CNF ဌာနချုပ်ကို လေကြောင်းတိုက်ခိုက်မှုလုပ်ဖို့ စစ်ကောင်စီ စီစဉ်

2022.11.18
CNF ဌာနချုပ်ကို လေကြောင်းတိုက်ခိုက်မှုလုပ်ဖို့ စစ်ကောင်စီ စီစဉ် ချင်းအမျိုးသားတပ်ဦး (CNF) တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
Photo: Chinland Information Center

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ဝိတိုရိယတောင်ပေါ်က ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်ကို လေကြောင်းနဲ့ တိုက်ခိုက်ဖို့ စီစဉ်နေတဲ့အကြောင်း ဖော်ပြထားတဲ့ စစ်ကောင်စီ တပ်တွင်းလျှို့ဝှက်စာတစ်စောင်ကို နိုဝင်ဘာလ ပထမပတ်မှာ CNF က ရရှိခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် CNF ဟာ စစ်ကောင်စီကို လက်နက်ကိုင်ခုခံသူတွေနဲ့ တရားဝင် ပူးပေါင်းပြီး ချင်းပြည်နယ်အတွင်း တိုက်ပွဲတွေမှာ ပေါ်ပေါ်ထင်ထင်ပါဝင်နေတာပါ။ ဒီအတွက် ဒေါသထွက်နေတဲ့ စစ်ကောင်စီဟာ CNF ဌာနချုပ်ကို လေယာဉ်နဲ့ဗုံးကြဲဖို့အထိ ပြင်ဆင်လာတာလို့ CNF တာဝန်ရှိသူတွေက သုံးသပ်ပါတယ်။

“အရင်ကတည်းက အရပ်သားပြည်သူကို ပစ်မှတ်ထားပြီးတော့ လက်နက်ကြီးနဲ့ ပစ်ခတ်တာ"

လေကြောင်းတိုက်ခိုက်မှု ပစ်မှတ်စာရင်းမှာ ဘုရားကျောင်း၊ လူနာဆောင်၊ ဆေးခန်း၊ စာသင်ကျောင်း အပါအဝင် နေရာ ၁၄ ခု ပါဝင်တယ်လို့ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက RFA ကို ပြောပါတယ်။

“နိုဝင်ဘာ ၆ ရက်၊ ၇ ရက်နေ့မှာ ရထားတာပါ။ ဒါပေမဲ့ အဲဒါက ဗစ်တိုရီးယား camp ကို ပစ်မှတ်ထားပြီးတော့ ပစ်မယ်ဆိုတာတော့ ဟုတ်ပါတယ်။ ကျနော်တို့ ရထားပါတယ်။ ဒီလိုပဲ ကျနော်တို့ ပြောနိုင်တယ်။ ဘယ်ကနေရသလဲဆိုတာတော့ ကျနော်တို့ သတင်းပေး လုံခြုံရေးအတွက် ပြောလို့မရပါဘူး။ လေကြောင်း ကာကွယ်ရေးအတွက် အတတ်နိုင်ဆုံး ကိုယ့်တပ်တွေကို အဆင်သင့်အနေအထားနဲ့ ထားထားပါတယ်။ အခုလည်း ပွင့်လင်းရာသီရောက်လာပြီးဆိုတော့ အောက်ကနေဖိလိုက်ရင် အထက်ကနေ ဖိလာမှာဖြစ်တယ်လို့ ထင်တယ်။ အဲဒီအတွက် ကျနော်တို့ အတတ်နိုင်ဆုံး အကာကွယ် ယူထားပါတယ်”

မြေပြင်ထိုးစစ်မအောင်မြင်တာကြောင့် လေကြောင်းကိုအသုံးပြုလာတာလို့လည်း ဆလိုင်းထက်နီက ပြောပါတယ်။

ဝိတိုရိယတောင်အနီးက ဒေသခံတွေဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုတွေ ရှိလာမှာကို စိုးရိမ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အဲဒီအနီးအနားမှာတော့ အနီးကပ်ဆိုရင် ရွာတစ်ရွာပဲရှိတယ်။အဲဒီရွာတစ်ရွာက အနီးကပ်ဖြစ်ပေမယ့် တောင်ထိပ်ပေါ်မှာဆိုတော့ ဝေးတော့ဝေးပါတယ်။ ပြောလို့တော့ မရဘူး။ လမ်းကြောင်းကတော့ တည့်တယ်။ ရွာတွေကတော့ ခပ်ဝေးဝေးကျတယ်ဗျ။ တမင်သပ်သပ်ရပ်ရွာမှာ ပစ်ခတ်မယ်ဆိုရင် တစ်မျိုးပေါ့။ camp ကို အဲလိုမျိုး ပစ်မယ်ဆိုရင်တော့ အခက်အခဲတော့ရှိမယ်ဗျ”

CNF ဌာနချုပ်ကို လေကြောင်းတိုက်ခိုက်မှုလုပ်မယ့် လျှို့ဝှက်စာထွက်လာပြီးနောက် ဟားခါး၊ ဖလမ်းနဲ့ ထန်တလန်မြို့နယ်တွေမှာ နိုဝင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ရှိခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ်က ပြောပါတယ်။

နိုဝင်ဘာလ ၁၅ ရက်မှာ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်က သီးဘွားလ်ရွာ၊ ဘွာလ်သဲရွာ၊ စတောမ်ရွာ၊ ဗန်းဗားကျေးရွာတွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ၄၅ မိနစ်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ထောင်ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။

အခုနောက်ပိုင်းမှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မကွေးနဲ့ စစ်ကိုင်းတိုင်းတွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေပိုပြီး လုပ်လာတယ်လို့ ဒေသခံတွေ ပြောပါတယ်။

အောက်တိုဘာလ ၂၃ ရက်မှာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်နယ်မြေကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ကချင်အနုပညာရှင်တွေ အပါအဝင် ဒေသခံအရပ်သားတွေနဲ့ KIA ဝန်ထမ်းတွေ အများအပြား ထိခိုက်သေဆုံးခဲ့ပါတယ်။

KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ စစ်တပ်ဟာ အရပ်သားပစ်မှတ်နဲ့ စစ်ရေးပစ်မှတ်ကို မခွဲခြားဘူးလို့ ပြောပါတယ်။

“ပြည်သူလူထု ရှိတာပဲဖြစ်ဖြစ်၊ မရှိတာပဲဖြစ်ဖြစ် သူကတော့ ပစ်မှာပဲ။ ဒါကြောင့် အမြဲတမ်း သတိဝိရိနဲ့နေဖို့ အရေးကြီးတယ်။ နောက်တစ်ခုရှိတာတော့ ကျနော်တို့ စစ်ကောင်စီရဲ့ လေကြောင်းတွေ တက်တာ၊ ဆင်းတာ၊ ထွက်တာတွေကို အမြဲတမ်း လေ့လာဖို့ လိုပါတယ်။ ချင်းပြည်နယ်ဘက်က ပြည်သူလူထုတွေလည်းပဲ စစ်ကောင်စီရဲ့ တိုက်လေယာဉ် တက်ဆင်းတာတွေကို အမြဲစောင့်ကြည့်ပြီးမှ ပြည်သူလူထုတွေကို အသိပေးဖို့လိုမယ်လို့ ကျနော် ပြောချင်ပါတယ်။ အဲဒါမှလည်း ကျနော်တို့ လေကြောင်းတိုက်ခိုက်မှုရန်ကို ကျနော်တို့ ကာကွယ်လို့ရမှာဖြစ်ပါတယ်”

ဝိတိုရိယတောင်ကို လေကြောင်းတိုက်ခိုက်ဖို့ ပေါက်ကြားလာတဲ့ လျှို့ဝှက်စာနဲ့ ပတ်သက်လို့လည်း ချင်းပြည်သူတွေ သတိဝိရိယရှိဖို့ အရေးကြီးတယ်လို့ ဗိုလ်မှူးကြီး နော်ဘူက အကြံပြုပါတယ်။

ချင်းပြည်နယ် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးသန့်ဇင်ကတော့ ဒီလျှို့ဝှက်စာနဲ့ ပတ်သက်လို့ အတည်ပြုတာ၊ တစ်စုံတစ်ရာတုံ့ပြန်ပြောဆိုတာ မရှိပါဘူး။

lungler-village.jpg
စစ်ကောင်စီမှ လေယာဉ်နှင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ထန်တလန်မြို့နယ် လုံလဲရ်ရွာအား ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

လုံခြုံရေးအတွက်လိုအပ်ရင် လေကြောင်းတိုက်ခိုက်မှုလုပ်ရမှာပဲလို့ စစ်တပ်အရာရှိ ဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောပါတယ်။

“လုံခြုံရေးအတွက်လိုအပ်လာရင် တစ်နိုင်ငံလုံးမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ဟာ သူတို့ရဲ့ ရပ်တည်ချက်ဟာ နိုင်ငံရေးပိုင်းကို အနှောင့်အယှက်ပေးလာမယ်၊ အန္တရာယ်ပေးလာမယ်လို့ ဆုံးဖြတ်ချက်ချရင်တော့ လိုအပ်တဲ့ စစ်ရေးအရ အရေးယူမှု တွေလုပ်မှာပဲ။ ဒါကတော့ ပုံမှန်သွားနေတဲ့ လမ်းကြောင်းပဲ။ အခုလိုမျိုးစစ်ရေး တိုက်ခိုက်မယ့် နေရာတစ်ခုလို့ သတ်မှတ်ပြီးတော့ ဒီလိုမျိုးလုပ်တဲ့ အစီအစဉ် အပြင်ပေါက်တယ်ဆိုတာကတော့ ကျနော်တို့မှာ တွေးစရာ ဒွိဟတွေက အများကြီးဖြစ်ပါတယ်။ အခုချိန်ထိ မှန်လား၊ မှားလားဆိုတာ ဝေခွဲရခက်ပါတယ်”

ချင်းလူ့ အခွင့်ရေးအဖွဲ့ (CHRO) ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူး ဆလိုင်းဇအုတ်လိန်း ကတော့ အရပ်သားနဲ့ လက်နက်ကိုင်ကို မခွဲခြားဘဲ လေကြောင်းက တိုက်ခိုက်မယ်ဆိုရင် လက်ခံနိုင်စရာမရှိဘူးလို့ ပြောပါတယ်။

“အရင်ကတည်းက အရပ်သားပြည်သူကို ပစ်မှတ်ထားပြီးတော့ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ တွေ့တဲ့လူမှန်သမျှကို ပစ်ခတ်တာ၊ နေအိမ်တွေကို မီးရှို့တိုက်ခိုက်တာ လုပ်ဆောင်လာတာ တော်တော်ကြာပါပြီ။ အခုလိုမျိုး မြေပြင်ထိုး စစ်အင်အားမနိုင်တော့ လေကြောင်းကို အားကိုးပြီးတော့ အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေး လက်နက်ကိုင် တွေရော မခွဲခြားဘဲ အရင်အတိုင်းပဲ တိုက်ခိုက်လာတာကို ကျနော်တို့ တွေ့ရတယ်။ လေယာဉ်ကိုသုံးပြီးတော့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ လုံးဝလက်ခံစရာမရှိပါဘူး”

အဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ လက်နက်ကိုင်ခုခံမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ စစ်ကောင်စီတပ်က လက်နက်ကိုင် ခုံခံမှုတွေကို နှိမ်နင်းရာမှာ လေကြောင်းတိုက်ခိုက်မှုကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်မှာ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တာပါ။ ထန်တလန် မြို့နယ်၊ အိန္ဒိယနယ်စပ်အနီးက လုံလဲရ်ရွာကို လေယာဉ်နဲ့ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ် ပါတယ်။

လေကြောင်းတိုက်ခိုက်မှု အပါအဝင် လက်နက်ကိုင်တိုက်ပွဲတွေကြောင့် အာဏာသိမ်းပြီး နောက် ချင်းပြည်နယ်မှာ အရပ်သား ၄၆,၂၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ အောက်တိုဘာလ ၃၁ ရက်က ထုတ်ပြန်တဲ့ ကုလသမဂ္ဂလူသား ချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။