ရှစ်လအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၄၆၂ ဦး သေဆုံး

RFA Burmese
2023.09.08
ရှစ်လအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၄၆၂ ဦး သေဆုံး ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခဲ့သည့် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးဆေးရုံကို တွေ့ရစဉ်။
KNDF

စစ်ကောင်စီတပ်ဟာ ၂၀၂၃ ခုနှစ်အတွင်း လက်နက်ကိုင်ခုခံမှုတွေကို တုံ့ပြန်ရာမှာ အရပ်သားပစ်မှတ်၊ စစ်ရေးပစ်မှတ် မခွဲခြားဘဲ လက်နက်ကြီးနဲ့ လေကြောင်းကို အဓိကသုံးခဲ့တာကြောင့် အပြစ်မဲ့အရပ်သားတွေ နေ့စဉ် ထိခိုက်သေဆုံးနေပါတယ်။

RFA ကပြုစုထားတဲ့ စာရင်းတွေအရ အခုနှစ် ဇန်နဝါရီလကနေ သြဂုတ်လကုန်အထိ ရန်ကုန်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၂ ခုမှာ ရှစ်လအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၄၆၂ ဦး သေဆုံးပြီး၊ ၈၁၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သြဂုတ်လ ၂၄ ရက် နေ့လယ် ၁ နာရီခန့်က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ဘုရားကြီးရွာနဲ့ သဲသောမူသဲသောခွားရွာအကြား ဘောကထာချောင်းကူးတံတားပေါ်ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးခြောက်လုံး ကြဲချခဲ့ချိန် ဘုရားကြီးရွာခံ အသက် ၂၈ နှစ်အရွယ် စောဘဘယ်စယ်ဖိုး သေဆုံးခဲ့ပါတယ်။

ကိုယ်ဝန်ဆောင်ဇနီးသည်ကို ဆေးခန်းပို့ပြီးအပြန် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိမှန်သေဆုံးခဲ့တာလို့ မိသားစုနဲ့နီးစပ်တဲ့ ဒေသခံ ကိုစောအလက်ဇန်းဒါးက RFA ကိုပြောပါတယ်။

"သူ့ရဲ့မိန်းမက နေ့စေ့လစေ့ဖြစ်နေပြီ။ မွေးတော့မယ်ဆိုတော့ သူက ဆေးခန်းကို သူ့မိန်းမကိုလိုက်ပို့တာ။ သွားပို့ပြီးတော့ သူကပြန်လာတာ။ သူ့ကို လေယာဉ်ပျံနေလို့ ခဏလေးစောင့်ဦး၊ နောက်ပြီးကျမှ သွားလို့ပြောတာကို သူက ရတယ်၊ သူ့ဖုန်းကျန်နေလို့ သွားယူမလို့ဆိုပြီးအသွား တံတားပေါ်မှာ စစ်ကောင်စီကနေပြီးတော့ လေယာဉ်ပျံနဲ့ ဗုံးကြဲချလိုက်တာ။ အဲလိုမျိုးကြဲချလိုက်တဲ့အခါမှာ သူ့ကိုထိသွားတာ။ သူ့ခေါင်းတစ်ခြမ်း ဆိုရင် လုံးဝပဲ၊ မျက်နှာလေးတစ်ခုပဲ ကျန်ခဲ့တယ်။ နောက် ဗိုက်တွေဘာတွေဆိုရင် အကုန်လုံး ပေါက်ထွက်ပြီး ဘာမှမရှိတော့ဘူး၊ အူတွေလည်း ထွက်ကုန်တယ်”

သေဆုံးသူ စောဘဘယ်စယ်ဖိုးဟာ ကိုယ်ဝန်ရှစ်လရှိတဲ့ ဇနီးသည်နဲ့ သားသမီး သုံးဦး ကျန်ခဲ့တယ်လို့ ဆိုပါတယ်။

သြဂုတ်လ၂၇ ရက် ညနေပိုင်းကလည်း မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ရှုံးရှီရွာအနီး စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ပွဲအတွင်း ခြေလျင်တပ်ရင်း ခလရ - ၅၀ က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ရှုံးရှီရွာအနီးက စိုင်ဒူးရွာထဲကို ကျရာက်ပေါက်ကွဲခဲ့ပါတယ်။

ဒါကြောင့် စိုင်ဒူးရွာခံတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ စိုင်ဒူးရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

"အနောက် ဂန့်ဂေါ ရှုံးရှီဘက်မှာ စစ်ကြောင်းတွေထိုးနေတော့ ဒေသခံကာကွယ်ရေး တပ်တွေနဲ့ ထိတွေ့မှု ဖြစ်တယ်။ ဒါပြီးရင် ခလရ - ၅၀ ကနေပြီးမှ လက်နက်ကြီးတွေနဲ့ ပစ်ကူတာဗျ။ ရွာအနီးပတ်ချာလည်ကို ၆၀ မမတွေနဲ့ရော ၁၂၀ မမတွေနဲ့ရော အကုန်ပတ်ရှာလှည့်ထုတာ။ စိုင်ဒူးရွာပေါ် လက်နက်ကြီးသုံးလုံး ထုတဲ့အချိန်မှာ လူနေအိမ်ရဲ့ မျက်နှာစာရှေ့နားကို တစ်လုံးကျတယ်။ အဲဒီမှာ လူသုံးဦး ဒဏ်ရာရတယ်၊ တစ်ယောက်ကတော့ သေသွားတယ်”

စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲတွေ ဖြစ်နေပါတယ်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့သည့် ဘုန်းကြီးကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။ (Photo: Citizen Journalist)
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့သည့် ဘုန်းကြီးကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။ (Photo: Citizen Journalist)

KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ စစ်ကောင်စီတပ်ဟာ မြေပြင်တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးမှုများလာတာကြောင့် လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူကို အားကိုးလာတာလို့ ပြောပါတယ်။

"နံပါတ်တစ်ကတော့ စစ်တပ်က မြေပြင်ကနေ ထိုးစစ်ဆင်တဲ့ စစ်ကြောင်းတွေ ဗျူဟာတွေဟာ သူ့အတွက် အန္တရာယ်ပိုများနေတယ်လို့ ခံယူချက်ရှိမယ်ထင်တယ်။ နံပါတ်နှစ်ကတော့ လက်နက်ကြီးနဲ့ လေကြောင်းဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာကိုလည်း တော်တော်လေးထိခိုက်တယ်။ အဓိကကတော့ အသေအပျောက်နည်းဖို့ ရန်သူရဲ့ စိတ်ဓာတ်ကို ထိခိုက်စေဖို့ဆိုတဲ့ ဗျူဟာပိုင်းကနေတွက်ပြီး အခုလိုမျိုး လက်နက်ကြီးနဲ့ လေကြောင်းတို့သုံးတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်”

အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်ဟာ အရပ်သားတွေကိုပါ ပစ်မှတ်ထားနေတယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ်။

အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်တာနဲ့ပတ်သက်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။

ဒါကြောင့် စစ်ဗိုလ်ချုပ်ဟောင်းတွေဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကို ဆက်သွယ်ရာမှာ စစ်တပ်ဟာ သူ့ရဲ့စစ်ရေးရည်မှန်းချက်အတွက် အရပ်သား ထိခိုက်သေဆုံးမှုကို ငဲ့ညှာနေလို့မရသလို စစ်တပ်ကို အပြစ်တင်လို့မရဘူးလို့ တုံ့ပြန်ပါတယ်။

"အရပ်သားတွေနဲ့ နီးကပ်နေတဲ့နေရာတွေမှာ တိုက်ပွဲဖြစ်တိုင်း အရပ်သားသေဆုံးမှုကို ရှောင်လွှဲလို့မရဘူး။ အဲဒါဖြစ်လို့ ဟိုလူက လက်နက်ကြီးသုံးတယ်ဆိုတာမျိုး သွားပြောလို့ မရဘူး။ တိုက်ပွဲဖြစ်တာနဲ့ Rules of engagement (ROE) ပေါ့၊ ဟိုလူ့ရှောင်ရမယ်၊ ဒီလူ့ရှောင်ရမယ်၊ တိုက်ပွဲဖြစ်လို့ ဟိုဘက်နဲ့ဒီဘက် တဒုန်းဒုန်း တဒိုင်းဒိုင်း ဖြစ်နေတဲ့အချိန်မှာ အရပ်သားကို ရှောင်တယ်၊ မရှောင်ဘူးဆိုတာ မရှိတော့ဘူး။ ဘာကြောင့်လဲဆိုတော့ တပ်မတော်တစ်ရပ်ဟာ ကိုယ့်ကိုပေးထားတဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်ရှိတယ်။ အဲဒီဟာကို ရအောင်လုပ်ရတဲ့အခါမှာ သိပ်ပြီးတော့ အကုန်လုံးကို ငဲ့ညှာနေလို့မရဘူး”

လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ဒါဟာစစ်ရာဇဝတ်မှုဖြစ်တဲ့အတွက် တားဆီး အရေးယူပေးဖို့ နိုင်ငံတကာ အစိုးရတွေထံ တောင်းဆိုနေကြပါတယ်။

"လေယာဉ်ဆီတင်ပို့ရောင်းချမှုမှာ ပါဝင်နေတဲ့ နိုင်ငံတွေ၊ အစိုးရတွေ၊ လမ်းကြောင်းတွေကို အမြန်ဆုံးဖြတ်တောက်နိုင်ဖို့ အဲဒီနိုင်ငံတွေအပေါ်မှာ ထိရောက်စွာနဲ့ အရေးယူဖိအားပေးနိုင်မယ့် လုပ်ငန်းစဉ်တွေ အမြန်ကို လိုအပ်နေပါပြီ"

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက စစ်တပ်ရဲ့ရာဇဝတ်မှုတွေကို အရေးယူဖို့ အချိန်ဆွဲနေရင် နောက်ထပ် အရပ်သား ထိခိုက်သေဆုံးမှုတွေ ထပ်ဖြစ်နေဦးမယ်လို့ ပြောပါတယ်။

"ဒီရာဇဝတ်မှုကိုအချိန်ဆွဲပြီး အရေးယူဖို့လုပ်ဆောင်နေမယ်ဆိုရင် နောက်ထပ် သေဆုံးမှုတွေ ထပ်ဖြစ်မှာပဲ။ စစ်အုပ်စုက သူတို့ နောက်ဆုံးထွက်သက်အထိ ဆက်ပြီးတော့ ပြည်သူကို တတ်နိုင်သရွေ့ ချေမှုန်းသွားမယ်၊ သတ်ဖြတ်သွားမယ်ဆိုတဲ့ စိတ်ကရှိပြီးသား။ အဲဒီတော့ ဆွေးနွေးမှုတွေ တင်ပြမှုတွေထက် အလျင်အမြန် လုပ်ဆောင်နိုင်မယ့် အရာတွေလိုအပ်ပြီ။ အထူးသဖြင့် လေယာဉ်ဆီတင်ပို့ရောင်းချမှုမှာ ပါဝင်နေတဲ့နိုင်ငံတွေ၊ အစိုးရတွေ၊ လမ်းကြောင်းတွေကို အမြန်ဆုံးဖြတ်တောက်နိုင်ဖို့ အဲဒီနိုင်ငံတွေအပေါ်မှာ ထိရောက်စွာနဲ့ အရေးယူဖိအားပေးနိုင်မယ့် လုပ်ငန်းစဉ်တွေ အမြန်ကို လိုအပ်နေပါပြီ”

NUG အနေနဲ့ စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းမှုတွေအားလုံးကို စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေ ဖြစ်လာဖို့နဲ့ လေကြောင်းအချက်ပေးစနစ် နည်းပညာ အကူအညီ ရရှိနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာလ ၄ ရက် စာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ကြောင့် ပြည်သူ ၄၀၃၅ ဦး သေဆုံးသွားပြီဖြစ်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။