ရှမ်းမြောက်ဒေသ တိုက်ပွဲတွေအတွင်း ကလေး ခြောက်ဦး အပါအဝင် ၂၄ ဦး သေဆုံး

RFA Burmese
2023.11.06
ရှမ်းမြောက်ဒေသ တိုက်ပွဲတွေအတွင်း ကလေး ခြောက်ဦး အပါအဝင် ၂၄ ဦး သေဆုံး လားရှိုးမြို့ မန်ဆူဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသည့် ဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးမြို့နယ် ရှင်ကျိုင်းရွာကို နိုဝင်ဘာ ၄ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် သုံးဦး အပါဝင် အရပ်သား ငါးဦး သေဆုံးခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရန်နိုင် က RFA ကို ပြောကြားလိုက်ပါတယ်။

"ထပ်တိုးလာတဲ့သူတွေအတွက်ကတော့ ဘုန်းဘုန်းတို့ နေရာအဆင်သင့် လုပ်ထားပေးတယ်”

သိန္နီမြို့နယ်မှာလည်း အရပ်သားတစ်ဦး သေဆုံးခဲ့တာမို့ နိုဝင်ဘာ ၄ ရက် တစ်ရက်တည်း မှာတင် အရပ်သား ခြောက်ဦး သေဆုံးခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။

“မနေ့က မုံးကိုးမှာ စုစုပေါင်း ငါးယောက်၊ လူကြီးက နှစ်ယောက် ကလေးက သုံးယောက် သေတယ်။ ကလေးက တော်တော်ငယ်ပါသေးတယ်၊ အငယ်ဆုံးက ငါးနှစ်၊ ခြောက်နှစ် လောက်ပဲ ရှိဦးမယ်ထင်တယ်။ သိန္နီဘက်က တစ်ယောက်သေတယ်။ မနေ့က တစ်ရက်မှာ စုစုပေါင်း ခြောက်ယောက် သေဆုံးခဲ့ပါတယ်။ စစ်ကောင်စီက စစ်ရှုံးပြီဆိုရင် စစ်မဲ မဲတတ်တယ်၊ မဲလာပြီဆိုရင် သူက အရပ်သားတွေကို တိုက်ခိုက်တတ်တယ်။ မနေ့ကလည်း သူတို့ရဲ့စခန်းတွေကျလို့ ရွာတွေကို (လက်နက်ကြီးနဲ့) လိုက်ထုနေတာပါ”

ဒီစစ်ဆင်ရေး စတင်ချိန်ကစလို့ RFA က နေ့စဉ်သီးခြားပြုစုထားတဲ့ စာရင်းအရ တိုက်ပွဲစဖြစ်တဲ့ အောက်တိုဘာ ၂၇ ရက်ကနေ နိုဝင်ဘာ ၄ ရက်နေ့အထိ ရှမ်းမြောက်ဒေသ နောင်ချို၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ ကွမ်းလုံ၊ မူဆယ်၊ မုံးကိုးနဲ့ နမ့်ခမ်းမြို့နယ်တို့မှာ ကလေးငယ် ခြောက်ဦး အပါအဝင် စုစုပေါင်း အရပ်သား ၂၄ ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ရှစ်ဦးနဲ့ ကျား၊ မ အတည်မပြုနိုင် သေးသူ ခြောက်ဦး ပါဝင်ပါတယ်။ ဒဏ်ရာရသူကတော့ အယောက် ၃၀ ကျော်နေပါပြီ။

ဒီစာရင်းဟာ တိုက်ပွဲဖြစ်ရာ မြို့နယ်၊ ကျေးရွာတွေက ဒေသခံတွေနဲ့ လူမှုကူညီရေး အသင်းတွေထံကနေ ကောက်ယူထားတဲ့ စာရင်းဖြစ်ပြီး လက်တွေ့မှာ သေဆုံး၊ ထိခိုက် ဦးရေဟာ ဒီ့ထက် ပိုများနိုင်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်းက အရပ်သား သေဆုံးထိခိုက်မှုတွေကို စာရင်းပြုစုနေတဲ့ တအာင်းအမျိုးသမီးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လွေး ကတော့ မြောက်ပိုင်းသုံးဖွဲ့ရဲ့ စစ်ဆင်ရေးကာလအတွင်း အရပ်သား ၂၅ ဦးနီးပါး သေဆုံးခဲ့ပြီး လက်ရှိ တိုက်ပွဲအခြေအနေ အရ သေဆုံးထိခိုက်အရေအတွက် ထပ်တိုးလာနိုင်တယ်လို့ ပြောပါတယ်။

“ကျွန်မတို့ ကောက်တဲ့အထဲမှာ ကလေးတွေပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ဟာတွေ ဆိုရင်တော့ ယောကျ်ားလေးတွေ ပိုပြီးမှ များတယ်ပေါ့နော်။ အဆိုးဆုံးကတော့ ကွမ်းလုံဘက်ဖြစ်တဲ့ တံတားဦးဘက်မှာဆိုရင်တော့ လူ ၁၉ ဦး ဒဏ်ရာရသွားတဲ့ အခြေအနေပေါ့နော်။ ပြီးရင် တစ်ယောက်က သေဆုံးသွားတဲ့ အခြေအနေပေါ့။ အားလုံးကို ပြန်ကြည့်မယ်ဆိုရင်တော့ ကျွန်မတို့က တစ်ရက်ပြီးတစ်ရက် ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားပြည်သူတွေရဲ့ ဦးရေက ပိုပြီးမှ တိုးလာတယ်။ တိုက်ပွဲကဖြစ်ရင် ဖြစ်လာသလို ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားပြည်သူတွေရဲ့ အရေအတွက်က ပိုပြီးတော့ တိုးလာဖို့ပဲရှိတယ်ပေါ့နော်”

လမ်းပန်းဆက်သွယ်ရေးတွေ ဖြတ်တောက်ခံထားရတဲ့အတွက် ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားတွေ အရေးပေါ် ဆေးကုသမှုရရှိရေးဟာ အတော်ခက်ခဲနေတယ်လို့လည်း သူက ပြောပါတယ်။

နိုဝင်ဘာလ ၆ ရက် ဒီနေ့အထိ ရရှိထားတဲ့စာရင်းတွေအရ ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ရှမ်းမြောက်ဒေသ လားရှိုး၊ သိန္နီ၊ နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မုံးကိုး၊ ကွမ်းလုံ၊ လောက်ကိုင်၊ နမ့်တစ်၊ နောင်ချိုမြို့နယ်ကနေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသူ စုစုပေါင်း ရှစ်သောင်းနီးပါး ရှိနေပြီလို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကိုးကန့်ဒေသဦးစီးအဖွဲ့ကတော့ လောက်ကိုင်နယ်စပ်မှာ ဒုက္ခသည် တစ်သောင်းခွဲခန့်ကို နေရာချပေးထားတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

လက်ရှိ ဒုက္ခသည်အများဆုံး လက်ခံထားတဲ့ “ဝ” ဒေသ နမ့်တစ်မှာတော့ ရောက်လာတဲ့ ဒုက္ခသည်တွေကို ကျိုင်းတုံကနေတစ်ဆင့် နေရပ်ပြန်နိုင်အောင် ကူညီပေးနေပြီး တရုတ်နိုင်ငံထဲ ရောက်နေတဲ့ ဒုက္ခသည်တွေကိုတော့ “ဝ” ဒေသမှာ ပြန်လက်ခံပေးနေ တယ်လို့ လားရှိုးအခြေစိုက် “ဝ” ဆက်ဆံရေးရုံးတာဝန်ခံ ကိုညီရမ်း က ပြောပါတယ်။

“နှစ်သောင်းကျော် ရောက်လာတာ မှန်ပါတယ်။ တစ်ရက် တစ်ရက်ကိုလည်း ငါးရာ၊ တစ်ထောင် အဲလိုမျိုးလည်း ကျိုင်းတုံ၊ တန့်ယန်းဘက်ကို ခွဲပြီးမှ ပို့ပေးတာလည်း ရှိတယ်ပေါ့နော်။ ကားအဆင်ပြေရင် ပြေသလိုမျိုး၊ ရရင်ရသလို ပို့ပေးတယ်။ အတတ်နိုင်ဆုံး သူတို့ နေထိုင်စားသောက်ရေးအတွက် ကျွန်တော်တို့ ကူညီစောင့်ရှောက် ပေးတာတွေလည်း ရှိတယ်နော်။ ပြီးတော့ တရုတ်ပြည်မှာရှိနေတဲ့ စစ်ရှောင် လေး၊ ငါးထောင်ဝန်းကျင်ကိုလည်း မနေ့ကစပြီးမှ ကျွန်တော်တို့ “ဝ” ပြည်နယ်အတွင်းကို ပြန်ဝင်လာနေပြီနော်။ တစ်ရက်ကို လေး၊ ငါးရာ တစ်ထောင် အဲလို ပုံစံမျိုးနဲ့ ဝင်လာနေတယ်”

လားရှိုးမြို့ပေါ်မှာတော့ မန်ဆူဘုန်းတော်ကြီးကျောင်းမှာတင် ဒုက္ခသည် သုံးထောင်ကျော် ရှိနေပြီး လူ ရှစ်ထောင်အထိ လက်ခံနိုင်အောင် ပြင်ဆင်ထားတယ်လို့ သီရိမင်္ဂလာ မန်ဆူကျောင်းတိုက် ဆရာတော် ဦးပုညနန္ဒ က မိန့်ပါတယ်။

“အရေအတွက်က ပထမ ငါးရာ၊ နောက်ပြီးတော့ ရှစ်ရာ၊ တစ်ထောင်၊ နှစ်ထောင်။ အခုတော့ သုံးထောင်ကျော်သွားပါပြီ။ တဖြည်းဖြည်းနဲ့ များများလာတာပဲ တွေ့ရတယ်။ အခုကတော့ နည်းနည်း ကြိုကြားကြိုကြားလေး တိုက်ပွဲတွေ ဖြစ်နေသေးတော့ လူတွေက မပြန်ရဲကြသေးတော့ ဒီနှစ်ရက်၊ သုံးရက်ကတော့ ဒီလိုပဲ ဆက်ဖြစ်နေဦးမယ်လို့ ဘုန်းဘုန်း ထင်တာပဲနော်။ ထပ်တိုးလာတဲ့သူတွေအတွက်ကတော့ ဘုန်းဘုန်းတို့ နေရာအဆင်သင့် လုပ်ထားပေးတယ်”

မန်ဆူ ရှမ်းကျောင်းအပြင် လားရှိုးမြို့ပေါ်က တခြား ခရစ်ယာန်ဘာသာရေး အဆောက်အအုံတွေမှာလည်း စစ်ဘေးဒုက္ခသည် လက်ခံရေးစင်တာတွေ ဖွင့်လှစ်ထားပါတယ်။

နိုဝင်ဘာလ ၅ ရက် မနေ့ကအထိ ရှမ်းမြောက်ဒေသ သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ ဟိုပန်၊ လောက်ကိုင် စတဲ့မြို့နယ်တွေမှာ လမ်းပန်းဆက်သွယ်ရေးအပြင် ဖုန်းနဲ့ အင်တာနက် လိုင်းတွေပါ ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သိန္နီမြို့နယ်မှာဆိုရင် နေအိမ်အချို့ ကျည်ထိမှန်ပြီး အရပ်သား သေဆုံး ထိခိုက်တာတွေရှိပေမယ့် ဆက်သွယ်ရေး ပြတ်တောက်နေလို့ သတင်းအတိအကျရဖို့နဲ့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

အလားတူ ဟိုပန်နဲ့ ကွမ်းလုံမြို့က အရပ်သားတွေလည်း တိုက်ပွဲကြား မြို့တွင်းမှာပဲ ပိတ်မိနေပြီး အခက်အခဲတွေ ဖြစ်နေတယ်လို့ ဟိုပန်မြို့ကနေ လားရှိုးကို စစ်ရှောင်လာတဲ့ မစမ်းက ပြောပါတယ်။

“ဖောင်ဆိပ်တံတား ကျိုးသွားတဲ့အခါကျတော့ ဟိုပန်ဘက်မှာရှိတဲ့လူတွေက အကုန်ပိတ်မိနေတာလေ။ ဖုန်းလိုင်းတွေကလည်း ဖြတ်ထားတယ်။ လားရှိုးက နေပြီးတော့မှ ဟိုပန် လေးမျက်နှာဘုရားပွဲဈေး သွားရောင်းတဲ့လူတွေ အကုန်လုံး ပိတ်မိနေကြတာ။ ဖုန်းလိုင်းကလည်း မရ၊ အဆက်အသွယ်ကလည်း မရ၊ ငွေကြေးကလည်း အဆင်မပြေတဲ့အခါကျတော့ ကားခတွေကလည်း ဈေးကြီးတော့ ပြန်မလာနိုင်ကြဘူး။ အလုပ်အကိုင်တွေကလည်း မရှိတော့ စားဝတ်နေရေးကအစ ခက်ခဲနေကြတယ်။ ကွမ်းလုံဘက်ကဆိုရင် လက်နက်ကြီးကျလို့ အဘွားကြီး တစ်ယောက်နဲ့ အိမ်ဖော်တစ်ယောက် သေသွားတာတွေလည်းရှိတယ်”

ကွမ်းလုံမှာ စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေတာကြောင့် မြို့ခံအချို့ “ဝ” တပ်ဖွဲ့ ထိန်းချုပ်ရာ နမ့်တစ်မြို့ထဲကို ရွှေ့ပြောင်းဖို့ ကြိုးစားနေကြတယ်လို့လည်း မစမ်းက ပြောပါတယ်။

လားရှိုးမြို့ မန်ဆူဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသည့် ဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
လားရှိုးမြို့ မန်ဆူဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသည့် ဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ရှမ်းပြည်မြောက်ပိုင်းက နောင်ချို၊ မုံးကိုး၊ နမ့်ခမ်း၊ သိန္နီ၊ လားရှိုး၊ ကွမ်းလုံ စတဲ့မြို့တွေမှာ နိုဝင်ဘာ ၆ ရက် ဒီနေ့ ညနေပိုင်းအထိ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းသုံးဖွဲ့ကြား တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲပါ။

ရှမ်းမြောက်ဒေသ စစ်ရေးအခြေအနေနဲ့ ဒုက္ခသည်တွေ ကူညီအရေးအခြေအနေ သိနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ရှမ်းမြောက်ဒေသက လက်ရှိတိုက်ပွဲတွေဟာ ကိုးကန့်မျိုးနွယ်စု အချင်းချင်းကြား အခြေခံတဲ့ တိုက်ပွဲတွေ ဖြစ်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲတွေအတွင်း ရှမ်းမြောက်ဒေသက မြို့နယ်သုံးခုကို လက်လွှတ်ခဲ့ရတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်တွင်း မီဒိယာတချို့ကို ပြီးခဲ့တဲ့ သီတင်းပတ်က ဝန်ခံပြောဆိုထားပါတယ်။

ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင် က ပြောပါတယ်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ အနေနဲ့ စစ်ဆင်ရေးစတဲ့ အောက်တိုဘာ ၂၇ ရက်ကနေ နိုဝင်ဘာ ၆ ရက် ဒီနေ့အထိ ရှမ်းမြောက်ဒေသက ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ် (ပန်ဆိုင်း) နဲ့ သိန္နီမြို့တွေကို သိမ်းပိုက်နိုင်ရုံမက စစ်ကောင်စီတပ်ရဲ့ စခန်းပေါင်း ၁၀၀ ကျော်ကိုလည်း သိမ်းပိုက်နိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။