဦးနဲ့ ကျောက်တူးနေတဲ့ လမ်းခင်းလုပ်သားတွေကို တပ်မတော်က ဖမ်းဆီးသွားတာလို့ သိရပါတယ်။ ပေါက်တောပြင်ကျေးရွာက မနေ့က ဖမ်းဆီးခံခဲ့ရတဲ့ ကိုဇော်လင်းအောင်ရဲ့ အစ်မဖြစ်သူ ဒေါ်ဦးတင်ညွန့်က မောင်ဖြစ်သူကို မနေ့က စစ်တပ်က ဖမ်းဆီးသွားတာကို ခုလိုပြောပြပါတယ်။

“ ဝေသာလီဘုရားမှာ အလုပ်လုပ်နေတာ သူတို့က သိမ်ဆောက်နေတာ။ မနေ့က ထမင်းစားဖို့ ဝေသာလီရွာထဲကို နေ့လည် ၁၁ နာရီခွဲလောက်မှာဆင်းပါတယ်။ ရွာထဲမှာဖမ်းတာပါ။ သူတို့က မှတ်ပုံတင်တွေ ဂေါပကအဖွဲ့ကပေးထားတဲ့ထောက်ခံချက်တွေ ပြတာပဲ။ ဘုန်းကြီးကလည်း သူတို့သိမ်ဆောက်နေတာကို ပြောခဲ့တယ်။ ဒါလဲအဆင်မပြေဘူး မရဘူး။ လမ်းပြခေါ်တယ်လို့ပြောတာပဲ။ သူတို့က ၈ နာရီလောက် လွှတ်ပေးမယ်လည်း ပြောတယ်။ ဒါပေမယ့် မလွှတ်ဘူး။ ရွာက ဥက္ကဋ္ဌ အတွင်းရေးမှူးတွေနဲ့လည်း ပေးမတွေ့ဘူး။ သူတို့ကို ဘယ်မှာထားလဲမသိဘူး။ ဝေသာလီက ငါးယောက်။ ပေါက်တောပြင်ရွာက ကျောက်ကူသယ်တဲ့သူတွေ မြေတူးသမားတွေ ၁၄ ယောက်လောက်ရှိတယ်ထင်တယ်။ အတိအကျမသိဘူး ”

မနေ့က ညနေပိုင်းမှာလည်း ပေါက်တောပြင်မှာ ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့အတွက် ရွာသားတွေ ထွက်ပြေးခဲ့ကြရတယ်လို့လည်း ဆိုပါတယ်။ စစ်သားတွေက ခြိမ်းခြောက်တဲ့အတွက် ရွာသားတွေကြောက်ရွံ့နေကြတယ်လို့လည်း ဒေါ်ဦးတင်ညွန့်က ပြောပါတယ်။

“ ညကတအားပစ်တယ်။ မနေ့ညနေ ၅ နာရီလောက်မှာ တအားပစ်တာ။ လက်နက်ကြီးတွေနဲ့ ဘယ်ကပစ်မှန်းလဲ မသိဘူး။ ထွက်ပြီးလဲမကြည့်ရဲဘူး။ သူတို့က လာတာနဲ့ တွေ့တဲ့သူကို ဖမ်းကွာ ပြောတာ။ ယောက်ျားတွေကြောက်ပြီး အကုန်လုံးထွက်ပြေးကြရော ”

ပေါက်တောပြင်ကျေးရွာသားတွေ ခုလိုစစ်တပ်ရဲ့ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က …

“အရေအတွက်အတိအကျတော့ ကျနော်မသိဘူး။ အဖမ်းခံရတဲ့မိသားစုဝင်တွေ ဖုန်းဆက်လို့သိရတာ- သူတို့ကပေါက်တောပြင်ကျေးရွာမှာဘဲ ရှိတယ်လို့ပြောတယ်။ ပြန်တော့မလွတ်သေးဘူး။ ထိန်းသိမ်းထားဆဲပဲ။ မိသားစုဝင်တွေကတော့ သူတို့ ဝေသာလီဘုရားမှာ ပန်းရံလုပ်နေကြတယ်။ အဲဒါ ဖမ်းဆီးခံရတယ်။ ဒါလေးတော့ ကူညီပေးပါလို့ ကျနော့်ကိုပြောတယ်။ အတိအကျ သူတို့က ရွာသားတွေဖြစ်တယ်ဆိုရင်တော့ ကျနော်ပြောကိုပြောရမယ် ”

ပေါက်တောပြင်ကျေးရွာအတွင်း တပ်မတော်က ခုလို ရွာသားတွေကို ဖမ်းဆီးတာနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှုးချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

“ ကျနော်တို့ မနေ့က မြောက်ဦး ဝေသာလီနားမှာ မသင်္ကာဖွယ် ရှစ်ယောက် ဖမ်းဆီးရမိတာရှိတယ်။ လက်နက်တော့မပါဘူး။ အဲဒီမှာ ပေါက်တောပြင်က လေးယောက်ပါတယ်။ တွေ့တဲ့အဖွဲ့တွေက သူတို့ကို AA တပ်ဖွဲ့ဝင်တွေလို့ ယူဆတဲ့အတွက် စစ်ဆေးဖို့ဆောင်ရွက်တယ်။ မြောက်ဦးမြို့မရဲစခန်းကို ပို့ထားတယ်။ ရဲစခန်းမှာစစ်ဖို့များတယ်။ စစ်ပြီးရင်တော့ ကင်းရှင်းတဲ့သူတွေဆိုရင် လွှတ်ပေးတာတို့ သံသယရှိလို့ စစ်ဆေးမေးမြန်းလို့ ထုတ်ဖော်ရတာကိုတော့ တရားစွဲတာတွေ ဆက်လုပ်ပါ့မယ်”

ဒီကနေ့ညနေအထိ ဖမ်းဆီးခံရသူတွေကို မိသားစုဝင်တွေက တွေ့ဆုံဖို့ကြိုးစားပေမယ့်လည်း တွေ့ဆုံခွင့်မရသေးသလို ပေါက်တောပြင်ကျေးရွာအတွင်းမှာလည်း စစ်သားတွေ အတော်များများရှိနေသေးတဲ့အတွက် ရွာသားတွေ စိုးရိမ်ထိတ်လန့်နေကြဆဲလို့ သိရပါတယ်။

(RFA ဝိုင်းတော်သူ မခင်ခင်အိ စုစည်းတင်ပြသည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org