လက်နက်ကိုင်တွေ ကြီးစိုးတဲ့ဒေသတွေမှာ တရားဥပဒေစိုးမိုးရေး
ငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးဟာ ဒွန်တွဲနေတာမို့ စစ်မက်ဖြစ်ပွားနေတဲ့ နေရာတွေမှာ တရားဥပဒေစိုးမိုးရေးမရှိသလို ဖြစ်နေတတ်ပါတယ်။
-
2017-01-31 -
-
-
Your browser doesn’t support HTML5 audio
ငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးဟာ ဒွန်တွဲနေတာမို့ စစ်မက်ဖြစ်ပွားနေတဲ့ နေရာတွေမှာ တရားဥပဒေစိုးမိုးရေးမရှိသလို ဖြစ်နေတတ်ပါတယ်။ အဲဒီဒေသတွေက ဥပဒေဆိုတာလည်း လက်နက်ကိုင်ထားသူတွေ လက်ထဲကိုရောက်နေတတ်တာပါ။ လက်နက်ကိုင်တွေကြီးစိုးနေတဲ့ ဒေသတွေမှာ တရားဥပဒေစိုးမိုးဖို့အတွက် ငြိမ်းချမ်းရေးဟာ အဓိကဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဖားကန့်ဒေသက တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေးကိစ္စကို ဦးတင်အောင်ခိုင် ကဆွေးနွေးတင်ပြပါမယ်။
မြန်မာနိုင်ငံက ကမ္ဘာကျော် ကျောက်စိမ်းတွင်းများရှိရာ ဖားကန့်ဒေသမှာ ဥပဒေစိုးမိုးတယ်၊ လက်နက်ကိုင်တွေ မရှိတော့ဘူးလို့ အာဏာပိုင်တွေဘက်က ပြောနေပေမဲ့ ဒေသတွင်းနေထိုင်သူတွေ သွားသတိလာသတိ နဲ့ နေထိုင်နေကြရပါတယ်။ ကျောက်စိမ်းတွေထွက်နေလို့ ကြွယ်ဝတဲ့ ဒေသဖြစ်သလို အားကြီးသူ အနိုင်ယူစတမ်းပြောစမှတ်ဖြစ်တဲ့ နေရာလည်းဖြစ်နေပါတယ်။ ကျောက်စိမ်းကုမ္ပဏီအငယ်လေးတွေကို အကြီးတွေက ဝါးမျိုနေသလို ဥပဒေဆိုတာလည်း လက်နက်ကိုင်ထားသူရဲ့ သေနတ်ပြောင်းဝမှာ ရှိနေတာလို့ ဆိုပါတယ်။
ဖားကန့်မှာ ပြောစရာဖြစ်သွားစေတာကတော့ ဇန်နဝါရီလအတွင်းမှာ ၂ရက်အတွင်း လူသတ်မူ သုံးမူဖြစ်ခဲ့တာပါ။ အဲ့ဒီအထဲက နှစ်မူဟာ လူကို ခေါ်သွားပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ အမူတွေပါ။ ပထမဆုံးအသတ်ခံရသူဟာ ဇန်နဝါရီလ ၁၇ရက် နေ့ကဖြစ်ပြီး ၁၈ရက်နေ့မှာ နမ္မဖြစ်က အလယ်တန်းပြဆရာ ဦးအောင်ဇင်ထွန်း အသတ်ခံရတာပါတယ်။ လုံးခင်း ရပ်ကျေးတာဝန်ခံ ဦးလောခံပြောပြတာက
“ ၁၇ရက်နေ့ည ကျနော်တို့ ဆန်ခါက ရှမ်းနီတယောက်ပေါ့ ကိုတိုးဆိုတဲ့ သူတယောက်ကို ညနေ ၄နာရီ ၄၅မိနစ်မှာ တခါ၊ နောက်နေ့မနက် ၈နာရီ၄၅မိနစ်မှာ ကျောင်းဆရာအသတ်ခံရတယ်၊ လွန်ခဲ့တဲ့ ဇန်နဝါရိလ ၁၀ရက်နေ့ ကချင်ပြည်နယ်နေ့မှာ ကျောင်းသားတွေက ခွင့်မတိုင်ဘဲနဲ့ သူ့ ကျောင်းသားပေါ့ဗျာ၊ ၈တန်းကျောင်းသားပေါ့ဗျာခွင့်မတိုင်ဘဲနဲ့ သွားဆုတောင်းတာပေါ့ ကချင်ပြည်နယ်နေ့၊ ပြန်လာတော့ ကျောင်းဆရာက ဆုတောင်းရင် စာမေးပွဲအောင်မှာ မဟုတ်ဘူးခင်ဗျားတို့ စာကြိုးစားမှ အောင်မှာဆိုပြီး တယောက်ကို နှစ်ချက်စီရိုက်လိုက်တာမိဘတွေ မကျေနပ်လို့ တိုင်ကြတောကြပြီး ဒီလိုဖြစ်သွားတာဘဲ “
နောက်အသတ်ခံရသူ တဦးကတော့ ၁၈ရက်နေ့မှာဖြစ်ပြီး လူငယ်တွေဝိုင်းရိုက်လို့ သေဆုံးခဲ့တာလို့ဆိုပါတယ်။
“ သူကတော့ ပါးစပ်က ကြမ်းလို့၊ သူ့ အိမ်ရှေ့မှာ ဆိုင်ကယ်လာရပ်ရင် ဆိုင်ကယ်တွေကို ထုရိုက်တာတွေလုပ်တယ် အဲဒါမကျေနပ်တဲ့ ကလေးတွေက လာရိုက်သတ်သွားတယ်အဲ့ဒါဘဲ ရိုက်တဲ့ သူတော့ မသိဘူး “
ဦးလောခံပြောပြတာပါ။ အလားတူဖားကန့်မှာ မနှစ်က ရပ်ကွက်လူကြီး အမျိုးသမီးတဦးဖြစ်တဲ့ ဒေါ်န္ဒာလှိုင်ကို အိမ်ပေါ်တက်ပြီး သေနတ်နဲ့ ပစ်သတ်တဲ့ အမူဖြစ်ခဲ့ပါတယ်ဒီအမူကတော့ အမျိုးသမီးရပ်ကွက်လူကြီး အသတ်ခံရတာကြောင့် ဟိုးလေးတကျော်ဖြစ်ခဲ့ပြီး အဲဒီသတင်းပတ် အတွင်းမှာ လူသုံးယောက်လောက် အသတ်ခံရတာတော့ လူမသိသူမသိ ဖြစ်ခဲ့ရပါတယ်။ ဒီဖြစ်ပျက်မူတွေနဲ့ ပတ်သက်ပြီး ကျောက်ကုန်သည် တဦးပြောပြတာက
“ ကျနော်လည်း စီးပွားရေးသမားတယောက်ဘဲ လုပ်ကိုင်စားသောက်နေတာ ဒီမှာ တယောက်နဲ့ တယောက်မခံမရပ်နိုင်တဲ့ စကား ဘာသာရေးစကား၊ လူမျိုးရေးစကား စိတ်နာလောက်အောင် မလုပ်မိဘူးဆိုရင် အကိုကြီးရယ် ကျနော်တို့လည်းနေနေတာဘဲ ဒီလိုမျိုးလက်နက်ကိုင်အဖွဲ့ကလည်း များတယ်လေ တချို့သာမန်အရပ်သားတွေတောင် သေနတ်ဝယ်ကိုင်နေတာဘဲ ကုမ္ပဏီ သူဌေးတွေ သေနတ်ဆိုတာက ပိုက်ဆံပေးရတာဘဲ၊ သေနတ်မဟုတ်ဘူး…ဒုတ်ဓါးလက်နက်ရှိနေတဲ့ သူတောင် စိတ်ကြွလာရင် ရိုက်သေးတာခုတ်သေးတာ သေနတ်ရှိတဲ့သူကတော့ စီးပွားရေး မပြေမလည်ဖြစ်ကြတာ တယောက်နဲ့ တယောက်ကျေနပ်မူမရှိတာတွေ ကျူးလွန်မိရင် တယောက်နဲ့ တယောက်က ဖြစ်မှာဘဲ “
ဒေသခံ ကျောက်ကုန်သည်တဦးပြောပြတာပါ။ ဖါကန့်မှာ နေထိုင်သူ တရားရုံးချုပ် ရှေ့နေ ဦးဇော်မိုး ပြောတာကတော့
“ ကျနော်မြင်တာကတော့ လက်နက်တွေ ရှိတာထက် တရားဥပဒေစိုးမိုးရေးကြောင့်လို့ဘဲမြင်တယ်ဗျ၊ နံပတ်တစ် တရားဥပဒေစိုးမိုးရေးပေါ့၊ဗျာ၊ တရားဥပဒေစိုးမိုးရေးမရှိလို့ပေါ့ နံပတ်နှစ်ကတော့ ငြိမ်းချမ်းရေးပေါ့ဗျာ “
ဦးဇော်မိုးပြောပြတာပါ။ ဖားကန့်မြို့နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးတင်စိုးကတော့ ငြိမ်းချမ်းမူမရှိတာကြောင့် တရားဥပဒေစိုးမိုးမူလည်း မရှိဖြစ်နေတာလို့ ပြောပါတယ်။
“ နယ်မြေအခြေအနေအရ ကျနော်တို့ဒီမှာတော့ သိတဲ့ အတိုင်းဘဲလေ တိုက်ပွဲတွေကလည်း ခုတလော ရက်ပိုင်းလေးမှာလည်းဖြစ်တယ်လေ၊ ပြီးတော့ ဒီမှာကလည်းဘဲ လက်နက်ကိုင်အဖွဲ့အစည်းတွေရှိ တဲ့ ဒေသဆိုတော့ မကြာခဏဆိုသလို ဒီလိုကိစ္စလေးတွေ ဖြစ်နေတာကိုလည်း ဘယ်အဖွဲ့အစည်းကမှ သူတို့က လုပ်တယ်လို့ တာဝန်ယူပြောတာလည်းမရှိတဲ့ အခါကြတော့ ကျနော်တို့လည်း ပြောရဆိုရခက် တာပေါ့ဗျာနော့၊ ပြီးတော့ ဒီမှာကလည်း အားလုံးသိကြတဲ့အတိုင်းဘဲပြောမှားဆိုမှား အမှားယွင်းမခံတဲ့ ကိစ္စ ဖြစ်နေတာပေါ့ဗျာ တကယ်တန်းပြောမယ်ဆိုရင်တော့ ဒီဖားကန့်မှာရှိကြတဲ့ သူတွေရဲ့ အသက် အိုးအိမ်စည်းစိမ်ကလုံခြုံမူကမရှိဘူးဗျ အဓိက တရားဥပဒေစိုးမိုးမူမရှိဘူး လက်နက်ကိုင်အဖွဲ့တွေကြား မှာဆိုတော့လည်း ဒေသခံလူတွေက တော်တော်လေးကို စိုးရိမ်ထိတ်လန့်မူတွေရှိတယ်ဗျ၊ အမှန်တရားကိုလည်း ဘယ်သူမှတော်ယုံတန်ယုံမပြောရဲကြတော့ဘူး ဖြစ်နေတယ် “
အမျိုးသားလွှတ်တော်ကိုယ်စလှယ် ဦးတင်စိုးပြောပြတာပါ။ အခုလိုသတ်ဖြတ်မူတွေမှာ အဓိကက တရားခံကို ဖော်ထုတ်နိုင်ခြင်း မရှိတာလည်း နောက်ပြဿနာတခုဖြစ်ပါတယ်။ ဘယ်အဖွဲ့အစည်းကမှ ထုတ်ဖော်ပြောဆိုခြင်းမရှိတာကြောင့် ဒီလူသတ်မူတွေမှာ ဘယ်အဖွဲ့က ဘာကြောင့်လုပ်တယ်ဆိုတဲ့ ကောလဟလ သတင်းတွေသာ ပျံလွင့်နေပြီး လူမူရေးစာမျက်နှာတွေမှာတော့ ဆန့်ကျင်ဘက်အဖွဲ့တွေကြား အပြန်အလှန်စွပ်စွဲမူတွေ ဖြစ်ပေါ်နေပါတယ်။
ဒီအခြေအနေတွေကြောင့် လူမျိုးပေါင်းစုံနေထိုင်တဲ့ ဒေသမှာ ရှမ်းနီတယောက် ရှမ်းတယောက် အသတ်ခံရရင် ကချင်အဖွဲ့ကလုပ်တာလို့ စွပ်စွဲပြောဆိုမူတွေရှိသလို ကချင်အသတ်ခံရရင်တော့ အစိုးရစစ်တပ်နဲ့ ရှမ်းနီတွေကို စွပ်စွဲကြပြန်ပါတယ်။ ဒီအခြေအနေတွေအရ တမြေထဲနေ တရေတည်းသောက်သူတွေကြား သံသယတွေဖြစ် မယုံကြည်မူတွေဖြစ်နဲ့ တဖြည်းဖြည်း တစိမ်းတွေလိုဖြစ်လာကြပါတယ်။
ဒီပြဿနာတွေရဲ့ တခုတည်းသော အဖြေကတော့ ငြိမ်းချမ်းရေးကို အရယူဖို့ပါ။ ငြိမ်းချမ်းရေးကို လိုချင်ပါတယ်လို့ ဆန့်ကျင်ဘက်အဖွဲ့တွေကြားမှာလည်း အာဘောင်အာရင်သန်သန်ပြောနေကြပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာကတော့ သေနတ်သံ၊ ဗုံးသံအမြောက်သံတွေကြားနေကြဆဲပါ။
ဒီဇာတ်လမ်းကိုဖြင့် သေနတ်တွေ ကိုင်ထားသူတွေက စပြီးဖြတ်မှဖြစ်တော့မှာပါ။ ပြီးတော့ အားလုံးဝိုင်းဝန်းကြဖို့ ပါ။ အားလုံးပူးပေါင်းပါဝင်မှ အောင်မြင်မှာပါ။ အရေးကြီးဆုံးက တဦးချင်းတယောက်ချင်းကစလို့ အဖွဲ့လိုက်အုပ်စုလိုက် ကိုယ်တိုင် ငြိမ်းချမ်းရေးကိုလိုချင်တဲ့ စိတ်ကိုလည်းမွေးရ အုန်းမှာဖြစ်ပါတယ်။ ဒါမှ မြန်မာပြည်တနှံတလျား ငြိမ်းချမ်းရေးတေးကို ပြိုင်တူ သီဆိုနိုင်ကြမှာမဟုတ်ပါလား။