တောင်ကုတ်မြို့နယ် တစ်ခုလုံးကို AA သိမ်းပိုက်ထိန်းချုပ်

RFA Burmese
2024.12.16
တောင်ကုတ်မြို့နယ် တစ်ခုလုံးကို AA သိမ်းပိုက်ထိန်းချုပ် အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား ထိုးစစ်ဆင်တိုက်ခိုက်နေစဉ်အတွင်း အာရက္ခတပ်တော် (AA) မှ သိမ်းပိုက်ထားသည့် တပ်စခန်းအချို့အား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ထားစဉ်။
Telegram/ AA Info Desk

အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ကို ဒီဇင်ဘာ ၁၄ ရက်နေ့က အပြီးတိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။

စစ်ကောင်စီရဲ့ စကခ (၅) အပါအဝင် တစ်မြို့နယ်လုံး သိမ်းလိုက်တာလို့ ပြောခွင့်ရသူ ဦးခိုင်သုခက RFA ကို ဒီနေ့ အတည်ပြုပြောဆိုပါတယ်။

“ဒီဇင်ဘာ ၁၄ ရက်နေ့ ညနေ လေးနာရီ ဆယ်မိနစ်မှာ တောင်ကုတ်မှာရှိတဲ့ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် အမှတ် (၅) ကို ကျွန်တော်တို့ အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တောင်ကုတ်မြို့နယ် တစ်ခုလုံးကို ကျွန်တော်တို့ အာရက္ခတပ်တော် (AA) က အပြီးပိုင် သိမ်းပိုက်ထိန်းချုပ်နိုင်ပြီ ဖြစ်ပါတယ်”

တောင်ကုတ်မြို့နယ်မှာရှိတဲ့ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ ခမရ (၃၄၆)၊ (၅၄၄) အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်းကြီးငယ် ဆယ်ခုကျော်စလုံးကို (AA) က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

တောင်ကုတ်တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိပေမဲ့ အသေးစိတ်အခြေအနေကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

“တောင်ကုတ်မြို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာ လဆန်းပိုင်းကစလို့ တိုက်ခိုက်နေတာဖြစ်ပြီး အခု တစ်လကျော်အကြာမှာ သိမ်းနိုင်ခဲ့တာပါ”

AA က တောင်ကုတ်မြို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာ လဆန်းပိုင်းကစလို့ တိုက်ခိုက်နေတာဖြစ်ပြီး အခု တစ်လကျော်အကြာမှာ သိမ်းနိုင်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တောင်ကုတ်ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“တောင်ကုတ်မှာ စစ်တပ်က သုံးခုရှိတယ်။ ဌာနချုပ်ရယ်၊ ပြီးတော့ လက်အောက်ခံတပ် နှစ်ခု၊ သုံးခုရှိတယ်။ အခု အကုန်လုံး သိမ်းလိုက်ပြီ။ သူတို့ရဲ့ စခန်းသိမ်းတိုက်ပွဲက အချိန်တစ်လကျော် ကြာတာပေါ့။ အဲဒီ တပ်စခန်းတွေက အတော်ကြီးပါတယ်။ နည်းနည်းနောနော မဟုတ်ဘူး။ တောင်ကုတ်မြို့ပြင်က သူတို့ရဲ့ နေရာတစ်ခုပေါ့။ နေရာက မြို့တစ်မြို့လောက်တောင် ရှိတယ်”

စစ်ကောင်စီတပ်ဟာ တောင်ကုတ်မြို့နဲ့ စကခ (၅) မကျဖို့အတွက် လေကြောင်းကနေ အဓိက ပစ်ကူပေးပြီး အပြင်းအထန် ခုခံခဲ့တယ်လို့ ဆိုပါတယ်။

“ရခိုင်ပြည်နယ်မှာ စစ်ကောင်စီ ထိန်းချုပ်နိုင်တာ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် သုံးမြို့နယ်ပဲ ကျန်ပါတော့တယ်”

အခုဆိုရင် ရခိုင်ပြည်နယ်က ၁၇ မြို့နယ်ထဲမှာ အာရက္ခတပ်တော် (AA) က ၁၂ မြို့နယ်အထိ သိမ်းပိုက်ထားပြီးပြီ ဖြစ်ပါတယ်။ ကျန်တဲ့ ငါးမြို့နယ်မှာ အမ်းနဲ့ ဂွမြို့နယ်ကိုလည်း တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားပါတယ်။

အမ်းမြို့ကိုလည်း AA ထိန်းချုပ်ထားနိုင်ပြီး နောက်ဆုံး ကျန်နေတဲ့ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်ကို သိပ်မကြာခင်မှာ သိမ်းပိုက်နိုင်တော့မယ်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောပါတယ်။

“အမ်းစစ်မြေပြင်ကတော့ အမ်းမြို့တစ်ခုလုံးကို ကျွန်တော်တို့က အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။ အမ်းမြို့ရဲ့ အောက်နားလေးမှာ နောက်ဆုံး ကွက်ကွက်လေး ကျန်နေတဲ့ နပခ ဌာနချုပ်စခန်းကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေတာ ရှိတယ်။ အခြေအနေ ကောင်းတယ်။ မကြာခင်မှာ သိမ်းပိုက်နိုင်တော့မယ်လို့ ပြောလို့ ရပါတယ်”

ဒါကြောင့် ရခိုင်ပြည်နယ်မှာ စစ်ကောင်စီ ထိန်းချုပ်နိုင်တာ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် သုံးမြို့နယ်ပဲ ကျန်တော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီ သုံးမြို့နယ်ကိုလည်း AA က ဆက်ပြီး ထိုးစစ်ဆင် သိမ်းပိုက်လာနိုင်တယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေတဲ့ ပရဟိတသမား ကိုဝေဟင်အောင်က သုံးသပ်ပါတယ်။

“အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်အခြေအနေကို ပြန်ပြီးသုံးသပ်မယ်ဆိုလို့ရှိရင် တစ်နှစ်ကျော်အတွင်းမှာ မြို့နယ်ပေါင်း ၁၃ မြို့နယ်လောက်ကို သိမ်းထားပြီးပြီပေါ့နော်။ တစ်လကို တစ်မြို့နှုန်းနဲ့ သိမ်းလာနိုင်ခဲ့တယ်လို့ ကျွန်တော်တို့ ပြောလို့ရတယ်။ အမ်းတို့ ဂွတို့ တိုက်ပွဲပြီးတဲ့နောက်ပိုင်းမှာ သေချာတာကတော့ စစ်တွေရယ်၊ ကျောက်ဖြူရယ်၊ မာန်အောင်ရယ် ဒီသုံးမြို့ကိုလည်း သူတို့က ချန်ထားခဲ့မှာ မဟုတ်ဘူးဗျ။ ဆက်ပြီးတော့ ထိုးစစ်ဆင်လိမ့်မယ်လို့ ကျွန်တော်က တွက်ဆမိတယ်”

လက်ရှိမှာ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) နဲ့ ဂွမြို့ရှိတဲ့ ခမရ (၅၆၃) တပ်ရင်းကို AA က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

မောင်တောကို AA သိမ်းပိုက်ပြီးနောက် စစ်ခေါင်းဆောင်ကို တပ်ထောက်ခံသူတွေ ဝေဖန်

တောင်ကုတ်မြို့နယ်ကို သိမ်းပိုက်ပြီး အမ်းနဲ့ ဂွကို AA ထိုးစစ်ဆင်

လက်နက်ကိုင်လမ်းစဉ်စွန့်ဖို့ စစ်ခေါင်းဆောင်ပြော


တောင်ကုတ်မြို့ အပါအဝင် ရခိုင်ပြည်နယ်က တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

အာရက္ခတပ်တော် (AA) က ဒီဇင်ဘာ ၈ ရက်နေ့မှာ မောင်တောမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ခဲ့ပြီး ဒီဇင်ဘာ ၁၄ ရက်မှာတော့ တောင်ကုတ်မြို့နယ်ကို သိမ်းလိုက်တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။