AA နဲ့ ဆက်စပ်တယ်ဆိုပြီး စစ်တွေဒေသခံ နှစ်ရာကျော် ဖမ်းဆီးတရားစွဲခံထားရ
2024.07.17
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မင်းဂံရပ်ကွက်နဲ့ ဗျိုင်းဖြူရွာ၊ ရွှေပြည်သာရွာနဲ့ တခြားကျေးရွာတချို့က ဒေသခံ နှစ်ရာကျော်ကို အာရက္ခတပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁)၊ ၁၇ (၂) တို့နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးတရားစွဲဆိုထားတယ်လို့ မိသားစုဝင်တွေက RFA ကို ဒီနေ့ပြောပါတယ်။
အဲဒီအထဲက ဗျိုင်းဖြူရွာသား လေးဆယ်ကျော်ကို စစ်တွေမြို့နယ် တရားရုံးမှာ ဇူလိုင်လ ၁၇ ရက် ဒီနေ့ ရုံးထုတ် စစ်ဆေးခဲ့ပြီး ဇူလိုင်လ ၃၁ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်တယ်လို့ ဆိုပါတယ်။ တရားစွဲခံရသူ အရေအတွက် များတာကြောင့် အခုလို အသုတ်လိုက်ခွဲပြီး ရုံးထုတ်စစ်ဆေးနေတာလို့ မိသားစုတွေက ဆိုပါတယ်။
“အားလုံးကို စစ်တွေအကျဉ်းထောင်ထဲမှာ ထည့်ထားပါတယ်။ ဖမ်းထားတာ အားလုံး နှစ်ရာကျော်လောက် ရှိတယ်။ သူတို့ကို AA နဲ့ ဆက်သွယ်တယ်ဆိုတဲ့ ပုဒ်မနဲ့ တရားစွဲထားတယ်"
ဖမ်းဆီးတရားစွဲဆိုခံထားရသူတွေဟာ ဗျိုင်းဖြူကျေးရွာက ဒေသခံ ၁၄၀ ခန့်၊ မင်းဂံရပ်ကွက်က ငါးဆယ်ကျော်နဲ့ ရွှေပြည်သာနဲ့ တခြားကျေးရွာတချို့က လူ နှစ်ဆယ်ကျော် ဖြစ်ပါတယ်။ သူတို့အားလုံးကို စစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ တရားစွဲခံထားရသူတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
“အားလုံးကို စစ်တွေအကျဉ်းထောင်ထဲမှာ ထည့်ထားပါတယ်။ ဖမ်းထားတာ အားလုံး နှစ်ရာကျော်လောက် ရှိတယ်။ သူတို့ကို AA နဲ့ ဆက်သွယ်တယ်ဆိုတဲ့ ပုဒ်မနဲ့ တရားစွဲထားတယ်။ စစ်တွေဆေးရုံမှာ ဆေးကုနေရတဲ့သူတွေလည်းရှိတယ်။ သူတို့က စစ်ကြောရေးမှာ ရိုက်နှက်ခံရတဲ့ ဒဏ်ရာပြင်းလို့ ဆေးကုနေရတာပါ”
ဗျိုင်းဖြူရွာက ဒေသခံတွေကတော့ ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာပါ။ အဲဒီနေ့က ဗျိုင်းဖြူရွာကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ပိတ်ဆို့ဖမ်းဆီးစစ်ဆေးပြီးနောက် လူ ခုနစ်ဆယ်ကျော် အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရသလို ကျန်တဲ့ လူ ၁၄၀ ခန့်ကတော့ စစ်ကြောရေးကနေတစ်ဆင့် စစ်တွေထောင်ကိုပိုပြီး တရားစွဲဆိုခံနေရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။ ကျန်တဲ့သူတွေကလည်း ဗျိုင်းဖြူရွာဖြစ်စဉ် နောက်ပိုင်း အဖမ်းခံခဲ့ရသူတွေ ဖြစ်ပါတယ်။
ဆက်နွှယ်သောသတင်းများ
စစ်ကြောရေးဒဏ်ကြောင့် ဗျိုင်းဖြူရွာသား နှစ်ဆယ်ကျော် ဆေးကုသမှု ခံယူနေရ
စစ်တွေမြို့ပေါ်မှာ ဒေသခံ အမျိုးသားနှစ်ရာခန့် ဖမ်းဆီးခံရ
စစ်တွေ ဗျိုင်းဖြူရွာ စီးနင်းခံရမှု သတ်ဖြတ်ခံရသူ ၇၆ ဦးအထိရှိလာကြောင်း AA ပြော
ဖမ်းဆီးတရားစွဲခံထားရသူတွေရဲ့ မိသားစုဝင်တွေကတော့ အပတ်စဉ် တရားရုံးချိန်းသွားနေရပြီး ငွေကြေးအခက်အခဲကြောင့် ထမင်းတောင် ပုံမှန်မပို့နိုင်ကြဘူးလို့ ဖမ်းဆီးခံထားရသူ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“တစ်ပတ်မှာ တစ်ရက် ရုံးချိန်းတယ်။ ပြီးရင်ပြန်ခေါ်သွားတယ်။ သူတို့ကို ရုံးတင်ပြရုံပါ။ ရုံးတင်တယ် ပြီးတာနဲ့ ချက်ချင်းခေါ်သွားတယ်။ တချို့တွေကတော့ အဆင်မပြေလို့ ဘုန်းကြီးကျောင်းကနေ ထမင်းယူပြီးပို့တယ်။ တခြားလူတွေမှာလည်း အဆင်မပြေရင်လည်း ဖြစ်သလို ထမင်းပို့ကြတယ်။ တစ်ပတ်မှာ တစ်ကြိမ် ရုံးချိန်းတော့ မတတ်နိုင်ဘူးလေ။ အဲဒါကြောင့် ရုံးချိန်းတွေမှာ ထမင်းမပို့နိုင်တာလည်း ရှိတယ်။ အခုအဖမ်းခံရတဲ့သူတွေက AA နဲ့ ဘာမှ ပတ်သက်မှုရှိတဲ့သူတွေမဟုတ်ဘူး”
ဗျိုင်းဖြူရွာမှာ စစ်ကောင်စီတပ်သားတွေမရှိတော့ပေမဲ့ ရွာသားတွေကတော့ မပြန်ရဲကြသေးသလို ရွာမှာရှိတဲ့ ပိုင်ဆိုင်မှုတွေအားလုံးလည်း ဆုံးရှုံးခဲ့ပြီဖြစ်တာကြောင့် မြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာပဲ ဖြစ်သလို နေကြရတယ်လို့ ဆိုပါတယ်။
မိသားစုဝင်တွေဟာ ရှေ့နေငှားဖို့အတွက် ငွေကြေးမတတ်နိုင်တာကြောင့် ရှေ့နေမပါဘဲ တရားရင်ဆိုင်နေရပါတယ်။ ရှေ့နေမပါဘဲ အမှုရင်ဆိုင်တာဟာ တရားစွဲဆိုခံထားရသူတွေအတွက် ပိုပြီး နစ်နာဆုံးရှုံးစေနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တွေမြို့က တရားလွှတ်တော်ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။
“စစ်တွေမှာ ရှေ့နေတွေနဲ့ မြို့ပေါ်ကလူတွေကလည်း စစ်ကိုကြောက်ပြီးတော့ ရှောင်နေကြတဲ့အခါမှာ ရှေ့နေတွေက မရှိသလောက်ဖြစ်နေတယ်။ တရားခံတွေက တော်တော်များတော့ တရားခံတွေက ရှေ့နေနဲ့ ခုခံဖို့အတွက် အခွင့်အရေးတွေ နစ်နာဆုံးရှုံးကြတယ်။ ရှေ့နေမပါတဲ့အခါမှာ ဥပဒေကပေးတဲ့ အခွင့်အရေးကို မသိတဲ့အတွက်ကြောင့် အဲဒီအခွင့်အရေးကို တရားရုံးဆီက တင်ပြတောင်းဆိုဖို့ မတတ်တဲ့အခါမှာ အဲဒီ တရားခံတွေက အခွင့်အရေးတွေ ဆုံးရှုံးကြတယ်။ ထောင်မကျသင့်ဘဲ ကျတယ်။ အဲဒီလိုမျိုးဖြစ်တာပေါ့”
စစ်ကောင်စီတပ်က တရားစွဲထားတဲ့ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ - ၁၇(၁)ဟာ ထောင်ဒဏ် နှစ်နှစ်ကနေ သုံးနှစ်အထိ ချမှတ်နိုင်ပြီး ပုဒ်မ - ၁၇(၂) ကတော့ ထောင်ဒဏ် သုံးနှစ်ကနေ ငါးနှစ်အထိ ချမှတ်နိုင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
စစ်တပ်နဲ့ AA တို့ကြား စစ်ရေးပဋိပက္ခကာလတွေမှာ ဒေသခံတွေကို AA နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ်က မကြာခဏ ဖမ်းဆီးတရားစွဲဆိုလေ့ ရှိနေပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ကစပြီး စစ်တွေမြို့ရဲ့ ကုန်းလမ်း၊ ရေလမ်းအားလုံးကို စစ်ကောင်စီတပ်က ပိတ်ပင်ထားတာပါ။ မြို့ပေါ် လူထုအများစုကလည်း ရန်ကုန်နဲ့ တခြားလုံခြုံမဲ့နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြပြီး တချို့ကလည်း ငွေကြေးအခက်အခဲကြောင့် မထွက်ပြေးနိုင်ဘဲ မြို့ပေါ်မှာ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။