ရဟန်းတစ်ပါးနဲ့ အမျိုးသား နှစ်ဦးကို တပ်မတော်က ထိန်းသိမ်းထားဆဲ
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အိုးထိန်းကျေးရွာက ကျောင်းထိုင်ဆရာတော် အပါအဝင် အမျိုးသားနှစ်ဦးကို တပ်မတော်က ထိန်းသိမ်းထားတာ နှစ်လနီးပါး ကြာလာတဲ့အထိ သက်ဆိုင်ရာမိသားစုဝင်တွေကို တရားဝင်အသိပေးတာမရှိတဲ့အတွက် စိုးရိမ်နေကြပါတယ်။
-
မင်းသိန်းအောင်
2019-11-16 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မြောက်ပိုင်း အိုးထိန်းကျေးရွာက ကျောင်းထိုင်ဆရာတော် ဦးကဝိဓဇ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝေစိုးထွန်းနဲ့ ဒေသခံ ဦးမြင့်မောင်တို့ကို တပ်မတော်က စက်တင်ဘာလ ၂၀ ရက်နေ့ ကတည်းက ဖမ်းဆီးထားတာ ဒီနေ့အထိဆိုရင် အချိန် နှစ်လနီးပါး ကြာမြင့်နေပြီဖြစ်ပါတယ်။
ဖမ်းဆီးထိန်းသိမ်းထားတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ တပ်မတော်က သက်ဆိုင်ရာမိသားစုကို ဒီနေ့အချိန် အထိ တရားဝင်အသိပေးတာမရှိသလို ဘယ်သူနဲ့မှလည်း တွေ့ခွင့်မပေးဘူးလို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ဆရာတော် ဦးကဝိဓဇ ရဲ့ ညီမဖြစ်သူ ဒေါ်မဆန်းနွယ်က တပ်မတော်က စစ်ကြောရေးလုပ်စဉ် ပျံလွန်သွားပြီလား၊ အသက်ရှင်လျက်ရှိနေသေးသလားဆိုတာကို နေ့စဉ်တွေးပူနေရတယ်လို့ ပြောပါတယ်။
ရှေ့ကအဖမ်းခံရပြီး သေသွားတာတွေရှိတော့ ကျွန်မတို့အစ်ကိုလည်း သေသွားပြီလား၊ ကျွန်မတို့ တော်တော်စိတ်ပူနေကြတယ်
“သူတို့ကိုတွေ့ချင်တယ်၊ မြင်ချင်တယ်၊ အမြန်ဆုံး တွေ့ခွင့်ပေးစေချင်တယ်။ အမြန်ဆုံးလွှတ်ပေးစေချင်တယ်။ ကျွန်မတို့က ဘယ်လောက်ထိ သောကဖြစ်နေကြရလဲဆိုတာ သူတို့သိမှာမဟုတ်ဘူး။ ကျွန်မတို့အစ်ကိုကိုဖမ်းတာ အခုဆိုရင် ရက်ပေါင်း ၆၀ ပြည့်တော့မယ်။ အခုထိ ကျွန်မတို့ကို တွေ့ခွင့်လည်းမပေးဘူး။ ပြောခွင့်လည်းမရဘူး။ ဘယ်မှာရှိမှန်းလည်းမသိဘူး။ ရှေ့ကအဖမ်းခံရပြီး သေသွားတာတွေရှိတော့ ကျွန်မတို့အစ်ကိုလည်း သေသွားပြီလား၊ ကျွန်မတို့ တော်တော်စိတ်ပူနေကြတယ်။ တစ်နေ့ တစ်နေ့မှာ သတင်းအစအနတစ်ခုခု ကြားရမလားဆိုတာကိုပဲ မျှော်နေကြရတယ်”
အိုးထိန်းကျေးရွာ ဆရာတော်ဟာ ဦးဝေစိုးထွန်း၊ ဦးမြင့်မောင်တို့နဲ့အတူ မြောက်ဦးမြို့နယ်က ကျောက်ကျပ် ကျေးရွာဆရာတော်ကို ဆွမ်းစားပင့်ဖို့ကားနဲ့သွားရာ ကျောက်တော်-မြောက်ဦး အဝေးပြေးလမ်းမပေါ်က လင်းမြွေ တောင် အရောက်မှာ ထိန်းသိမ်းခံရတာလို့ရွာသားတွေက ပြောပါတယ်။
မြောက်ဦးမြို့ခံ ဆရာတော်တွေက ဖမ်းဆီးခံရသူတွေနဲ့ တွေ့ဆုံခွင့်ရဖို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)တို့ကို စက်တင်ဘာလကုန်ပိုင်းမှာ စာရေးသားပို့ပေးခဲ့ပေမယ့် ရေရာတဲ့တုံ့ပြန် ချက်ကို မရခဲ့ကြပါဘူး။
အလားတူ အောက်တိုဘာလကုန်ကလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန့်နဲ့တွေ့ဆုံပြီး ဆရာတော်တွေက တောင်း ဆိုခဲ့ရာမှာ အသက်ရှင်လျက်ရှိနေသေးတယ်လို့ ပြန်လည်လျှောက်ထားခဲ့ပေမယ့် တွေ့ဆုံခွင့်မပေးခဲ့ပါဘူး။
အိုးထိန်းရွာဆရာတော်အပါအဝင် ဖမ်းဆီးခံရသူတွေကို တွေ့ဆုံခွင့်ရရေး ကြိုးပမ်းနေတဲ့ မြောက်ဦးမြို့က မြို့ဦးခေါင်းဆရာတော် အရှင်ဝဏ္ဏသာရက တပ်မတော်စစ်ကြောရေးမှာ ခြေလွန်လက်လွန်ဖြစ်မှာကို အဓိကစိုးရိမ်တာလို့ မိန့်ပါတယ်။
“မိသားစုနဲ့ ဆရာသမားတွေနဲ့ပါ တွေ့ဆုံနိုင်ဖို့ ဦးဇင်းတို့ကကြိုးစားနေတယ်။ ဒါပေမဲ့ အခုအချိန်ထိတော့ တွေ့ဆုံခွင့်လည်း မရသေးပါဘူး။ ဆရာတော်တို့ဘက်ကတော့ စိုးရိမ်တာတော့အမှန်ပဲ။ သူတို့ကျန်းမာရေး အန္တရာယ်ရယ်၊ စစ်ကြောရေးလုပ်တဲ့အခါမှာ ခြေလွန်လက်လွန်ဖြစ်မှာရယ် အဲဒါမျိုးတွေကို စိုးရိမ်တာပါ။ အခုသူတို့ကို ဖမ်းဆီးထိန်းသိမ်းထားတာလည်း နှစ်လပြည့်တော့မယ်ဆိုတော့ ဆရာသမားတွေ၊ မိသားစုတွေနဲ့ ဒါကာ ဒါကာမတွေနဲ့ အမြန်ဆုံးတွေ့ခွင့်ပေးပါ၊ တွေ့ခွင့်ပေးစေချင်လို့ ဦးဇင်းတို့ မိန့်ချင်တယ်”
အခုလို အချိန် နှစ်လနီးပါးကြာ ထိန်းသိမ်းထားတာ၊ သက်ဆိုင်ရာ မိသားစုဝင်တွေကို အကြောင်းမကြားတာ၊ တွေ့ဆုံခွင့်မပေးတာတွေနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကို RFA က ဆက်သွယ်မေးမြန်းရာမှာ သူ့အနေနဲ့ ဒီဖြစ်စဉ်အပေါ် မမှတ်မိတော့ဘူးလို့ပြောပါတယ်။
တပ်မတော်ရဲ့စစ်ဆေးရေးဆောင်ရွက်စဉ်မှာ ခြေလွန်လက်လွန်ဖြစ်သွားမှာကို စိုးရိမ်နေကြတာတွေနဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက တုံ့ပြန်တာက -
“အေအေကခေါ်ရင်သာ စိုးရိမ်ရမှာ။ တရားဝင်အဖွဲ့အစည်းသည် တရားဝင်လမ်းကြောင်းအတိုင်းပဲ လုပ်တယ်။ ဘာမှစိုးရိမ်စရာအကြောင်းမရှိပါဘူး။ အချိန်တန်ရင် ပြန်လွှတ်ပေးမှာပါနော်”
ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့က မြောက်ဦးမြို့နယ် လက္ကာကျေးရွာက လူ ၂၇ ဦးကို တပ်မတော်က ထိန်းသိမ်း စစ်ဆေးပြီးနောက် စစ်ကြောရေးကာလအတွင်းမှာပဲ အဲဒီအထဲက လူ သုံးဦးသေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို မိသားစုတွေ ကြည့်ရှုခွင့်မရခဲ့ပါဘူး။
လက္ကာကျေးရွာအပါအဝင် မင်းပြားမြို့နယ် ပန်းမြောင်း၊ ရသေ့တောင်မြို့နယ် ကျောက်တန်း၊ ကျောက်တော်မြို့ နယ် မင်းသားတောင်၊ မြောက်ဦးမြို့နယ် ဝေသာလီ စတဲ့ကျေးရွာတွေက လူတွေကို တပ်မတော်က စစ်ဆေးနေစဉ် သေဆုံးသူဟာ ၁၅ ဦးခန့်ရှိခဲ့ပါတယ်။
တပ်မတော်ကစစ်ဆေးစဉ် သေဆုံးတာတွေနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့မှာ ခုံရုံးဖွဲ့စုံစမ်းစစ်ဆေး သွားမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပေမယ့် နောက်ဆက်တွဲ အခြေအနေကို တပ်မတော်က ဒီနေ့အထိ ထုတ်ပြန်တာ မရှိသေးပါဘူး။