လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သားသေဆုံးမှု ခုနစ်ဆ မြင့်တက်

RFA Burmese
2023.12.07
လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သားသေဆုံးမှု ခုနစ်ဆ မြင့်တက် လောက်ကိုင်မြို့အထွက် ပါစင်ကျော်ဂိတ်အနီးတွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူအချို့ကို တွေ့ရစဉ်။
Citizen Journalist

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွေရဲ့ စစ်ဆင် ရေးတွေအတွင်း ထိန်းချုပ် နယ်မြေအများအပြားဆုံးရှုံးခဲ့တဲ့ စစ်ကောင်စီတပ်က နိုဝင်ဘာလမှာ လေကြောင်းနဲ့ လက်နက်ကြီးတွေကိုသုံးပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။

အထူးသဖြင့် မြို့နဲ့ တပ်စခန်းတွေအများဆုံး စွန့်လွှတ်ခဲ့ရတဲ့ ရှမ်းပြည်နယ်၊ ကယား ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းတွေအတွင်း တိုက်ခိုက်မှုတွေ ပိုပြီးပြင်းထန်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုလည်း တစ်ဟုန်ထိုး တိုးလာပြီး အရင်လကထက် ခုနစ်ဆအထိ မြင့် တက်ခဲ့ပါတယ်။ RFA က ပြုစုထားတဲ့ စာရင်းတွေအရ လေကြောင်းနဲ့လက်နက်ကြီးကြောင့် အောက်တိုဘာလ အတွင်း အရပ်သား၂၈ ဦး သေဆုံးပြီး ၁၀၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ နိုဝင်ဘာလမှာတော့ ၁၉၆ ဦးသေဆုံးပြီး ၂၂၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

"စစ်ကောင်စီဘက်က လေယာဉ်သုံးနေသရွေ့၊ ပြည်သူလူထုတွေအပေါ် ပြန်ပြီး ဦးတည်တိုက်ခိုက်နေသရွေ့ ထိခိုက်မှုတွေ ဆက်ရှိနေမှာပဲ”

အရပ်သားထိခိုက်မှုအများဆုံးက ၁၀၂၇ စစ်ဆင်ရေးအရှိန်မြင့်နေတဲ့ ရှမ်းပြည်နယ် ဖြစ်ပါတယ်။ နိုဝင်ဘာလ အတွင်း အယောက် ခြောက်ဆယ် သေဆုံးပြီး ၄၄ ဦး ဒဏ်ရာရရှိခဲ့တာပါ။

စစ်ကောင်စီတပ်က အရပ်သားတွေကို ဦးတည်တိုက်ခိုက်ခဲ့တယ်လို့ ရှမ်းပြည်နယ် မြောက်ပိုင်း စစ်ရေးပဋိပက္ခကို စောင့်ကြည့်လေ့လာနေတဲ့ တအာင်းအမျိုးသမီးအဖွဲ့ (TWO) ပြောခွင့်ရသူက ပြောပါတယ်။

“ဒီလိုတိုက်ပွဲတွေက ဆက်ပြီးပြင်းထန်နေမယ်။ စစ်ကောင်စီဘက်ကလည်း လက်နက် ကြီးတွေသုံးပြီး လေယာဉ် တွေကို အသုံးပြုပြီးမှ ပစ်ခတ်တိုက်ခိုက်နေမယ်ဆိုရင်တော့ အရပ်သားပြည်သူလူထုတွေက ဒီထက်ပိုပြီး ထိခိုက် လာနိုင်ဖွယ်ရှိတယ်။ တော်တော် များများ ထိခိုက်ဒဏ်ရာရတာက လေယာဉ်တွေနဲ့ အသုံးပြုတဲ့ဟာတွေက များတဲ့ အခါကျတော့ စစ်ကောင်စီဘက်က လေယာဉ်သုံးနေသရွေ့၊ ပြည်သူလူထုတွေအပေါ် ပြန်ပြီး ဦးတည်တိုက်ခိုက်နေ သရွေ့ ထိခိုက်မှုတွေ ဆက်ရှိနေမှာပဲ”

အရပ်သားတွေဟာ ကိုယ့်အိမ်၊ ကိုယ့်ယာမှာနေရင်း လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကို ခံခဲ့ကြတာလို့ သူက ပြောပါတယ်။

အရပ်သားထိခိုက်သေဆုံးမှု ဒုတိယအများဆုံးက စစ်ကိုင်းတိုင်း ဖြစ်ပါတယ်။ ကောလင်း၊ ခါမ်းပါတ် နဲ့ ရွှေပြည်အေးမြို့တွေကို လက်လွှတ်ခဲ့ရပြီးနောက် စစ်ကောင်စီတပ်ရဲ့ တုံ့ပြန်တိုက်ခိုက်မှုတွေမှာ အရပ်သား အများအပြား ထိခိုက်သေဆုံးခဲ့လို့ ဒေသခံတွေက ပြောပါတယ်။ RFA ရဲ့ စာရင်းတွေအရ နိုဝင်ဘာလအတွင်း စစ်ကိုင်းတိုင်းမှာ အရပ်သား ၄၄ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ငါးရန့်အိုရွာက အသက် ၂၂ နှစ်အရွယ် အမျိုးသမီးဟာ သူ့အိမ်ပေါ်ကို လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခံရပြီး သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လေယာဉ်ပေါ်က ချတဲ့ဗုံးက ဘယ်လိုဗုံး အမျိုးအစားလဲတော့ မသိဘူး။ အဲဒီ ဗုံးက လေယာဉ်ပေါ်က ချတဲ့အချ၊ ဒီအမျိုးသမီးလေးကလည်း ပစ်သံခတ်သံတွေကြားတော့ အိမ်ထဲကနေ အိမ်အပြန်ကိုထွက်တဲ့အချိန် လေယာဉ် ပေါ်က ချတဲ့ဗုံးက ကွဲပြီး သေသွားတာ။ ကောင်မလေးက နှစ်ဆယ်ကျော်ပဲရှိသေးတယ်”

တိုက်ပွဲဖြစ်တာမရှိဘဲ ငါးရန့်အိုရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သူက ပြောပါတယ်။

နောက်ထပ် ထိခိုက်မှုအများဆုံးက ကယားပြည်နယ် ဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၁ ရက် ကစလို့ တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေးဆိုပြီး လွိုင်ကော်မြို့ကို သိမ်းယူဖို့ကြိုးစားနေတဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) လက်အောက်ခံ ကရင်နီတပ်မတော် (KA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

လေကြောင်းတိုက်ခိုက်မှုကြောင့် အကာအကွယ်ယူနေသည့် ကယားပြည်နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Karenni Humanitarian Aid Initiative (KHAI))
လေကြောင်းတိုက်ခိုက်မှုကြောင့် အကာအကွယ်ယူနေသည့် ကယားပြည်နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Karenni Humanitarian Aid Initiative (KHAI))

စစ်ရေးဗျူဟာအရ စစ်ကောင်စီတပ်က အရပ်သားတွေကို တမင်ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ KNPP အတွင်းရေးမှူး (၁) ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

“တောထဲမှာ ကျွန်တော်တို့ IDP စခန်းတွေ ရှိတဲ့နေရာမှာ တိုက်ပွဲမဖြစ်ဘဲနဲ့ လက်နက် ကြီးတွေနဲ့ထုတာတွေ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲချတာတွေက သူတို့ပုံမှန်လုပ်နေကျ။အရပ်သားတွေကို ပစ်မှတ်ထားပြီးတော့မှ စစ်တပ်ဘက်ကနေပြီးတော့ ကျွန်တော်တို့ကို ဖိအားပေးတဲ့သဘောပါ။ စစ်ရေးမှာ မဟာဗျူဟာတစ်ခုအရပေါ့။ ကျွန်တော်တို့က သူတို့ကို စစ်တိုက်ရုံတင်မကဘူး ပြည်သူလူထုရဲ့ လုံခြုံရေးနဲ့ ပြည်သူလူထုရဲ့ လိုအပ် ချက်တွေ ကိုပါ တစ်ပြိုင်နက်တည်း လုပ်ပေးနေရတာ။ အရပ်သား တွေကို သူတို့က ပစ်မှတ်ထားပြီးတော့မှ ပစ်ခတ် တိုက်ခိုက်မှုတွေ၊ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်တဲ့အတွက် ကျွန်တော်တို့အတွက် စစ်ရေးအရ စစ်ရေးမဟာဗျူဟာ အရ ကျွန်တော်တို့အတွက် ပိုပြီး ဝန်ပိစေတဲ့ပုံစံကို လုပ်တဲ့သဘောပါပဲ”

စစ်ကောင်စီတပ်က အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်ဆိုတဲ့ စွပ်စွဲ ချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါဘူး။ ဒါပေမဲ့ စစ်ကောင်စီတပ်က အရပ်သားတွေနေထိုင်တဲ့နေရာတွေကို ဘယ်တုန်းကမှ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ တာမရှိဘူးလို့ နိုဝင်ဘာလ ၂၉ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကတော့ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စာရင်း ပြုစုထားပြီး အရေးယူနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်က ပြောပါတယ်။

“ဒါတွေက ဘာကိုပြလဲဆိုရင် စစ်တပ်က စစ်ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန် နေတယ်။ ကျွန်တော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရကတော့ မှတ်တမ်းတွေယူထား တယ်။ အဲဒီမှတ်တမ်းတွေကို ကျွန်တော်တို့ရဲ့ ပြည်တွင်းတရားစီရင်ရေးမှာ အသုံးချဖို့အတွက် အထောက်အထားတွေဖြစ်သလို နိုင်ငံတကာ တရားစီရင်ရေး မှာလည်း အသုံးချနိုင်ဖို့အတွက် IIMM နဲ့ ချိတ်ဆက်ပြီး ဒီအထောက်အထားတွေကို မျှဝေပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း မျှဝေနေပါတယ်”

RFA က ပြုစုထားတဲ့ စာရင်းတွေအရ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ကနေ နိုဝင်ဘာလအထိ ၁၁ လအတွင်း အရပ်သား ၇၃၀ ဦးသေဆုံးပြီး ၁၂၉၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။