မြေပုံမြို့နယ် တိုက်ပွဲဖြစ်ပွားခဲ့ရာ နေရာအနီးက အိမ်ရှစ်လုံး မီးရှို့ခံရ
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကျောက်မော်ပိုက်ဆိပ်က အိမ် ၈ လုံး ဒီနေ့မနက်က မီးရှို့ခံလိုက်ရပါတယ်။ အခုလို မီးရှို့တာဟာ တပ်မတော်ကလုပ်တာလို့ ဒေသခံအချို့ကပြောဆိုပေမယ့် တပ်မတော်ပြောခွင့်ရသူကတော့ တပ်မတော်က ဒီလိုမျိုးလုပ်ရပ်ကို ဘယ်တော့မှလုပ်မှာ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။
-
2019-07-23 -
-
-
ရခိုင်ပြည်နယ် မြေပုံမြို့ပုံ
Photo: Google Map
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကျောက်မော်ပိုက်ဆိပ်ဟာ တံငါလုပ်ငန်းလုပ်ကိုင် သူတွေစုစည်းနေထိုင်ကြတာဖြစ်ပြီး ဘုန်းတော်ကြီးကျောင်းနဲ့ အိမ် ၁၀ လုံးလောက်ရှိတယ်လို့ သိရပါတယ်။
ဒီနေရာဟာ ဇူလိုင် ၁၉ ရက်နေ့က တပ်မတော်ရေယာဉ်တွေ တိုက်ခိုက်ခံရတဲ့နေရာဖြစ်ပြီး အဲဒီနေ့ ကတည်းက နေထိုင်သူအားလုံး ထွက်ပြေးသွားကြတဲ့အတွက် ဘယ်သူမှ နေထိုင်ခြင်းမရှိကြဘူးလို့ သိရပါတယ်။
အဲဒီအထဲက အိမ် ရှစ်လုံးကို ဒီနေ့မနက်မှာ မီးရှို့ခံလိုက်ရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
မြေပုံမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက အဲဒီနေရာမှာ တပ်မတော် စစ်ကြောင်း တစ်ခုရှိပေမယ့် ဘယ်သူက မီးရှို့တယ်ဆိုတာကို သူ့အနေနဲ့ တိတိကျကျမပြောနိုင်ဘူးလို့ ပြောပါတယ်။
“ဒီနေ့မနက် ၈ နာရီလောက်မှာမီးလောင်နေတယ်။ ဘယ်သူရှို့မှန်းတော့မသိဘူး။ ဒါက အဲလိုပြောကြ တာပေါ့နော်။ ဒါပေမဲ့ အဲဒီအချိန်မှာ တပ်မတော်စစ်ကြောင်းက အဲဒီရွာထဲမှာရှိပါတယ်။ ဒါလောက်ပဲ ကျွန်တော်ကသိတယ်။ တိုက်ပွဲဖြစ်လို့မီးလောင်တာလား၊ ဘယ်လိုအခြေအနေမျိုးလဲဆိုတာကိုတော့ ကျွန်တော့အနေနဲ့ တိတိကျကျပြောရခက်ပါတယ်”
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့က တပ်မတော်ရေယာဉ်နှစ်စီးဟာ ဒီနေ့မနက်က အိမ်တွေမီးရှို့ခံရတဲ့ ကျောက်မော် ပိုက်ဆိပ်အနီးမှာ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံခဲ့ရပြီး ရက္ခိုင့်တပ်တော် AA က သူတို့တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ရက္ခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရသူ ခိုင်သုခ ကတော့ ဒီနေ့မနက်က အဲဒီအိမ်တွေကို မြန်မာ့တပ်မတော်က မီးရှို့ခဲ့တာဖြစ်ပြီး ဒါဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်မှုတစ်ရပ်ပဲလို့ပြောပါတယ်။
ဒီနေ့မနက်က အိမ်တွေကို မီးရှို့ခဲ့တာဟာ တပ်မတော်ကဖြစ်ပြီး မီးရှို့ခံနေရစဉ် အဝေးကရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့ဗီဒီယို မှတ်တမ်းတွေရှိတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ဒါပေမဲ့ မြေပုံမြို့နယ်မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် ဒေသခံတွေရဲ့ မှတ်တမ်းဓာတ်ပုံနဲ့ ဗီဒီယိုတွေကို RFA က ကြည့်ရှုခွင့်မရခဲ့ပါဘူး။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ ကျောက်မော်ပိုက်ဆိပ်က အိမ်တွေ မီးရှို့တာဟာ တပ်မတော်ရဲ့ လက်ချက်မဟုတ်ဘူးလို့ပြောပါတယ်။
“ကျွန်တော်တို့ကတော့ မီးမရှို့ပါဘူးခင်ဗျ။ အဲဒီဘက်မှာ နယ်မြေရှင်းနေတာတော့ရှိတယ်။ ဘယ်သူရှို့ သွားတယ်ဆိုတာတော့ ကျွန်တော်တို့လည်းမသိဘူး။ ကျွန်တော်တို့တပ်တွေကတော့ ဘာမှမီးမရှို့ဘူး”
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့က တပ်မတော်ရေယာဉ်နှစ်စီး တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ကြောင့် ကျောက်ဖြူမြို့နယ် မဒေးကျွန်းကျေးရွာအုပ်စုမှာ ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း တပ်မတော်ရေယာဉ်အနီးကို မလာကြဖို့ ဒေသခံတွေကိုအသိပေးထားတယ်လို့သိရပါတယ်။
မဒေးကျွန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသာဇံအောင်က ရေတပ်ဗိုလ်ကြီးတစ်ဦးက စာနဲ့ အကြောင်းကြား လာတာကြောင့် အုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာ ၄ ရွာက ဒေသခံတွေကို ဆက်လက်အသိပေးထားတယ်လို့ ပြောပါတယ်။
ဇူလိုင်လ ၁၉ ရက်နေ့က မြေပုံမြို့နယ်နဲ့ အမ်းမြို့နယ်အစပ်မှာ တပ်မတော်က ရေယာဉ်တိုက်ခိုက်ခံရမှုကြောင့် ဇူလိုင်လ ၂၀ ရက်နေ့မှာ အင်အား ၇၀ ဝန်းကျင်လောက်ရှိတဲ့ တပ်မတော်စစ်ကြောင်းတစ်ခုဟာ ပေါက်တူးတောင်ကျေးရွာအနီးကို ရောက်ရှိလာတယ်လို့ဒေသခံတွေကပြောပါတယ်။
အဲဒီနေ့ညပိုင်းမှာ တပ်မတော်စစ်ကြောင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိလို့ ပေါက်တူးတောင် ကျေးရွာက လူပေါင်း ၁၅၀၀ လောက်ဟာ ကမ်းထောင်းကြီးမြို့ကို ထွက်ပြေးရောက်ရှိလာကြပါတယ်။
တပ်မတော်စစ်ကြောင်းကို ကြောက်လို့ထွက်ပြေးကြတာဖြစ်တယ်လို့ ပေါက်တူးတောင်ကျေးရွာက အမည်မဖော် လိုတဲ့ ရွာသားတစ်ဦးက RFA ကိုပြောပါတယ်။
“ဇူလိုင် ၂၀ ရက်နေ့ည ၉ နာရီဝန်းကျင်လောက်မှာ သူတို့ လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေနဲ့ ဘယ်ကိုပစ်မှန်းမသိ ရမ်းသမ်းပြီးတော့ ပစ်ဖောက်တော့ အဲဒီမှာရွာသားတွေက ပိုကြောက်လန့်ပြီးတော့ ထွက်ပြေးလာကြတာခင်ဗျ။ ကျွန်တော်တို့ ဒီမှာ ရခိုင်ပြည်မြောက်ပိုင်း မြို့နယ်တွေမှာ ရွာကိုဝင်ပြီးတော့ ရွာသားတွေကို ဖမ်းလားဆီးလား ရိုက်လားနှက်လားလုပ်တာတွေရှိလို့ အဲလိုသာဓကတွေကို ကြည့်ပြီးတော့ ကျွန်တော်တို့ဒေသကလူတွေကိုလည်း အဲလိုလုပ်မှာစိုးလို့ စိုးရိမ်ကြောင့်ကြပြီး ထွက်ပြေးကြတာခင်ဗျ”
သူ့အမည်ကိုထုတ်ဖော်ပြောရင် အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကိုခံရနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကြောင့် သူ့အမည်ကို ထုတ်ဖော်မပြောဖို့ သူကပြောပါတယ်။
မြေပုံမြို့နယ် ပေါက်တူးတောင်၊ စက်ခွေ၊ ကျေးတော၊ တပ်ရာ စတဲ့ကျေးရွာတွေအပြင် အမ်းမြို့နယ် မဲသံကြိုး၊ ဒုက္ကန် စတဲ့ကျေးရွာတွေကပါ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
ရွာသားတွေက ပိုကြောက်လန့်ပြီးတော့ ထွက်ပြေးလာကြတာ
ပေါက်တူးတောင်ကျေးရွာကို ရောက်ရှိနေတဲ့ဒေသခံတွေ ကိုတော့ ဘုန်းတော်ကြီးကျောင်းမှာ နေရာချထားပေး တယ်လို့ ဒုက္ခသည်တွေကိုကူညီပေးနေတဲ့ ကမ်းထောင်းကြီး ရက္ခဝံသ ဖောင်ဒေးရှင်းရဲ့ နာယက ဦးကျော်နိုင် ကပြောပါတယ်။
“လောလောဆယ်မှာတော့ ကမ်းထောင်းကြီးဘုန်းတော်ကြီးကျောင်းမှာပဲနေရာချထားတယ်။ ကျွန်တော်တို့ အဖွဲ့ကတော့ ဟိုကရှာဒီကရှာ ဒီလိုကျွေးနေရတယ်။ ကျွန်တော်တို့က မြို့အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး တို့ကိုတင်ပြပြီးပြီ။ ဘာမှလာပြီးတော့ အကူညီပေးတာမရှိသေးဘူး။ ကျွန်တော်တို့ကတော့ စားနပ်ရိက္ခာအကူ အညီကိုပဲ အဓိကလိုချင်ပါတယ်။ ဆေးဝါးရယ်၊ စားနပ်ရိက္ခာရယ်၊ ခြင်ထောင်ရယ် ဒါကိုပဲ အဓိကလိုချင်တယ်”
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA အဖွဲ့တို့အကြားတိုက်ပွဲတွေဟာ မြေပုံမြို့နယ်အထိ ကျယ်ပြန့် လာနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က စစ်တွေမြို့မှာ တပ်မတော်ရေယာဉ်တစ်စီးကို AA အဖွဲ့က ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့သလို ပြီးခဲ့တဲ့ရက်ပိုင်းက မြေပုံမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ တပ်မတော်ရေယာဉ်တွေကို တိုက်ခိုက်မှု နောက်ထပ်နှစ်ကြိမ်ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ အခုလက်ရှိအချိန်အထိ စစ်ဘေးသင့်ဒုက္ခသည်ဟာ ငါးသောင်းကျော်နေပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးက ပြောပါတယ်။