ထိုင်း-မြန်မာနယ်စပ်က စစ်ဘေးဒုက္ခသည် ၇၀၀ ခန့် စားနပ်ရိက္ခာအခက်ကြုံနေ

2022.07.12
ထိုင်း-မြန်မာနယ်စပ်က စစ်ဘေးဒုက္ခသည် ၇၀၀ ခန့် စားနပ်ရိက္ခာအခက်ကြုံနေ ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်နေရသည့် မြန်မာစစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့က တွေ့ရစဉ်
Photo: AEC News

ကရင်ပြည်နယ် မြဝတီမြို့နယ် ထိုင်း-မြန်မာ နယ်စပ်အနီးမှာ ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ် ကစလို့ ဖြစ်ပွားခဲ့တဲ့ ဥကရစ်ထတိုက်ပွဲနဲ့ ဝေါလေဒေသ တိုက်ပွဲတွေကြောင့် ရွာပေါင်း ခုနစ် ရွာလောက်က ဒေသခံ ၂၄၀၀ လောက် ထိုင်းနိုင်ငံဘက်ခြမ်းနဲ့ ထိုင်း-မြန်မာနယ်စပ် မြန်မာ ဘက်ခြမ်း သောင်ရင်းမြစ်ဘေးကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်နေကြရသူတွေဟာ ဝေါ်လေခီး၊ ဥကရစ်ထ၊ ဝါးမယ်ထ၊ ရွှေအေးမြိုင်၊ တောင်နီ၊ သေ့ဘောဘိုး၊ ဘလယ်ဒို့ခီး စတဲ့ရွာတွေကဖြစ်ပါတယ်။ ထွက်ပြေးရတဲ့ ဒေသခံ ၂၄၀၀ လောက်ထဲက ၁၇၀၀ ဝန်းကျင်လောက်ဟာ ထိုင်းနိုင်ငံဘက်ခြမ်းမှာ ထွက်ပြေးခိုလှုံ နေကြရတာကြောင့် လတ်တလော စားနပ်ရိက္ခာအတွက် ပြေလည်ပေမယ့် မြန်မာဘက် ခြမ်းမှာ ကျန်ခဲ့တဲ့ ဒုက္ခသည် ၇၀၀ လောက်ကတော့ စားနပ်ရိက္ခာပို့ဆောင်ဖို့ ခက်ခဲနေတာ ကြောင့် အခက်ကြုံနေကြရတယ်လို့ စစ်ဘေးဒုက္ခသည်တွေအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

"လောလောဆယ်မှာတော့ ရိက္ခာက ဝယ်လို့ရတယ်။ သို့သော် သယ်လို့မရတဲ့အနေအထားမျိုး ဖြစ်နေတာဗျ”

မြဝတီ-ဝေါလေ လမ်းပိုင်းကို စစ်ကောင်စီတပ်က သွားလာခွင့်ပိတ်ထားတာ၊ သောင်ရင်းမြစ် ဘေး ထိုင်းဘက်ခြမ်းမှာ ထိုင်းစစ်သားတွေနဲ့ လုံခြုံရေးတိုးမြှင့်ထားတာတွေကြောင့် မြန်မာ ဘက်ခြမ်းမှာ ကျန်နေတဲ့ ဒုက္ခသည်တွေဆီကို စားနပ်ရိက္ခာတွေ မရောက်နိုင်ဘဲဖြစ်နေတယ် လို့ ဆိုပါတယ်။

ဥကရစ်ထတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တစ်စင်း ထိုင်းဘက် ခြမ်းကို ကျော်ပြီးပျံသန်းခဲ့တဲ့ ဇွန်လ ၃၀ ရက် နောက်ပိုင်း ထိုင်းဘက်ခြမ်းက လုံခြုံရေးပို တိုးတဲ့အတွက် စားနပ်ရိက္ခာတွေပို့ဖို့ ပိုခက်ခဲသွားတာလို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီ ပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“ပိုက်ဆံရှိရင်တောင်မှ ရိက္ခာမရတဲ့ အခက်အခဲမျိုးပေါ့နော်။ ဒီဘက်မြန်မာဘက်ကမ်းက ဆိုရင်လည်း မြဝတီ-ဝေါလေ လမ်းကြောရှိတယ်။ ဒါပေမဲ့ အဲဒီလမ်းကြောမှာက စစ် ကောင်စီက နေရာယူတဲ့အတွက်ကြောင့် ကျနော်တို့ ပစ္စည်းတွေသယ်လို့မရဘူး။ ဝယ်ယူ လို့မရဘူး။ နောက်ထပ် ဘာဖြစ်လဲဆိုတော့ ဒီဘက် ထိုင်းနိုင်ငံဘက်ကနေ ဝယ်မယ်ဆို လို့ရှိရင်လည်း ဝယ်ယူလို့တော့ရတယ်။ ဒါပေမဲ့ ပြန်သယ်လို့မရတဲ့ အခက်အခဲ။ ဒီသောင် ရင်းမြစ်ကိုဖြတ်ပြီးတော့ ပြန်သယ်လို့မရတဲ့အခက်အခဲတွေ ရှိတယ်ပေါ့။ ဒါကြောင့် လောလောဆယ်မှာတော့ ရိက္ခာက ဝယ်လို့ရတယ်။ သို့သော် သယ်လို့မရတဲ့အနေအထား မျိုး ဖြစ်နေတာဗျ”

စားနပ်ရိက္ခာ၊ အမိုးအကာ စတဲ့အကူအညီပစ္စည်းတွေကို စစ်ဘေးဒုက္ခသည်တွေဆီကို ရောက်အောင် ခိုးဝှက်ပို့ ဆောင်နေကြရပြီး ခရီးလမ်းတွေ ကြန့်ကြာတာ၊ အစားအသောက် တွေ အချိန်မီ မရောက်တာ၊ ပမာဏနည်းနည်းပဲ ရောက်သွားတာတွေကြောင့် စစ်ဘေးဒုက္ခ သည်တွေ အခက်တွေ့နေကြရတာလို့ သူက ဆိုပါတယ်။

ဒုက္ခသည်တွေဟာ နေရပ်ပြန်ဖို့လည်း မဖြစ်နိုင်သေးတာကြောင့် သောင်ရင်းမြစ်ကမ်းဘေး မှာ အခက်အခဲတွေနဲ့ ဖြစ်သလို နေထိုင်နေကြရတယ်လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။

“အခုကတော့ အိမ်တော့ မပြန်ရဲဘူးပေါ့။ ချောင်းနားမှာ (သောင်ရင်းမြစ်) တဲနားမှာနေ ကြတယ်။ အခုက အခက်အခဲဆိုရင် ရေသန့်ရယ်၊ မိုးကာရယ် ပြီးတော့ ရိက္ခာရယ် အဲဒီ လောက်ပဲလိုအပ်တယ်။ ဆေးတွေ နည်းနည်းပါးပါးပေါ့။ ကလေးတွေက များတယ်။ ကလေးတွေက အခုက မိုးတွင်းဆိုရင် ကိုယ်ပူလိုက်၊ နှာစေးလိုက်၊ ချောင်းဆိုးလိုက် အဲဒီ လိုမျိုးဖြစ်တယ်။ အခုက တစ်ရွာလုံးက၊ ဒီကရွာတွေက တစ်ယောက်မှ ရွာမှာ မနေကြ ဘူး။ ဘယ်တော့ သူတို့လာမလဲ၊ ဘယ်တော့ သူတို့ လေယာဉ်လာမလဲ အဲလိုမျိုးပေါ့”

မိုးတွင်းကာလမှာ သောင်ရင်းမြစ်ရေကလည်း ကြည်လင်မှုမရှိဘဲ နောက်ကျိနေတာကြောင့် မြစ်ရေကိုလည်း သောက်ရေအဖြစ်သုံးလို့ မရဘူးလို့ သူက ဆိုပါတယ်။

လက်ရှိမှာတော့ ဥကရစ်ထစခန်းဘက်မှာ တိုက်ပွဲတွေ မရှိတော့ဘဲ မြဝတီ-ဝေါလေ သုံးထပ်ကွေ့ ဆိုတဲ့နေရာမှာ ဒီနေ့ထိ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ကရင်ပြည်နယ် တွင်းက PDF စစ်ကြောင်းတစ်ခုဖြစ်တဲ့ ကော်ဘရာ စစ်ကြောင်းက ပြောပါတယ်။

ဇူလိုင်လ ၁၂ ရက် ဒီနေ့မနက်မှာပဲ စစ်ကောင်စီတပ်နဲ့ ကော်ဘရာစစ်ကြောင်းတို့ မြဝတီ-ဝေါလေလမ်း သုံးထပ်ကွေ့မှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ရှိသူ ကိုမျိုးသူရကိုကိုက ပြောပါတယ်။

“ဒီနေ့မနက်ပဲ ကျူးကျော်လာတဲ့ စစ်ကောင်စီနဲ့ ကျနော်တို့ ကော်ဘရာစစ်ကြောင်း တိုက်ပွဲတွေ ဆက်ပြီးဖြစ်နေပါတယ်။ အခု ဒီဟာက မြဝတီ-ဝေါလေ ကားလမ်းမမှာရှိတဲ့ သုံးထပ်ကွေ့ပါဗျ။ ဇူလိုင် ၇ ရက်နေ့ကစပြီးတော့ ထိတွေ့မှုစဖြစ်တယ်။ အဲဒီမတိုင်ခင်က တော့ သူတို့စုဖွဲ့မှုတွေ စစ်ကြောင်းချီတာတွေရှိတယ်”

မြဝတီ-ဝေါလေ လမ်းပိုင်းအပါအဝင် မြဝတီမြို့နယ် ဖလူးဒေသတွေမှာ စစ်ကောင်စီတပ်က လက်နက်အင်အား၊ လူအင်အား အလုံးအရင်းနဲ့ ဖြည့်တင်းနေတယ်လို့ သူက ဆိုပါတယ်။

karen.jpg
ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်နေရသည့် မြန်မာစစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့က တွေ့ရစဉ် (Photo: AEC News)

မြဝတီမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေအပြင် ဒုက္ခသည်တွေ စားနပ်ရိက္ခာ အခက်အခဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းပေမယ့် အကြောင်းမပြန်ပါဘူး။

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေထဲမှာ ဇွန်လ တစ်လအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) နဲ့ ပူးပေါင်းတပ်တို့ တိုက်ပွဲပေါင်း ၃၆၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ KNU က ဇူလိုင်လ ၅ ရက်နေ့မှာ ထုတ်ပြန် ထားပါတယ်။

မြဝတီမြို့နယ် ဝေါလေဒေသ ဥကရစ်ထတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က လေကြောင်း ပစ်ကူ အလွန်အကျွံ အသုံးပြုခဲ့ပြီး ဇွန်လ ၂၇ ရက်ကနေ ၃၀ ရက်ထိ လေးရက်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှုပေါင်း ၉၄ ကြိမ်ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေအတွင်း စစ်ရေးပစ်မှတ်မဟုတ်တဲ့ ရပ်ထဲ ရွာထဲကို ပစ်ခတ်ခံ ရမှုတွေကြောင့် အရပ်သား သေဆုံးတာနဲ့ ထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်လို့ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးဒုက္ခသည် တွေက ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။