ဒီမိုကရေစီစနစ်ကို လိုလားနေတဲ့ မြန်မာပြည်သူတွေကြားမှာ စစ်အစိုးရအဆက်ဆက်နဲ့ ပတ်သက်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ နှစ်ပေါင်းအတော်ကြာ ကတည်းက စိတ်ပျက်နေရာကနေ ၂၀၂၃ မေလက တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာခရီးစဉ်အပြီး တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ သိသိသာသာပြန်ပေါ်လာခဲ့ပါတယ်။
တရုတ်စီမံကိန်းကြီးတွေရှိတဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေရှိခဲ့သလို တရုတ်စီမံကိန်းတွေနားမှာ တိုက်ခိုက်ခံရတာတွေလည်းရှိခဲ့ပါတယ်။
"တရုတ်ရဲ့သဘောထားနဲ့ စီမံကိန်းတွေကို ကန့်ကွက်ဆန့်ကျင်မှုတွေ စတင်ပြီးတော့ ပေါ်ပေါက်လာခဲ့ပါတယ်"
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က တရုတ်ဝမ်ပေါင်နဲ့ စစ်တပ်ချုပ်ကိုင်ထားတဲ့ဦးပိုင်ရဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရဲ့ ရဲကင်းကို မေလ ၃၁ ရက်နေ့မှာ PDF တွေ တိုက်ခဲ့ပြီး၊ ညောင်ပင်ကြီး ရဲစခန်းကို ဇွန်လ ၉ ရက်နေ့မှာ တိုက်ခိုက်ခဲ့ကြပါတယ်။
တရုတ်ဟာ စစ်ကောင်စီကို ကူညီနေတဲ့အတွက် တိုက်ခိုက်တာလို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ယင်းမာပင်ခရိုင် တပ်ရင်း (၂၈) ဓားမဆိုင်းတပ်မတော်ရဲ့ခေါင်းဆောင် ဗိုလ်ထွဋ်ခေါင်က ပြောပါတယ်။
“စစ်ကောင်စီကို ကူညီပေးနေမှတော့ ကျွန်တော်တို့နဲ့ ရန်သူပဲဖြစ်နေပြီလေ။ ဝမ်ပေါင်ကြေးနီစီမံကိန်းကလည်း ကျွန်တော်တို့ ရန်သူပေါ့။ ကျွန်တော်တို့ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းကတော့ စကစနဲ့ ဆက်နွယ်နေတယ်ပေါ့။ စစ်ကြောင်းလာရင် အဝင်အထွက်တွေလုပ်တယ်။ ရဲတွေ တော်တော်များများက ဝမ်ပေါင်ဝင်းထဲမှာပဲ။ ဂိတ်တွေနဲ့ရှိတယ်”
ကြေးနီစီမံကိန်းဧရိယာထဲမှာ စစ်ကောင်စီတပ်သားတွေအပြင် ရဲတပ်ရင်းတစ်ရင်းနဲ့ လက်နက်ကြီးတွေလည်း အထိုင်ချထားပြီး အနားကရွာတွေကို စစ်ကြောင်းထိုးတတ်တာ ရှိတယ်လို့ သူက ပြောပါတယ်။ ဒါကြောင့် မေလ ၂၅ ရက်နေ့ကလည်း ကြေးနီစီမံကိန်းရဲ့ အနောက်ဘက်ကဂိတ်ကို PDF တွေက တိုက်ခဲ့တယ်လို့ ဗိုလ်ထွဋ်ခေါင်က ပြောပါတယ်။
တရုတ်နိုင်ငံဟာ စစ်ကောင်စီကို အလေးပေးဆက်ဆံနေပေမယ့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံခေါင်းဆောင်တွေ ပြန်လွှတ်ပေးဖို့၊ NLD ပါတီကို မဖျက်သိမ်းဘဲ အသိအမှတ်ပြုဖို့တို့အပြင် လက်ရှိတော်လှန်ရေးမှာ ပါဝင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ထောက်ပံ့ပေးထားတာတွေကြောင့် ကိုယ်ဘက်က ရပ်တည်လာအောင် ကြိုးစားသင့်တယ်လို့ ဉာဏ်လင်းသစ်သုတေသန အဖွဲ့ရဲ့ တာဝန်ခံ ကိုမိုးထက်နေက သုံးသပ်ပါတယ်။
“ကိုယ်နဲ့အတူတူ ရပ်တည်လာအောင် နိုင်ငံရေးအရ၊ သံတမန်ရေးအရ၊ နိုင်ငံခြားရေးအရ တည်ဆောက်ရမယ့်ဟာမျိုးတွေ ဖြစ်ပါတယ်လို့။ NUG လို၊ NUCC လို၊ CRPH လို ဒီလို အဖွဲ့အစည်းတွေက ပိုပြီးရှင်းလင်းတဲ့ နိုင်ငံခြားဆက်ဆံရေး မူဝါဒတွေ၊ တရုတ်နိုင်ငံပေါ် သဘောထားတွေကို ထုတ်ပြန်ဖို့လိုတယ်လို့ ကျွန်တော်တော့ မြင်ပါတယ်ခင်ဗျာ။ တရုတ်ဘက်ကလည်း လူထုရဲ့တောင်းဆိုချက်တွေ သဘောထားတွေကို ဆန့်ကျင်တာ မျိုး မလုပ်ဘဲနဲ့ ပိုပြီးနားလည်အောင်ကြိုးစားဖို့၊ ပိုပြီးရပ်တည်ဖို့ ကြိုးစားရလိမ့်မယ်လို့ ကျွန်တော်တော့ ဒီလိုပဲ သုံးသပ်ပါတယ်ဗျ”
နောက်ထပ်တိုက်ခိုက်ခံရတာကတော့ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ မေလ ၇ ရက် နေ့ကပါ။ အဲဒီမှာရှိတဲ့ တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်စက်ရုံက အစောင့်စစ်သားတွေ ကို PDF တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ငါးဦးသေဆုံးခဲ့တယ်လို့ ဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
တစ်ခါ ကျောက်ပန်းတောင်းမြို့နယ်က တရုတ်ဓာတ်ငွေ့ပိုက်လိုင်းကို စောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို မေလ ၂၁ ရက်နေ့က တိုက်ခဲ့ကြသလို၊ တောင်သာမြို့နယ်က ပိုက်လိုင်းစောင့် တပ်သားတွေကို မေလ ၂၂ ရက်နေ့မှာ PDF တွေက တိုက်ခိုက်ခဲ့ကြပါတယ်။
ဒီလိုတိုက်တာတွေကို အကာအကွယ်မပေးနိုင်ရင် တရုတ်ဘက်က စိတ်ပျက်လာနိုင် တယ်လို့ စစ်တပ်အရာရှိဟောင်းတွေနဲ့ဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျုဟာ လေ့လာရေးအဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက RFA ကို ပြောပါတယ်။
“ကိုယ့်နိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွားတွေကို ကျွန်တော်တို့ဘက်က အကာအကွယ်ပေးတာနည်းရင်တော့ တရုတ်အနေနဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့အပိုင်းမှာ စိတ်ပျက်မှုတွေ ဖြစ်နိုင်တာပေါ့”

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇော်ကတော့ တော်လှန်ရေးအောင်မြင်မှ ပြည်ပရင်းနှီးမြှုပ်နှံသူတွေအတွက် အကျိုးရလဒ်ရှိလိမ့်မယ်လို့ ပြောပါတယ်။
“တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပါအဝင် နိုင်ငံခြားကနေ တရားဝင်ရင်းနှီးမြှုပ်နှံသူတွေ အတွက် ပြည်သူ့တော်လှန်ရေး အောင်မြင်မှသာလျှင် Win-Win ပေါ့လေ။ တရားဝင် နိုင်ငံခြားစီးပွားရေး ရင်းနှီးမြှုပ်နှံသူတွေ မြန်မာပြည်သူတွေအတွက် အားလုံးအဆင်ပြေ အောင်မြင်မယ့်လမ်းကြောင်းကို ဖော်ဆောင်ပေးနိုင်မှာဖြစ်တယ်။ အကြမ်းဖက် စစ်ကောင်စီက အကြမ်းဖက်မှုလုပ်ခြင်းအားဖြင့် မတည်မငြိမ်မှုကို သူတို့ ဖော်ဆောင်နေ တယ်။ ဒါကြောင့် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ဟာကို မလုပ်ဖို့အတွက် ကျွန်တော်တို့အစိုးရက တိုက်တွန်းတောင်းဆိုတယ်”
NLD အစိုးရလက်ထက်မှာ စာချုပ်ချုပ်ထားတဲ့ တရုတ်နိုင်ငံ အပါအဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို NUG အနေနဲ့ ဆက်ပြီးတရားဝင် အသိအမှတ်ပြုထားတယ်လို့ ဦးကျော်ဇော်က ပြောပါတယ်။ ဒါကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ NUG နဲ့ လက်တွဲလုပ်ကိုင်နိုင်တယ်လို့ သူက ပြောပါတယ်။
ဒီလိုအခြေအနေမှာ တရုတ်အနေနဲ့ ကြားနေအဖြစ်ရပ်တည်ဖို့လိုတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
“ဗမာပြည်သူတစ်ရပ်လုံးကလည်း အခုတရုတ်ရဲ့သဘောထားနဲ့ စီမံကိန်းတွေကို ကန့်ကွက်ဆန့်ကျင်မှုတွေ စတင်ပြီးတော့ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါဟာအစပဲ ရှိပါသေးတယ်။ နောက်ပိုင်းမှာ တစ်ပြည်လုံးနဲ့ နိုင်ငံတကာကပါ တရုတ်အစိုးရရဲ့ မြန်မာပြည်ရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုနဲ့ ပတ်သက်ပြီးတော့ ဝိုင်းဝန်းကန့်ကွက်မှုတွေ အဆက်မပြတ် ပေါ်ပေါက်လာလိမ့်မယ်လို့ ကျွန်တော်တို့တော့ ယုံကြည်ပါတယ်။ ဒါကြောင့် ဒါကိုဖြေရှင်းချင်တယ်ဆိုရင် မူလအနေအထားအတိုင်း ကြားနေရပ်တည်သွားဖို့ လိုအပ်မယ်လို့ ကျွန်တော်တော့ ယူဆပါတယ်ခင်ဗျာ”
တရုတ်နိုင်ငံကတော့ သူတို့ရဲ့မူဝါဒဟာ မြန်မာပြည်သူတစ်ရပ်လုံး အကျိုးအတွက် ဖြစ်တယ်လို့ ပြောဆိုထားပေမယ့် လက်ရှိမှာတော့ စစ်ကောင်စီကို အလေးပေး ဆက်ဆံတာတွေကြောင့် တရုတ်ဆန့်ကျင်ရေး ကြွေးကြော်သံတွေဟာ ပိုတိုးလို့ လာနေပါတယ်။