အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မနဲ့ ထောင်ချခံရတာပိုများလာ

RFA Burmese
2023.09.29
အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မနဲ့ ထောင်ချခံရတာပိုများလာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ရွှေပြည်အေးကျေးရွာသား ၁၈ ဦးအား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလအတွင်း စစ်ကောင်စီမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မနှင့် ဖမ်းဆီးခဲ့စဉ်။
Citizen Journalist

စစ်တပ်အာဏာသိမ်းထားတာ သုံးနှစ်မြောက်ထဲ ရောက်လာတဲ့အချိန်မှာ ဒီနှစ်ထဲမှာတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မနဲ့ တရားစွဲထောင်ချတာတွေပိုများလာတာကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စက်တင်ဘာ ၂၆ ရက်နေ့ထိ စာရင်းအရ လေ့လာတွေ့ရှိရပါတယ်။

စစ်ကောင်စီဟာ သူ့အုပ်ချုပ်မှုကိုနည်းမျိုးစုံနဲ့ ဆန့်ကျင်တဲ့သူတွေရော၊ ဆန့်ကျင်တဲ့ သူတွေရဲ့ မိသားစုဝင်တွေကိုပါ ဖမ်းဆီးထားတာ တစ်နိုင်ငံလုံးမှာ လူပေါင်းနှစ်သောင်းနီးပါး (၁၉၂၇၂ ဦး) ရှိပါတယ်။ အဲဒီအထဲက လူခုနစ်ထောင်ကျော် (၇၃၇၄ ဦး) ကို အမိန့်ချထား ပြီးပြီဖြစ်ပါတယ်။

"သူတို့ရဲ့ ပါးစပ်ထဲရှိတဲ့အတိုင်းပဲ ချနေမှာပဲလေ"

ထောင်ချထားပြီးသား လူတွေကိုပြန်ကြည့်တဲ့အခါ တစ်ဝက်ကျော်ဖြစ်တဲ့ သုံးထောင့် ခုနစ်ရာကျော် (၃၇၁၇ ဦး) ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေထဲမှာပါတဲ့ ပုဒ်မတွေနဲ့ တရားစွဲထောင်ချထားတာ တွေ့ရပါတယ်။ ၂၀၂၁ ခုနှစ်မှာ ၁၃၅ ယောက်၊ ၂၀၂၂ ခုနှစ်မှာ ၉၄၈ ယောက်နဲ့ အခု ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၆ ရက်အထိ ကိုးလအတွင်းမှာတော့ ၁၀၀၇ ယောက်ဖြစ်ပြီး၊ ကျန်တဲ့ ၁၆၂၇ ယောက် ကတော့ ဘယ်နေ့ဘယ်ရက်က အမိန့်ချခဲ့တယ်ဆိုတာ အတိအကျ ဖော်ပြထားတာ မရှိသေးပါဘူး။

စစ်ကောင်စီက ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းကစလို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို တွင်တွင်ကျယ်ကျယ် သုံးလာတာတွေ့ရတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ တစ်ယောက်က ပြောပါတယ်။

“ကျွန်တော်တို့ကတော့ စပြီးတော့ အဲဒါကို စပြီးတော့ သတိထားမိတာက ၂၀၂၁ ခုနှစ် ဇွန်လ ၃၀ ရက်ပေါ့၊ အဲဒီမှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်တယ်။ နောက်ပိုင်းမှာ ကျတော့ သူက မူဝါဒပြောင်းလဲသွားပုံရတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မတွေပေါ့ များသောအားဖြင့် ၅၂ (က) တို့၊ ၅၀ (ည) တို့၊ ၅၄ တို့ ၄၉ (က) တို့နဲ့ စွဲလာတာပေါ့နော်။ နောက်တစ်ခါ ဒီနှစ်ပိုင်းမှာ ပိုပြီးပြောင်းလဲလာတာက ဘာဖြစ်လဲ ဆိုတော့ ရှေ့ဖြစ်ရပ်ကနေပြီးတော့မှ ပြစ်ဒဏ်တွေချမှတ်ပြီးသား အကျဉ်းသားတွေကို လည်းပဲ ထပ်ပြီးတော့ အကြမ်းဖက်မှုပုဒ်မတွေနဲ့ ထပ်စွဲလာတာကို ကျွန်တော်တို့ တွေ့ရတယ်ပေါ့နော်”

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်နေ့ကပဲ ထောင်ဒဏ် ၁၉ နှစ်ချခံထားရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ပဲခူးတိုင်း ပြည်မြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉ (က) နဲ့ နောက်ထပ် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်လိုက်လို့ သူ့အတွက် စုစုပေါင်း ထောင်ဒဏ် ၃၉ နှစ်အထိဖြစ်သွားပါတယ်။ ဒါကြောင့် ဦးကျော်ဇေယျဟာ မတရားတဲ့ပုဒ်မတွေနဲ့ ဖမ်းဆီးထောင်ချခံရတာလို့ သူ့ရဲ့ဇနီး ဒေါ်နီလာက ပြောပါတယ်။

“အခုချိန်မှာ ထောင်ထဲမှာရှိနေတဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူတွေအကုန်လုံးက ရှင်းရှင်းပြောရရင် မှန်ကန်တဲ့ တရားမျှတမှုအတွက် လုပ်နေတဲ့လူတွေပဲလေ။ သူတို့ကတော့ သူတို့ရဲ့ ပါးစပ်ထဲရှိတဲ့ အတိုင်းပဲ ချနေမှာပဲလေ။ မတရားဘူးဆိုတာ သိပေမယ့်လည်း လောလောဆယ်တော့ လက်ပိုက်ကြည့်နေရတာပေါ့နော်။ ကိုယ်တွေက ဘာမှတတ်နိုင်တဲ့ အနေအထားမှ မရှိသေးတာ”

အကြမ်းဖက်ပုဒ်မတွေနဲ့ ထောင်ချခံထားရသူတွေထဲမှာ အသက် ၁၄ နှစ်အရွယ် ကလေးနှစ်ယောက် ပါနေတာတွေ့ရပါတယ်။

တစ်ယောက်ကတော့ ရန်ကုန်တိုင်း မြောက်ဒဂုံက မောင်အာကာအောင်ဖြစ်ပြီး ၂၀၂၁ ခုနှစ် သြဂုတ်လကတည်းက အဖမ်းခံရတာပါ။ သူ့ကို အကြမ်းဖက်ဥပဒေနဲ့ အဲဒီနှစ် ဒီဇင်ဘာလမှာ ထောင် ၁၀ နှစ်ချပြီး သာယာဝတီထောင်မှာ ပို့ထားပါတယ်။

နောက်တစ်ယောက်ကတော့ မန္တလေးတိုင်း မတ္တရာမြို့က မောင်ဖြိုးရန်နိုင်ဖြစ်ပြီး ၂၀၂၂ မှာ အဖမ်းခံရတာပါ။ သူ့ကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေနဲ့ ထောင် ၃ နှစ်ချပြီး မန္တလေးအကျဉ်းထောင်မှာ ပို့ထားပါတယ်။ သူတို့နှစ်ယောက်ကို ဘယ်လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ထောင်ချထားလဲ၊ ထောင်ထဲမှာ ဘယ်လိုနေရလဲဆိုတဲ့ အချက်အလက်တွေ သိရဖို့ မိသားစုကို မေးမြန်းဖို့ကြိုးစားပေမယ့် လတ်တလောမှာ ဆက်သွယ်လို့မရသေးပါဘူး။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ထောင်ချခံရတဲ့သူတွေထဲမှာ အများစုက လူငယ်တွေ ဖြစ်နေတာကို တွေ့ရပေမယ့် အသက် ၇၈ နှစ်အရွယ် သက်ကြီးပိုင်းလည်း ထောင်ချခံထား ရတာ တွေ့ရပါတယ်။

သူကတော့ မန္တလေးတိုင်း ပြင်ဦးလွင်မြို့က ဦးရွှေထူး (ခ) ဦးအောင်ဇေယျဖြစ်ပါတယ်။ သူ့ကို ၂၀၂၂ ဧပြီလမှာဖမ်းပြီး ဒီဇင်ဘာလမှာ အကြမ်းဖက်ဥပဒေပုဒ်မတွေနဲ့ ထောင် ၁၇ နှစ်ချထားတာပါ။ လက်ရှိ မန္တလေးအကျဉ်းထောင်မှာလို့ သိရပါတယ်။ သူ့ကို ဘယ်လုပ်ရပ်ကြောင့် ထောင်ချတာလဲဆိုတဲ့ အသေးစိပ်အခြေအနေကို သိရအောင် မိသားစုကို ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

ဒီလိုအသက်မပြည့်သေးတဲ့ ကလေးတွေရော၊ သက်ကြီးရွယ်အိုကိုပါ အကြမ်းဖက် ပုဒ်မတွေနဲ့ တရားစွဲထောင်ချနေတာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကို သိနိုင်ဖို့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော်ကတော့ အခုလို လူ့အခွင့်အရေး ချိုးဖောက်တာ ကြီးမားတဲ့အပြစ်ဖြစ်တယ်လို့ ပြောပါတယ်။

“စစ်တပ်က တရားဥပဒေမရှိဘဲနဲ့ မတရားဖမ်းဆီးချုပ်နှောင်တယ်။ သူတို့အနေနဲ့ အန္တရာယ်အရှိဆုံးလို့ ထင်တဲ့လူတွေကို အကြမ်းဖက်မှုဥပဒေဆိုတာနဲ့ ထောင်နှစ်ရှည်ရှည် ချလို့ရအောင်နဲ့ တချို့ဆို တစ်သက်တစ်ကျွန်းတို့ သေဒဏ်ပေးတဲ့အထိ လုပ်ခဲ့တယ် ပေါ့နော်။ တရားဥပဒေစိုးမိုးတဲ့အချိန် တစ်ချိန်မှာတော့ မျှတတဲ့ တရားစီရင်ရေးရဲ့ အောက်မှာ တရားဥပဒေအတိုင်း အပြစ်ရှိတဲ့သူတွေ အပြစ်ခံရမယ်ဆိုတာ ပြောကြားချင်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတာဟာ အင်မတန်မှ ကြီးမားတဲ့အပြစ်ပါ”

အကြမ်းဖက်ပုဒ်မတွေနဲ့ ထောင်ချခံထားရသူတွေထဲမှာ သေဒဏ်ချမှတ်ခံထားရသူ ၃၅ ဦး၊ တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသူ ၂၂၁ ဦး၊ သေဒဏ်နဲ့ တစ်သက်တစ်ကျွန်း တွဲချခံထားရသူ ၁၅ ဦးနဲ့ နှစ်ပေါင်း ၂၀၀ ကျော် ထောင်ဒဏ်တွေ ချမှတ်ခံထားရသူ နှစ်ဦး ပါဝင်ပါတယ်။ ကျန်သူတွေကတော့ ထောင်သုံးနှစ်ကနေ ၉၅ နှစ်အထိ အသီးသီး ချမှတ်ခံထားရတာလည်း တွေ့ရပါတယ်။

ဒီလို လူ့သက်တမ်းထက်ကျော်လွန်တဲ့ ပြစ်ဒဏ်တွေချနေတာကတော့ ပြစ်မှုနဲ့ ပြစ်ဒဏ် ညီမျှမှုမရှိဘူးလို့ ရန်ကုန်မြို့က အမည်မဖော်လိုတဲ့ ဥပဒေပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။

“လူတစ်ယောက်က သူ့ရဲ့ လူ့သက်တမ်းပေါ့။ မြန်မာနိုင်ငံရဲ့ လူ့သက်တမ်း ပျှမ်းမျှ ၇၅ နှစ်ပဲရှိတယ်ထားပါ။ အခု ဒီပြစ်ဒဏ်ကျတဲ့ ကလေးတွေကိုကြည့်ရင် များသောအားဖြင့် ၂၀ နဲ့ ၃၀ ကြားက ကလေးတွေများတယ်။ အဲဒီတော့ ဒီလူသက်တမ်းထက် ကျော်လွန် ပြီးတော့ အဲဒီလို အပြစ်ကြီးတွေ ချမှတ်လိုက်ခြင်းသည် ဥပဒေရှုထောင့်ကကြည့်ရင်တော့ ဒါဟာဘယ်လိုမှမျှတမှု မရှိဘူး။ သက်ဆိုင်ရာ ပြစ်ဒဏ်ခံတဲ့သူက သူ့ပြစ်မှုနဲ့ ပြစ်ဒဏ်နဲ့တော့ ညီမျှမှုမရှိဘူးလို့ ကျွန်တော်တို့ ဥပဒေပညာရှင်တွေကတော့ ဒီအတိုင်းပဲ မြင်ပါတယ်”

AAPP ရဲ့ စာရင်းတွေအရ အကြမ်းဖက်ပုဒ်မနဲ့ ထောင်ချခံထားရသူတွေထဲမှာ အမျိုးသား ၃၁၆၄ ဦး၊ အမျိုးသမီး ၅၅၀ ဦးနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူ LGBT သုံးဦး ပါဝင်ပါတယ်။

ဒီအထဲမှာ တက်ကြွလှုပ်ရှားသူတွေ၊ လွှတ်တော် အမတ်တွေ၊ နိုင်ငံရေး ပါတီဝင်တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ပညာရေး၊ ကျန်းမာရေး၊ မီဒီယာသမား စတဲ့ကဏ္ဍပေါင်းစုံက လူ ၅၅၀ ဦးပါဝင်ပြီး သာမန်အရပ်သားကတော့ ၃၁၆၇ ဦး ပါဝင်ပါတယ်။

ပဲခူးတိုင်း၊ ပြည်မြို့နယ် (NLD) တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျအား တွေ့ရစဉ်။ (ဓာတ်ပုံ - ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေး - ဖေ့စ်ဘွတ်ခ်)
ပဲခူးတိုင်း၊ ပြည်မြို့နယ် (NLD) တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျအား တွေ့ရစဉ်။ (ဓာတ်ပုံ - ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေး - ဖေ့စ်ဘွတ်ခ်)

ဒီလို နိုင်ငံရေးလှုပ်ရှားသူတွေကို အကြမ်းဖက်သမားသဖွယ် သတ်မှတ်ပြီး ဖမ်းဆီးချုပ်နှောင် ထောင်ချနေတာတွေကို ရပ်တန်းက ရပ်ဖို့လိုနေပြီလို့ အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Fortify Rights ရဲ့ လူ့အခွင့်အရေးကျွမ်းကျင်သူ ဦးဇော်ဝင်းက ပြောပါတယ်။

“နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းဆီးပြီးတော့ ထောင်ချနေတဲ့ဟာပေါ့နော်။ ဒါကသူတို့ ဘယ်လိုဆိုလိုတာလဲဆိုရင် ဒါကနိုင်ငံရေးလှုပ်ရှားသူတွေ မဟုတ်ဘူးပေါ့။ ဒါက အကြမ်းဖက်သမားပေါ့နော်၊ အဲဒီလိုမျိုး သူတို့စိတ်ထဲမှာ ကောက်ချက်ချနေတာပေါ့။ အကြမ်းဖက်ဥပဒေပုဒ်မတွေ တပ်ပြီးတော့မှ ထောင်ချနေတဲ့ဟာပေါ့နော်၊ ဒါကဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ဒါကို စောနိုင်သမျှ စောပြီးတော့ စစ်တပ်က ဒါကို ရပ်တန်းက ရပ်တန့်ရမယ်လို့ ပြောချင်တယ်”

ဒီကိစ္စတွေအတွက် အာဆီယံနဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာကလည်း စစ်ကောင်စီအပေါ် ထိထိရောက်ရောက် ဖိအားပေးဖို့ လိုနေပြီလို့ သူက ဆိုပါတယ်။

စက်တင်ဘာလ ၂၆ ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၄ ကြိမ်မြောက် အစည်းအဝေးမှာတော့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေတွေ ပိုဆိုးလာတာကြောင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ကို လွှဲပြောင်းကိုင်တွယ်ဖို့ တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။