လေကြောင်းရန်ကြောင့် ရွာ ၁၀ ရွာက ဒေသခံ ငါးထောင်နီးပါး ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက ညောင်ပင်ကြီးရွာရဲစခန်းကို PDF ပူးပေါင်း တပ်ဖွဲ့တွေ ဇွန်လ ၉ ရက် မနေ့ညနေက တိုက်ခိုက်ခဲ့တဲ့နောက် စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပြန်တိုက်ခိုက်ခဲ့တာကြောင့် ရွာ ၁၀ ခန့်က ဒေသခံ ငါးထောင်နီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဆားလင်းကြီးဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှုအပြင် မြေပြင်အင်အား ၁၅၀ လောက်နဲ့ပါ ညောင်ပင်ကြီးရွာအနီး စစ်ကြောင်းထိုးဖို့ပြင်နေတာကြောင့် ညောင်ပင်ကြီး၊ ထန်းတော၊ ရုံးပင်ရိုး၊ သာယာကုန်း၊ အေးကုန်းစတဲ့ ရွာ ၁၀ ရွာနီးပါးက ဒေသခံတွေ ထွက်ပြေးနေကြ ရတာပါ။

ညောင်ပင်ကြီးရဲစခန်းတိုက်ခိုက်ခံရပြီး မကြာခင် Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ရွာကိုလာပစ်ခဲ့တာကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတာလို့ ညောင်ပင်ကြီးရွာခံတစ်ဦးက RFA ကိုပြောပါတယ်။

"လေကြောင်းနဲ့လာပစ်တာ ကျွန်တော်တို့ခေါင်းတွေပေါ်မှာ ဝဲလို့။ လေယာဉ်က စိုက်ပြီးတော့ကိုပစ်တာ။ ခေါင်းပေါ်တည့်တည့်ကလည်း ပစ်တယ်။ ကံကောင်းလို့ ဘာမှမဖြစ်တာ။ တော်တော်ကြီးကိုဆိုးတယ်။ မီးပတ်ရှို့တာက မုံရွာအုန်းပင်ဆိပ် ကနေပြီးတော့ ကူးလာတယ်။ အင်အားတော့ တော်တော်များတယ်။ သူတို့ကပ်နေကျ ဆိပ်ကမ်းရှိတယ်။ အဲဆိပ်ကမ်းကနေ တက်တက်ချင်း ဝါးထောင်ရပ်ကွက်ကို မီးရှို့တယ်။ မီးရှို့ပြီးတော့ အခုဒီနေ့လည်း ကမ်းကူးလာပြီး ဝါးထောင်ရဲ့ မြောက်ဘက်ကိုရှို့နေတာ တော်တော်များနေပြီ"

မနေ့ကတည်းက နေအိမ်အချို့မီးလောင်ပျက်စီးခဲ့ပြီး ဇွန်လ ၁၀ ရက် ဒီမနက်မှာလည်း စစ်ကောင်စီတပ်သားတွေ ညောင်ပင်ကြီးရဲစခန်းနားကနေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"လေယာဉ်က စိုက်ပြီးတော့ကိုပစ်တာ။ ခေါင်းပေါ်တည့်တည့်ကလည်း ပစ်တယ်။ ကံကောင်းလို့ ဘာမှမဖြစ်တာ"

စစ်ကောင်စီတပ်သားတွေ ညောင်ပင်ကြီးရွာထဲမှာ တပ်စွဲထားတာကြောင့် မီးလောင် ပျက်စီးမှုအခြေအနေ တိတိကျကျကို မသိရသေးပါဘူး။

ညောင်ပင်ကြီးရွာနဲ့တစ်ဆက်တည်း ထန်းတောရွာက ထွက်ပြေးခဲ့ရသူတစ်ဦးကလည်း မိုးထဲရေထဲပြေးလွှားနေရပြီး စားသောက်နေထိုင်ရေး အခက်ကြုံနေရတယ်လို့ RFA ကိုပြောပါတယ်။

"ဘယ်လိုပြောရမလဲ လုံခြုံမှုမရှိတာဗျ။ စစ်ကြောင်းက ဘယ်အချိန်ထွက်လာမလဲ၊ ဝမ်ပေါင် (တရုတ်ကြေးနီစီမံကိန်း) ထဲက ဘယ်အချိန်ထွက်လာမလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့ နေနေရတာဆိုတော့ နေရာထိုင်ခင်းဘာညာကအစ အဆင်မပြေဘဲဖြစ်နေတာ။ စားရေးသောက်ရေးက အဓိကပေါ့နော်။ ချက်လို့ပြုတ်လို့ မရသေးတာ။ ချက်လို့ပြုတ်လို့ မရသေးတာဆိုတာက ချက်ပြုတ်နေတဲ့အချိန်တိုအတွင်းမှာ စစ်ကြောင်း ရောက်လာမှာ ကို စိုးရတာ။ မိုးကလည်း မနေ့ကလည်းရွာတယ်။ ဒီနေ့လည်း မိုးကအုံ့နေလို့ မိုးထဲရေထဲကို ပြေးလွှားနေရတာ"

ဆားလင်းကြီးမြို့နယ်ကို မေလ ၃၀ ရက်နေ့ကတည်းက စစ်ကောင်စီတပ်တွေ မကြာခဏ စစ်ကြောင်းထိုးနေတာကြောင့် အခုရက်ပိုင်းအတွင်း ထွက်ပြေးရတဲ့ရွာတွေ များလာတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဆားလင်းကြီးမြို့နယ်ထဲက စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အညာ ပစ်တိုင်းထောင်လေးများ အဖွဲ့ဝင်တစ်ဦးကတော့ ညောင်ပင်ကြီးရွာမှာ နေအိမ်တစ်ရာနီးပါး မီးလောင်ပျက်စီးနိုင်ပြီး စစ်ဘေးဒုက္ခသည်တွေ စားသောက်ရေး အခက်ကြုံနေရတယ်လို့ RFA ကိုပြောပါတယ်။

"ပျက်စီးဆုံးရှုံးမှုက မနေ့ကနေရာတွေကိုပဲ ထပ်ရှို့တာ လေးနေရာပေါ့။ အိမ်ခြေရာဂဏန်းလောက်တော့ ရှိမယ်ဗျ။ မီးတောက်က တော်တော်များတယ်။ စစ်ဘေးဒုက္ခသည်တွေကတော့ တချို့စစ်ရှောင်စခန်းတွေက ချက်မကျွေးနိုင်တဲ့ အနေအထားရှိတော့ ထမင်းငတ်တဲ့ အနေအထားတောင်မှ တချို့ရှိတယ်။ ထမင်းငတ်တယ်။ ရေငတ်တယ်။ မီးကလည်းမလာတော့ သူတို့အတွက် အခက်အခဲ တော်တော်ဖြစ်နေကြတယ်"

ဇွန်လ ၉ ရက်က ညောင်ပင်ကြီးရဲစခန်းကို ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး (ULF) နဲ့ လွိုင်ကော်အခြေစိုက် Buffalo People Defense Force – BPDF တို့ ပူးပေါင်းတိုက်ခိုက် ခဲ့တာလို့ အဲဒီအဖွဲ့တွေက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားနဲ့ရဲ ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး BPDF ဘက်က ရဲဘော်တစ်ဦး သေဆုံးခဲ့တယ်လို့ BPDF တာဝန်ခံက RFA ကိုပြောပါတယ်။

"ညောင်ပင်ကြီးရဲစခန်းကို ကျွန်တော်တို့အရှေ့ကနေ ဘန်ကာတွေကိုစပြီးဖြိုခွင်းပါတယ်။ ဖြိုခွင်းပြီးတော့ အထဲကိုရောက်အောင် ထိုးဖောက်ပြီးတော့ သိမ်းပိုက်ဖို့ကြိုးစားခဲ့တယ်။ စခန်းသိမ်းတိုက်ပွဲကို ကျွန်တော်တို့ ရအောင်သိမ်းနိုင်ခဲ့တယ်။ ထိခိုက်သေဆုံးမှု ကတော့ ULF က ရဲဘော်လေးတွေ ထိခိုက်ဒဏ်ရာရတယ်။ အကျအဆုံးကတော့ ကျွန်တော်တို့ Buffalo က ရဲဘော် ဒိုလာ ကျသွားပါတယ်။ ည ၁၁ နာရီလောက်မှာ။ စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုကတော့ ၁၀ ဦးထက်နည်းပါဘူး"

ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး (ULF) နဲ့ လွိုင်ကော်အခြေစိုက် Buffalo People Defense Force – BPDF တပ်ဖွဲ့ဝင်အချို့အား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: Buffalo People Defense Force)
ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး (ULF) နဲ့ လွိုင်ကော်အခြေစိုက် Buffalo People Defense Force – BPDF တပ်ဖွဲ့ဝင်အချို့အား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: Buffalo People Defense Force)

စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးတာနဲ့ပတ်သက်လို့ RFA အနေနဲ့သီးခြား အတည်မပြုနိုင်သေးပါဘူး။

PDF ပူးပေါင်းတပ်တွေက ညောင်ပင်ကြီးရဲစခန်းတစ်ခုလုံး မီးရှို့ဖျက်ဆီးနိုင်ခဲ့သလို စခန်းထဲဖမ်းဆီးခံထားရတဲ့ တော်လှန်ရေး ရဲဘော်နှစ်ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ်လို့ ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး (ULF) က RFA ကိုပြောပါတယ်။

ဒါ့အပြင် G3 သေနတ်လေးလက်၊ MA သေနတ်တစ်လက်၊ စက်လက်သေနတ်တစ်လက်၊ (၇၉) သေနတ်တစ်လက်နဲ့ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်တာ မရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ စာရင်းအရ အာဏာသိမ်းပြီးနောက် အရပ်သားတွေရဲ့ နေအိမ်အဆောက်အအုံ ၆၀,၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ ၁ ဒသမ ၅ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။