ဇွန်လအတွင်း လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၁၈ ဦးသေဆုံး
2023.07.11

ပြီးခဲ့တဲ့ဇွန်လအတွက် စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကို RFA က လက်လှမ်းမီသလောက် မှတ်တမ်းပြုစုတဲ့အခါ စစ်ကိုင်း၊ ပဲခူး၊ ကရင်၊ ချင်းနဲ့ ကယားပြည်နယ်တွေမှာ ဖြစ်ခဲ့တာတွေ့ရပြီး၊ အဲဒီလို တိုက်ခိုက်ခံရလို့ သေဆုံးတဲ့ အရပ်သား အနည်းဆုံး ၁၈ ယောက်ရှိနေပါတယ်။
စစ်ကိုင်းတိုင်းမှာ ၁၂ ယောက်ဖြစ်ပြီး၊ ကယားပြည်နယ်မှာ ခြောက်ယောက်ဖြစ်ပါတယ်။ ဒဏ်ရာရတဲ့ အရပ်သားကတော့ အနည်းဆုံး ၄၁ ယောက်ရှိခဲ့ပါတယ်။ လက်တွေ့မှာ ဒီအရေအတွက်တွေထက် ပိုများနိုင်ပါတယ်။
"လေယာဉ်နဲ့ ပတ်သက်တာ ပံ့ပိုးပေးတာမျိုးတွေကို ချက်ချင်းပိတ်ဆို့ရမယ်"
တိုက်ခိုက်ခံရတဲ့ အကြိမ်ရေကတော့ စစ်ကိုင်းတိုင်းမှာ ၁၀ ကြိမ်၊ ပဲခူးတိုင်းမှာ တစ်ကြိမ်၊ မကွေးတိုင်းမှာ နှစ်ကြိမ်၊ ကရင်ပြည်နယ်မှာ ၁၂ ကြိမ်၊ ချင်းပြည်နယ်မှာ နှစ်ကြိမ်၊ မွန်ပြည်နယ်မှာ တစ်ကြိမ်ရှိခဲ့ပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ ကယားပြည်နယ်ထဲမှာတော့ လေကြောင်းကနေ တိုက်ခိုက်ခံရတာ ၆၄ ကြိမ်အထိရှိခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က ဇူလိုင်လ (၁) ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဇွန်လ ၂၇ ရက်က စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ညောင်ကုန်းရွာ လေကြောင်းတိုက်ခိုက် ခံရမှုမှာ သံဃာတစ်ပါးနဲ့ အရပ်သား ၁၀ ယောက် သေဆုံးခဲ့ရသလို၊ ဘုန်းကြီးကျောင်း တစ်ကျောင်း၊ အိမ် ၁၃ လုံးနဲ့ အရပ်သား ၂၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အဲဒီတုန်းက သူ့ညီမရဲ့ခင်ပွန်း သေဆုံးသွားတဲ့ဖြစ်ရပ်ကို ညောင်ကုန်းရွာသူတစ်ယောက်က RFA ကို ပြောပြပါတယ်။
“ကျွန်မကျောင်း (ဘုန်းကြီးကျောင်း) ထဲ ဝင်သွားတဲ့အချိန်မှာ မဟန်နီဇော် (သေဆုံး) က မျက်လုံးကြီးက ဖောက်ထွက်နေပြီး၊ သူ့ကိုတော့ ဆလိုင်းချိတ် (ဆေးကုသမှုပေး) နေတာ။ ကျွန်မ မတ်လေး (ညီမဖြစ်သူရဲ့အမျိုးသား) ကို သေတယ်လို့ မထင်ဘူးလေ။ အဲဒီမှာ ကူညီလုပ်ကိုင်ပေးနေတယ်လို့ ထင်တာ။ တခြားလူတွေကြည့်ရင်း ကြည့်ရင်းနဲ့ သွေးထွက်သံယိုတွေ၊ ဗိုက်တွေမှာ လက်နက်ကြီးမှန်ထားတဲ့ သူတွေကို ကားတွေပေါ်တင်သွားတဲ့အချိန်မှာ မတ်လေးသေပြီဆိုပြီး သိလိုက်ရတာ”
အဲဒီတိုက်ခိုက်မှုမှာ ဗုံးသုံးလုံးကြဲချခဲ့တဲ့အပြင် စက်သေနတ်တွေနဲ့လည်း ပစ်တယ်လို့ သူက ပြောပါတယ်။
ညောင်ကုန်းရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ မရှိပေမယ့် စစ်ကောင်စီရဲ့သူလျှိုတွေ မှားပြီး သတင်းပေးတဲ့ အတွက်ကြောင့် အတိုက်ခံရတာဖြစ်နိုင်တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။
“မြေပြင်သတင်းပေးတွေကနေပြီး မှားယွင်းပြီး သတင်းပေးပြီးတော့ ပြည်သူတွေ အိုးအိမ်တွေပေါ်ရယ်။ ဘာသာရေး အဆောက်အအုံတွေပေါ်ရယ်၊ ဘာသာရေး ခေါင်းဆောင်တွေကို ဗုံးကြဲတာ။ တိတိကျကျ သတင်းပေး မဟုတ်ဘဲ ထင်ရာသတင်းလျှောက်ပေးပြီး ထင်ရာလျှောက်လုပ်တယ်လို့ပဲ အစ်ကိုတို့က သုံးသပ်တယ်”
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ရဲ့ မေလ ၁၇ ရက်နေ့ အစီရင်ခံစာထဲမှာ - ရုရှားလုပ် Mi-35 ရဟတ်ယာဉ်အပြင် MiG-29၊ Yak-130 နဲ့ တရုတ်နိုင်ငံလုပ် K-8 ဂျက်တိုက်လေယာဉ်တွေကို အရပ်သားအိမ်တွေနဲ့ အဆောက်အအုံတွေ တိုက်တဲ့အခါ အသုံးပြုနေတယ်လို့ ဖော်ပြပါတယ်။
တဖက်မှာလည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ နိုင်ငံတစ်ဝန်းမှာ ဗုံးခိုကျင်း ၁၂၀၀ လောက်တူးထားတယ်လို့ NUG အစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ဇူလိုင် ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒါဟာ အရပ်သားတွေကို အကာအကွယ်ပေးဖို့ ပြင်ဆင်ထားတာလို့ NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက RFA ကို ပြောပါတယ်။
“စစ်တပ်က အပြစ်မဲ့ ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့အခါ ကျွန်တော်တို့က အရပ်သားထိခိုက်မှုနဲ့ ဘေးအန္တရာယ်ကို တုံ့ပြန်ဖို့ဆိုတာ အရေးကြီးတယ်။ စစ်ရှိန်မြင့်လာတဲ့အခါမှာ ကျွန်တော်တို့က အရပ်သားကို အကာအကွယ်ပေးဖို့ဆိုတာ အရေးကြီးတယ်။ ဒါကြောင့်မို့လို့ အကာအကွယ်နေရာတွေ၊ ဗုံးခိုကျင်းတူးပေးတဲ့ လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်တာတွေလုပ်သလို လေကြောင်းရန် ကာကွယ်ဖို့ အသိပညာပေးမှုတွေလည်း လုပ်နေပါတယ်”
ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာနဲ့ ဖားကန့်မြို့နယ် အနန့်ပါ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့တော့ စစ်ရေးအရ ဆောင်ရွက်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပေမယ့် တခြားလေကြောင်းတိုက်ခိုက်မှုတွေကို ထုတ်ပြန်ပြောဆိုတာမျိုး မရှိပါဘူး။
စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျုဟာလေ့လာရေးအဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကလည်း စစ်ကောင်စီဟာ စစ်ဆင်ရေးအရ လိုအပ်လို့ လေကြောင်းသုံးတာပဲရှိတယ်လို့ RFA ကို ပြီးခဲ့တဲ့ မေလတုန်းက ပြောထားပါတယ်။
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ အထွေထွေအတွင်းရေးမှူး နန်းမို့မို့ကတော့ စစ်ကောင်စီကို ပြည်ပနိုင်ငံတချို့က စစ်ဘက်ဆိုင်ရာ အထောက်ပံ့ပေးနေတာတွေ အားလုံးရပ်ဆိုင်းအောင် နိုင်ငံတကာအနေနဲ့ လုပ်ပေးဖို့လိုတယ်လို့ ပြောပါတယ်။
“နိုင်ငံတကာရဲ့ပိတ်ဆို့မှုတွေက အရမ်းအရေးကြီးပါတယ်။ လေယာဉ်ဆီ ရောင်းပေးတာမျိုး၊ လေယာဉ်နဲ့ ပတ်သက်တာ ပံ့ပိုးပေးတာမျိုးတွေကို ချက်ချင်းပိတ်ဆို့ရမယ်။ စစ်လက်နက်ပစ္စည်းတွေ၊ လက်နက်ခဲယမ်းတွေကို နိုင်ငံတကာရဲ့ ပိတ်ဆို့မှုတွ ထိထိရောက်ရောက် လုပ်ဖို့လိုတယ်လို့ ကျွန်မနေနဲ့ အကြံပြုတိုက်တွန်းချင်တယ်”
စစ်ကောင်စီဟာ ရုရှား၊ တရုတ်၊ စင်ကာပူ၊ အိန္ဒိယနဲ့ ထိုင်းကနေ စစ်သုံးလေယာဉ်တွေနဲ့ လက်နက်ပစ္စည်းတွေကို အဓိကဝယ်ယူနေတယ်လို့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ရဲ့ မေလ ၁၇ ရက်နေ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ ရုရှားနဲ့ တရုတ်ရှိနေသ၍ စစ်ကောင်စီကို နိုင်ငံတကာက ကန့်သတ်တားဆီးနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။
“ရုရှားနဲ့ တရုတ်ရှိနေသမျှ လေယာဉ်ဆီနဲ့ ပတ်သက်တဲ့ကိစ္စ ကန့်သတ်တားဆီးမှုတွေ ဘာတွေပဲဖြစ်နေပါစေ စစ်ကောင်စီကို လေယာဉ်ဆီဖြတ်တောက်ပေးမယ့် အခြေအနေ မရှိပါဘူး။ ဆိုးရွားတဲ့ အိမ်နီးနားချင်း နိုင်ငံတွေနဲ့ ရင်ဆိုင်နေရတဲ့အခါ ဒီပြသနာကို ဖြေရှင်းလို့ရမယ် မထင်ပါဘူး”
လွတ်လပ်တဲ့အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ကတော့ စစ်တပ် အာဏာသိမ်းပြီးချိန်ကနေ ပြီးခဲ့တဲ့ ဧပြီလအထိ နှစ်နှစ်ကျော်အတွင်း လေကြောင်း တိုက်ခိုက်မှု အကြိမ် ၁၄၀၀ ကျော်ရှိပြီး အရပ်သား သေဆုံးတာ အနည်းဆုံး ၅၃၀ ကျော်ပြီလို့ မေလထဲမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
တစ်နိုင်ငံလုံးမှာ လေကြောင်းတိုက်ခိုက်ခံရမှု ပထမအများဆုံးက ကရင်ပြည်နယ်ဖြစ်ပြီး၊ ဒုတိယအတိုက်ခံရ မှုအများဆုံးက စစ်ကိုင်းတိုင်းဖြစ်တယ်လို့ သိရပါတယ်။