နှစ်ပတ်လည်ပွဲတိုက်ခိုက်ခံရမှု ၆၃ ဦး သေဆုံးပြီး ၆၁ ဦး ဒဏ်ရာရကြောင်း ကေအိုင်အို အတည်ပြု

ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကေအိုင်အေ တပ်မဟာ (၉) နယ်မြေမှာ အောက်တိုဘာလ ၂၃ ရက်နေ့ ညက ကေအိုင်အိုတည်ထောင်ခြင်း ၆၂ နှစ်မြောက် နှစ်ပတ်လည်နေ့ကြိုဆိုပွဲ ကျင်းပနေချိန် စစ်ကောင်စီတပ်က ဂျက်လေယာဉ်သုံးစင်းနဲ့ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက် ၆၃ ဦးသေဆုံးခဲ့ပြီး ၆၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကေအိုင်အို သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ဒီနေ့ပြောပါတယ်။
သေဆုံးသူတွေအထဲမှာ ကေအိုင်အေ တပ်မဟာ (၉) တပ်မဟာမှူးတစ်ဦးနဲ့ ကေအိုင်အို အမှုထမ်း ၄၆ ဦးပါဝင်ပြီး ကျန် ၁၇ ဦးကတော့ ပြည်သူတွေဖြစ်တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
"မနေ့ညနေ ၄ နာရီခွဲအချိန်လောက်မှာ သူတို့ ပို့လာတဲ့စာရင်းအရကတော့ သေဆုံးလူ တွေ အလောင်းတွေက အားလုံး ၆၂ ဦးရှိပြီးမှ ဒဏ်ရာရတဲ့လူတွေလည်း ၆၂ ဦးရှိပါတယ်။ ကေအိုင်အေအို အဖွဲ့သားတွေလည်းပါတယ်၊ ပြည်သူလူထုတွေလည်းပါတယ်။ တပ်မဟာမှူးလည်း ပါသွားတယ်။ ဒါက မနေ့က ညနေပိုင်းကစာရင်း ဖြစ်ပါတယ်။ ဒီနေ့ ဘယ်လိုအပြောင်းအလဲဖြစ်မယ်ဆိုတာတော့ မသိရသေးဘူး။ ထပ်သေတဲ့သူတွေလည်း ပါတယ်ဆိုတော့ သေတဲ့နှုန်းတွေကတော့ ပိုပြီးတော့ အပြောင်းအလဲရှိနိုင်ပါတယ်။ မနေ့က သေသွားတာလည်း ပါတာပေါ့။ ကျနော်တို့ ညနေပိုင်း စာရင်းနဲ့ ပြန်တွက်ကြည့် ရင်တော့ နည်းနည်းတော့ ပြန်တိုးလာနိုင်တဲ့အနေအထားတော့ ရှိပါတယ်”
ထိခိုက်ဒဏ်ရာရသူ ၆၂ ဦးထဲက ကေအိုင်အို အမှုထမ်းတစ်ဦး မနေ့ညက ထပ်မံသေဆုံးသွား တဲ့အတွက် သေဆုံးသူ ၆၃ ဦးအထိ ဖြစ်လာတာလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
"ထပ်သေတဲ့သူတွေလည်း ပါတယ်ဆိုတော့ သေတဲ့နှုန်းတွေကတော့ ပိုပြီးတော့ အပြောင်းအလဲရှိနိုင်ပါတယ်"
ဒဏ်ရာရသူ ၆၁ ဦးထဲမှာတော့ အရပ်သား ၂၈ ဦးပါဝင်ပြီး ကျန် ၃၃ ဦးက ကေအိုင်အို အမှုထမ်းတွေဖြစ်တယ်လို့လည်း ပြောပါတယ်။ နောက်ထပ် ပျောက်ဆုံးနေသူတွေလည်း ရှိနေသေးတဲ့အတွက် သေဆုံးထိခိုက်စာရင်းကို ထပ်မံအတည်ပြုဖို့ ကြိုးစားနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဒဏ်ရာရအရပ်သားတွေကို အကူအညီပေးနေတဲ့ ဒေသခံတစ်ဦးကတော့ စစ်ကောင်စီတပ် က လမ်းကြောင်း တွေကို ပိတ်ဆို့ထားတဲ့အတွက် ဆေးဝါးမလုံလောက်တာတွေ ရှိနေတယ် လို့ ပြောပါတယ်။
“လမ်းပန်းဆက်သွယ်ရေးလည်းခက်တယ်၊ ဒီမှာလည်း ပြုစုဖို့လူကများပြီးတော့မှ ဆရာ၊ ဆရာမတွေ နည်းပါးနေတယ်။ ဆေးဝါးအခက်အခဲတွေကြောင့် မသေဆုံးသင့်တဲ့ဟာ တွေ ပါသွားတာတွေလည်းရှိတယ်။ အခုက နိုင်ငံရေးမတည်မငြိမ်ဖြစ်တဲ့အတွက်ကြောင့် တစ်နေရာမှာ ကုလို့လည်း မဖြစ်ဘူးပေါ့နော်။ ဟိုမှာ တစ်ယောက်၊ ဒီမှာ တစ်ယောက် အဲလိုနဲ့လုပ်တဲ့အတွက်ကြောင့် ဝန်ထမ်းတွေလည်းပိုပြီးတော့ လိုအပ်တဲ့သဘောရှိတယ်။ ပြီးတော့ ဆေးဝါးတွေလည်း အရင်တုန်းက စုထားတာနဲ့ မလောက်တာလည်း အဲလိုမျိုး လည်း ရှိပါတယ်”
သေဆုံး ရုပ်အလောင်းတွေကိုလည်း စစ်ကောင်စီတပ်က သယ်ယူခွင့်မပေးတဲ့အတွက် ဖားကန့်မှာရှိတဲ့ ဘာသာရေးဆရာတွေက မနေ့က သင်္ဂြိုဟ်ပေးခဲ့ပေမယ့် အချို့ ရုပ်အလောင်းတွေကတော့ ရှိနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတဲ့ အနန့်ပါကို သွားရာလမ်းက ကံဆီးရွာကို စစ်ကောင်စီတပ်က သွားလာခွင့်ပိတ်ပင် ထားတာဖြစ်ပြီး တချို့ လူနာတွေဟာ တောလမ်းတွေကနေ စွန့်စား ထွက်ခွာသူတွေလည်းရှိနေတယ်လို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ ဖားကန့်ဒေသခံ တစ်ဦးက ပြောပါတယ်။
“အဆင်မပြေတဲ့အခါကျတော့ တချို့တွေက တခြားနေရာကနေ တောင်ထူထပ်တဲ့နေရာ ကနေ ခက်ခက်ခဲခဲနဲ့ တချို့တွေက ပြန်လာကြတာပေါ့။ တစ်ယောက်၊ နှစ်ယောက်၊ သုံးလေးယောက်ပြန်လာကြတယ်။ ဒဏ်ရာပြင်းထန်တဲ့သူတွေကို ခေါ်လာကြတယ်။ တချို့တွေကတော့ မခေါ်နိုင်ဘူး။ ဘယ်လိုမှ သယ်မယ့်သူလည်းမရှိ၊ လူအင်အားလည်း မလောက်တော့ ခက်ခက်ခဲခဲနဲ့ တောထဲမှာလည်း ဆေးကုနေရတဲ့သူလည်းရှိသေးတယ်။ ဆေးရုံ၊ ဆေးခန်းတွေမှာ ပြခွင့်မရှိဘူး။ အန္တရာယ်ရှိတယ်ဆိုတော့ ကိုယ်နဲ့ နီးစပ်ရာ မိသားစုတွေဆီမှာ ကိုယ်နေရာ ဒေသမှာပဲ လုံခြုံတဲ့နေရာမှာပဲ ကိုယ်နည်းကိုယ့်ဟန်နဲ့ တတ်နိုင်သလောက် ကုနေကြတယ်”
သူတို့ ကျေးရွာက ပွဲသွားတဲ့သူတွေ သေလား၊ ရှင်လား မသိဘဲ အဆက်အသွယ်ပြတ်နေပြီး ပျောက်ဆုံးနေတဲ့ သူတွေလည်း ရှိနေသေးတယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ တိုက်ပွဲဖြစ်နေတဲ့ အချိန်ဖြစ်လို့ အကူအညီတွေ သွားပေးလို့ မရဘူးလို့ ပြောပါတယ်။
“ကျနော်တို့ အစိုးရအဖွဲ့ စာရင်းရမှ ကျနော်တို့ ပေးနိုင်မှာလေ။ အခု ဗန်းမော်ဘက်မှာ လည်း ဟိုဥစ္စာ တိုက်ပွဲ ရှောင်တာတွေရှိတယ်။ ကျနော်တို့ တစ်အိမ်ကို ဆန်တစ်အိတ် ပေးမယ်ဆိုပြီး ပြောနေတာတွေရှိတယ်။ အဲဒီဘက်မှာလည်း အခြေအနေ ငြိမ်ရင် ကျနော် တို့ လုပ်မှာပေါ့။ တိုက်ပွဲဖြစ်နေတဲ့အချိန်တော့ သွားပေးလို့ မရဘူး”
စစ်ကောင်စီကတော့ ကေအိုင်အေ တပ်မဟာ (၉) နယ်မြေကို တိုက်ခိုက်ခဲ့တာဟာ KIA နဲ့ PDF တွေက သူတို့ စခန်းတွေနဲ့ ရေယာဉ်တွေကို တိုက်ခိုက်ခဲ့တဲ့အတွက် တန်ပြန်ဆောင် ရွက်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေဟာ ကေအိုင်အေနဲ့ PDF အဖွဲ့ဝင်တွေသာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဒါပေမဲ့ ဒီတိုက်ခိုက်မှုမှာ အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့အတွက် လက်ခံနိုင်စရာမရှိကြောင်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာသံရုံးတွေက ထုတ်ပြန် ထားကြပါတယ်။ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဌာနကတော့ သတင်းမီဒီယာတွေနဲ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေဟာ သတင်းမှားတွေ ထုတ်လွှင့်နေပြီး ပြည်တွင်း ရေးကို ဝင်ရောက်စွက်ဖက်သလိုဖြစ်နေတာကြောင့် ကန့်ကွက်ကြောင်း အောက်တိုဘာလ ၂၅ ရက် မနေ့က တုံ့ပြန်ထားပါတယ်။
ကချင် နိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦးကတော့ ပြည်သူတွေအများအပြား သေကြေ ထိခိုက်ခဲ့ကြရတဲ့ ဒီဖြစ်ရပ်ကြောင့် ကချင်ပြည်သူတစ်ရပ်လုံး ဝမ်းနည်းနေကြတယ်လို့ ပြောပါတယ်။
“ညမှာ ကေအိုင်အိုရဲ့ ၆၂ နှစ်ပြည့် အကြို အခမ်းအနားဆိုပေမယ့်လည်း ဒီမှာ တက်ရောက်လာတာကတော့ ကချင်ပြည်သူလူထုတွေပါနေတယ်။ ဒီစစ်တပ်ကနေပဲ မဟုတ်ဘဲနဲ့ ပြည်သူလူထုတွေလည်းပါနေတယ်။ ဒါကြောင့် ပြည်သူထူတွေ သေကြေ ပျက်စီးတဲ့ဟာမျိုးတွေ ဖြစ်နေတယ်။ နောက်တစ်ချက်က ဗမာ စစ်သားတွေကလည်း သူတို့ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာတော့ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီဟာမျိုးဖြစ်တယ်ဆိုတာ က နောက် အနာဂတ်အတွက် လုံးဝ မကောင်းပါဘူး။ ဒါကြောင့်လည်း ကျနော်က စိတ်ပူ ပါတယ်။ နောက်အနာဂတ်အတွက် အထူးပဲ စိတ်ပူတဲ့အဆင့်မျိုးဖြစ်ပါတယ်။ ကျနော်ပင် မကပါဘူး၊ ကချင်ပြည်သူလူထုတစ်ရပ်လုံးကလည်း စိတ်မကောင်းတဲ့၊ ဝမ်းနည်းနေတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်”
သေဆုံးခဲ့ရသူ ၆၃ ဦးအထဲမှာ ကေအိုင်အေရဲ့ ဗိုလ်မှူးကြီး အဆင့်ရှိသူနှစ်ဦးနဲ့ အမှုထမ်းတွေ အပါအဝင် ကချင်လုပ်ငန်းရှင်တွေ၊ ဘာသာရေးဆရာတွေ၊ ကချင်နာမည်ကြီး အဆိုတော် အော်ရာလီ၊ ကီဘုတ်တီးခတ်သူ ကိုကင်း (Ko King)၊ မြန်မာပြည်ဖွား တရုတ်လူမျိုး ကျားကြို ဆိုသူလည်းပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။