ရသေ့တောင်ဒေသခံ စက်လှေသမားတစ်ဦး ကျည်ထိမှန်သေဆုံး
2019.03.26
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အမျက်တောင်ကျေးရွာမှာ စက်လှေပြေးဆွဲနေတဲ့ ဒေသခံတစ်ဦးကို အစိုးရတပ်မတော်က ပစ်ခတ်လို့ သေဆုံးသွားတယ်လို့ မိသားစုက ပြောပါတယ်။ တပ်မတော်ဘက်ကတော့ အကြောင်းမဲ့ပစ်ခတ်တာမဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင် က တင်ပြထားပါတယ်။
■ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မြောက်ပိုင်း အမျက်တောင်ကျေးရွာက အသက် ၃၃ နှစ်အရွယ် ဦးမောင်ချေဟာ မနေ့က မနက် ၁၁ နာရီကျော်အချိန်မှာ လူ ၂ ဦးကို ရေစိုးချောင်းကျေးရွာဘက်ကို ကူးတို့စက်လှေနဲ့ပို့ပြီးအပြန်မှာ အစိုးရတပ်မတော်ဘက်က ပစ်ခတ်မှုခံရတာလို့ မျက်မြင်တွေရဲ့ ပြောဆိုချက်ကိုကိုးကားပြီး ဒေသခံတွေနဲ့ မိသားစုဝင်တွေက RFA ကိုပြောပါတယ်။
မနေ့ကဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးဖြစ်တဲ့ ဦးထွန်းအေးမောင်က အခုလိုပြောပါတယ်။
"သူကတော့ ရေစိုးချောင်းကို ကူးတို့ပို့ဖို့သွားတာပေါ့။ ရေစိုးချောင်းနဲ့ အမျက်တောင်ဆိုတာ တစ်မိုင်လောက်ပဲရှိတယ်။ အဲဒီမှာ လူနှစ်ယောက်ကို ဟွန်ဒါစက်တပ်လှေနဲ့သွားပို့တာ။ ကုတို့သွားပို့တာ။ အဲဒီအချိန်မှာ တပ်ကပစ်တယ်လို့သိရတယ်။ သေနတ်မှန်တာကတော့ ညာလက်မောင်းအောက်က နှစ်ချက်တွေ့တယ်။ ရေစိုးချောင်းရဲ့တဘက်ကမ်းမှာပေါ့။ အဲဒီရွာနားက ကယ်ဆယ်ရေးစခန်းမှာရှိတဲ့လူတွေကတော့ တပ်ကပစ်တယ်လို့ပြောတယ်"
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ ကူးတို့စက်လှေနဲ့ပြန်လာတဲ့ ဦးမောင်ချေကို ရေစိုးချောင်းကျေးရွာဘက်ကမ်းမှာရှိနေတဲ့ တပ်မတော်သားတွေက မသင်္ကာလို့လှမ်းခေါ်ရာမှာ ပြန်လှည့်မလာဘူးလို့ ပြောပါတယ်။
အမျက်တောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်စံသိန်းက တပ်မတော်သားတွေလှမ်းခေါ်ချိန်မှာ စက်သံကြောင့် မကြားတာဖြစ်နိုင်တယ်လို့ ပြောပါတယ်။
"သူအပြန်မှာ စစ်တပ်ကလှမ်းခေါ်တယ်လို့ သတင်းရပါတယ်။ အဲဒီအချိန်မှာ သူကပြန်လာနေတုန်း လှေက ဟွန်ဒါစက်နဲ့မောင်းနေတာဆိုတော့ မကြားတာဖြစ်မယ်။ ကျွန်တော်တို့သိရတာက အဲဒီအချိန်မှာပဲ အပေါ်ကလှမ်းပစ်တယ်လို့သိရပါတယ်"
လက်နက်ကျည်ထိမှန်ပြီးသေဆုံးသွားတဲ့ ဦးမောင်ချေရဲ့ ရုပ်အလောင်းကို ကျေးရွာသားတွေက ဆယ်ယူခဲ့ကြ ပြီးနောက် ရသေ့တောင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက မနေ့က အဲဒီစက်လှေသမားကို လှမ်းခေါ်နေစဉ်မှာ တစ်ဖက်ကမ်းမှာရှိတဲ့ AA အဖွဲ့က ဓနိတောကနေ လှမ်းပစ်ခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်ခဲ့ရတယ်လို့ ပြောပါတယ်။
"အေအေသောင်းကျန်းသူတွေဟာ အရပ်ဝတ်တွေနဲ့လည်းနေတယ်။ အရပ်ဝတ်တောင်မှ များသောအားဖြင့် အားကစားဘောင်းဘီတွေဝတ်တယ်။ ရွာသားအသွင်နဲ့ဒီလိုနေတာ။ သေနတ်ကိုင်ထားရင် သူတို့က သူပုန်၊ သေနတ်မကိုင်ထားရင် ရွာသားလို့ပြောတယ်။ အခုဒဏ်ရာရရင် ရွာသားတွေချည်းပဲ။ အဲဒီရွာသားတွေက အကုန်လုံးက သူပုန်တွေချည်းပဲ။ သူပုန်ဆိုတာက ဒါကျွန်တော်တို့က ခပ်ပြင်းပြင်းပြောတာပါ။ အေအေနဲ့ ဆက်စပ်နေတဲ့လူတွေချည်းပဲ။ သောင်းကျန်းသူအမာခံတွေချည်းပဲ။ ကျွန်တော်တို့က ဒီလိုသေချာမစီစစ်ဘူးဆိုရင် ဘာဖြစ်မလဲ။ ကျွန်တော်တို့လူတွေက အငိုက်ဖမ်းပြီးတော့ အပစ်ခံရတယ်လေ။ ကျွန်တော်တို့မှာ ဒီလိုအငိုက်ဖမ်းပြီးတော့ အပစ်ခံရတဲ့အတွေ့အကြုံတွေကများနေပြီ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က လိုအပ်တဲ့စစ်ဆေးမှုတွေ၊ မေးမြန်းမှုတွေပြုလုပ်ဖို့အတွက်ခေါ်တယ်။ သူကမလာဘူး။ မလာဘဲနဲ့ ခုန်ဆင်းပြီးတော့ ပြေးတယ်လေ။ အခုပြောနေကြတာက တိုက်ပွဲဖြစ်တာကျတော့မပြောဘူး။ တပ်ကနေပစ်လိုက်လို့ ရွာသားတစ်ယောက်မှန်တယ်လို့ပဲပြောနေကြတာလေ။ အဲဒီလူက ရွာသားလို့ဘာနဲ့အတည်ပြုပေးမှာလဲ။ ဖြစ်စဉ်ကတော့ အဲဒီဟာပဲဗျ"
မနေ့ကဖြစ်စဉ်မှာ တပ်မတော်ဘက်က ထိခိုက်တာရှိသလားလို့ မေးမြန်းရာမှာတော့ မရှိဘူးလို့ဖြေဆိုပါတယ်။
ရက္ခိုင့်တပ်မတော်(AA)ရဲ့ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ မနေ့က တပ်မတော်ဖက်က ပြောကြားသလို အေအေ အဖွဲ့က ပစ်ခတ်တာ မရှိခဲ့ဘူးလို့ ပြောပါတယ်။
"ကူးတို့ပို့လို့ပြီးတဲ့အခါ သူ့ကိုနေပြီးတော့ ဗမာစစ်တပ်က အသားလွတ်ကြီး ပစ်သတ်ထားခဲ့တာ။ ဆိုတော့ သူတို့သပ်သပ်နေပြီးတော့ သူတို့ရဲ့စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် အခုလိုလုပ်ကြံပြီးတော့ပြောတာ။ အဲဒီနေရာမှာ ကျွန်တော်တို့နဲ့ပစ်ခတ်တာ လုံးဝမရှိခဲ့ဘူး"
ရက္ခိုင့်တပ်မတော်(AA)က ရွာသားတွေအသွင်နဲ့ တိုက်ခိုက်တယ်ဆိုတဲ့ စွပ်စွဲချက်ဟာလည်း မှန်ကန်မှုမရှိဘဲ အေအေ အဖွဲ့ဟာ ကိုယ်ပိုင်ဝတ်စုံတွေနဲ့သာ တိုက်ခိုက်တာဖြစ်တယ်လို့ ခိုင်သုခ ကပြောပါတယ်။
မနေ့က စက်လှေသမားကို တပ်ဘက် လှမ်းခေါ်ချိန်မှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားတယ် ဆိုတဲ့အချက်နဲ့ပတ်သက်ပြီး ဒေသခံတွေကို RFA က မေးမြန်းရာမှာ လက်နက်ကြီးနှစ်ချက်နဲ့ လက်နက်ငယ်တွေ အတွဲလိုက်ပစ်ခတ်သံကိုကြားရတယ်လို့ ပြောဆိုပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဟုတ်၊ မဟုတ်ကိုတော့ အတည်ပြုနိုင်ခြင်းမရှိဘူး လို့ ပြောကြပါတယ်။
သေဆုံးသွားတဲ့ စက်လှေသမားဟာ ဘယ်ဖက်က ပစ်ခတ်မှုကြောင် သေဆုံးတာလဲဆိုတာကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို RFA ကမေးမြန်းခဲ့ရာမှာ တိတိကျကျဖြေကြားခြင်းမရှိပါဘူး။
သေဆုံးသူ ဦးမောင်ချေရဲ့ယောက္ခမဖြစ်သူ ဦးသာထွန်းဦးက အခုလို ပြောပါတယ်။
"မတရားသဖြင့်သေဆုံးသွားရတာဖြစ်ပါတယ်။ သေသွားတဲ့လူကတော့သေပြီ။ ဒါပေမဲ့ ကျွန်တော်တို့မှာတော့ မကျေနပ်ချက်က ရှိနေမှာပါပဲ"
ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲကာလအတွင်း RFA ရဲ့ လေ့လာချက်အရ သေဆုံးသူအရပ်သား ၁၀ ဦးအထိရှိခဲ့ပြီးဖြစ်သလို လက်နက်ကျည်ပေါက်ကွဲပြီး သေဆုံးသူအရပ်သားကတော့ ၃ ဦးရှိနေပြီဖြစ်ပါတယ်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က အရပ်သားတွေရဲ့အခွင့်အရေးကို လေးစားလိုက်နာဖို့လိုတယ်လို့ ပြောပါတယ်။
"ပြည်သူတွေရဲ့လူ့အခွင့်အရေးတွေကို အလေးအနက်ထားဖို့လိုတယ်။ ပြည်သူတွေရဲ့လူ့အခွင့်အရေးကို ကာကွယ်ရမယ့်လူတွေက အဲဒါကိုမလေးစားဘူးဆိုရင် ဒီလိုဖြစ်ရပ်တွေက ဆက်ပြီးတော့ဖြစ်နေဦးမှာပဲ။ အစိုးရအနေနဲ့ ဒီကိစ္စတွေကို စုံစမ်းရေးအဖွဲ့ဖွဲ့ပြီးတော့ စစ်ဆေးသင့်တယ်။ ဒါမှအဖြေမှန်ထွက်မှာ"
မနေ့က အမျက်တောင်ကျေးရွာမှာ စက်လှေသမားသေဆုံးတဲ့ကိစ္စကို စေတီတောင်ရဲစခန်းမှာ မိသားစုက တိုင်ချက်ဖွင့်ထားပြီး မနက်ဖြန် ရသေ့တောင်မြို့မှာ သဂြိၤုဟ်မယ်လို့ မိသားစုကပြောပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မြောက်ဦးမြို့နယ်တွေမှာ မနေ့က နှစ်ဘက်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒီနေ့မှာလည်း ရသေ့တောင်မြို့နယ်မြောက်ပိုင်း ပဲသဒူကျေးရွာဘက်မှာလည်း တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ တစ်ပတ်အတွင်း နေရာအနှံ့မှာဖြစ်ပွားခဲ့တဲ့ နှစ်ဘက်တိုက်ပွဲတွေမှာ အစိုးရတပ်ဘက်ကကျဆုံးတာကိုမျက်မြင်စာရင်းပြုစုချက်တွေအရ ကျဆုံးသူ ၁၂၀ ကျော်ရှိတယ်လို့ ရက္ခိုင့်တပ်မတော်(AA)ရဲ့ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကပြောပါတယ်။ ဒီပြောဆိုချက်နဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက
"သူက အဲစကားကို ဘယ်ကနေကြည့်ပြောတာလည်း၊ သူလိုက်ပြီးတော့ ရေထားလို့လား ဒါပဲကျွန်တော်မေးချင်တယ်၊ ကျွန်တော်အဖြေက အဲဒါပဲလေ၊ ခိုင်သုခ လိုက်ရေထားလား၊ တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်လိုက်ရေထားလား ဒါကို ပြန်မေးမယ်၊ အဲဒါကျွန်တော်ရဲ့ အဖြေပဲ"
ရက္ခိုင့်တပ်မတော်(AA)ဘက်ကလည်း ထိခိုက်ကျဆုံးတာရှိပေမယ့် အစိုးရတပ်ဘက်ကကျဆုံးတဲ့ စာရင်းနဲ့ အများကြီးကွာတယ်လို့ပြောဆိုပြီး အရေအတွက်အသေးစိတ်ကို ခိုင်သုခက ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။
ဒီနှစ်ဖက်တိုက်ပွဲတွေအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု အရေအတွက်နဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ အရေအတွက်စာရင်းကို တပ်မတော်ဘက်မှာ စာရင်းပြုစုထားတာရှိပေမယ့် ငြိမ်းချမ်းရေးကို ရှေးရှုပြီး အမုန်းတရားတွေ မပွားစေချင်တာကြောင့် အခုချိန်မှာ ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိကြောင်း၊ လိုအပ်ရင် သင့်တော်တဲ့အချိန်မှာ ထုတ်ပြန်ပေးမယ်လို့ ဖြေကြားခဲ့ပါတယ်ခင်ဗျာ။