ရခိုင်က စစ်ကောင်စီတပ်တွေကို ရက္ခိုင့်တပ်တော် (AA) တစ်ပြိုင်နက် ထိုးစစ်ဆင်နေ

RFA Burmese
2024.01.17
ရခိုင်က စစ်ကောင်စီတပ်တွေကို ရက္ခိုင့်တပ်တော် (AA) တစ်ပြိုင်နက် ထိုးစစ်ဆင်နေ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် တောင်ရှည်တောင်ဗျူဟာကုန်း တိုက်ပွဲအတွင်း သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား ရက္ခိုင့်တပ်တော် (AA)က ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည့်ပုံ။
Arakan Army

ရခိုင်မြောက်ပိုင်းဒေသ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ အခြား မြို့နယ်တွေက စစ်ကောင်စီတပ်တွေကို ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်တော်မြို့နယ်က ခမရ - ၅၃၉ စစ်ကောင်စီတပ်ရင်းကို ဇန်နဝါရီလ ၁၆ ရက် မနေ့က ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တပ်မိသားစုတွေ အပါအဝင် စစ်ကောင်စီ တပ်သားသုံးရာနီးပါး အလံဖြူထောင်ပြီး လက်နက်ချ အညံ့ခံခဲ့ကြတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

စစ်တွေ-ရန်ကုန် အမြန်လမ်းမပေါ်က ကန်စောက်တောင် အရှေ့ဘက်ခြေရင်းမှာရှိတဲ့ အဲဒီ ခမရ - ၅၃၉ တပ်ရင်းဟာ အခိုင်အမာတည်ဆောက်ထားတဲ့ တပ်ရင်းကြီးတစ်ခုပါ။ အဲဒီ တောင်ရဲ့ အနောက်ဘက် ခြေရင်းမှာရှိတဲ့ အမှတ် ၃၇၇ အမြောက်တပ်ရင်းကိုတော့ ဇန်နဝါရီလ ၁၄ ရက်နေ့က ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားပါတယ်။

“(AA) ရဲ့ တပ်ဖွဲ့ဝင်အင်အားတွေ ပိုပြီးတိုးလာနေသလို တိုက်ခိုက်ရေးနည်းပညာ၊ စစ်လက်နက်ပစ္စည်းတွေလည်း ပိုပြီး အဆင့်မြင့်လာတာ တွေ့ရတယ်”

ကန်စောက်တောင်ခြေရင်း တစ်ဘက်တစ်ချက်စီမှာရှိတဲ့ အဲဒီတပ်ရင်းနှစ်ခု မကျရှုံးစေရေး စစ်ကောင်စီက အပြင်းအထန် ခုခံခဲ့ပေမယ့် နောက်ဆုံးမှာတော့ တပ်ရင်းနှစ်ခုလုံးကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်နိုင်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“မနေ့မနက်က အဲဒီအနားကို အနီးကပ်ရောက်ခဲ့တယ်။ မနက်က တိုက်ပွဲအကြိတ်အနယ် ဖြစ်တာ။ စစ်ကောင်စီဘက်က လေယာဉ်သုံးစင်းနဲ့ လာပစ်သေးတယ်။ AA ကလည်း ဒရုန်းတွေနဲ့ပစ်တယ်။ လက်နက်ကြီး စစ်ကူတွေလည်း ပေးတယ်။ နှစ်ဖက် အပြန်အလှန်ပစ်ခတ်သံတွေ ကြားရတယ်။ မနက် ဆယ်နာရီလောက်ရှိမယ် ထင်တယ်။ အဲဒီအချိန်လောက်မှာ စစ်ကောင်စီတပ်သားတွေက အလင်းဝင်တယ်။ တပ်မိသားစုဝင် တွေလည်း အားလုံးပါတယ်”

လက်နက်အချ အညံ့ခံခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကိုတော့ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တွေက ခေါ်ဆောင်သွားတယ်လို့လည်း ဆိုပါတယ်။ ကျောက်တော်မြို့နယ်က အခြားစစ်ကောင်စီတပ်ရင်းတွေ၊ တပ်စခန်းတွေ အများအပြားကိုလည်း ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားပြီး လက်ရှိမှာတော့ ခမရ - ၃၇၄၊ ၃၇၅၊ ၃၇၆ စတဲ့ တပ်ရင်းသုံးခုနဲ့ စကခ (၉) တပ်မတစ်ခုသာ ကျန်ရှိတော့တယ်လို့ ဆိုပါတယ်။

အလားတူ ရသေ့တောင်မြို့နယ်မှာလည်း စစ်ကောင်စီတပ်စခန်း အားလုံးနီးပါးကို AA က သိမ်းပိုက်ထားပြီး မြို့ပေါ် တစ်ခုသာ ကျန်တော့တယ်လို့ ရသေ့တောင်ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“အခု ရသေ့တောင်မြို့နယ်မှာတော့ စစ်ကောင်စီတပ်က မြို့ပေါ်လောက်မှာပဲ ရှိတော့တယ်။ နယ်တွေမှာ တစ်ခုမှမရှိတော့ဘူး။ ရေစိုးချောင်းဗျူဟာမှာ စစ်ကောင်စီတပ်က အလင်းဝင်တာတို့ ကျဆုံးတာတို့ တော်တော်များများရှိတယ်။ အခုကတော့ သူတို့ရသေ့တောင်မြို့ပေါ်က တပ်တွေနဲ့ပေါင်းပြီးတော့ မြို့ပေါ်မှာ နေရာယူတာတွေ ရှိတယ်ပေါ့။ အလိုတော်ပြည့် ဘုန်းကြီးကျောင်းတို့ နောက်ပြီးတော့ မြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့ ရဲစခန်းတွေမှာ နေရာယူတာ တွေ့ရတယ်”

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲဟာ ရသေ့တောင်မြို့နယ်မှာ စတင်ခဲ့တာပါ။ အခုနှစ်လကျော် အကြာမှာတော့ ရသေ့တောင် မြို့နယ်မှာ အခိုင်အမာ တည်ဆောက်ထားတဲ့ ရေစိုးချောင်းနဲ့ ထီးစွဲဗျူဟာနှစ်ခု အပါအဝင် စစ်ကောင်စီ တပ်စခန်း အားလုံးကို AA က သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

ရသေ့တောင်မြို့ပေါ်မှာရှိတဲ့ ခမရ ၅၃၇၊ ၅၃၈ တပ်ရင်းတွေကိုလည်း ဇန်နဝါရီလ ၁၆ ရက် မနေ့ညအချိန်မှာ ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် နှစ်စင်းနဲ့ပါ လာရောက်ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အလားတူ မြောက်ဦး၊ မင်းပြား စတဲ့မြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်ရင်းတွေကို ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲ ပြင်းထန်နေဆဲလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

မြောက်ဦးမြို့မှာတော့ မြို့အနီးမှာရှိတဲ့ စစ်ကောင်စီ တပ်ရင်းသုံးခုနဲ့ ရဲတပ်ရင်းတစ်ခုကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်နေသလို စစ်ကောင်စီတပ်ကလည်း ဂျက်တိုက် လေယာဉ်တွေနဲ့ လာရောက်ပစ်ခတ်ပြီး နေ့စဉ် နေ့တိုင်း တိုက်ပွဲဖြစ်ပွားနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြောက်ဦးမြို့ခံတစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီ တပ်ရင်းသုံးခု၊ ရဲတပ်ရင်းတစ်ခု အဲဒါကို AA က ပတ်ပတ်လည် ဝိုင်းထားတယ်။ တစ်ဖွဲ့ကဝင်တိုက် တစ်ဖွဲ့ကဝိုင်းထားတာပေါ့။ စစ်ကောင်စီ ဘက်ကတော့ လေယာဉ်နဲ့လာတယ် ဗုံးချတယ်။ AA ကလည်း မနက်စောစောအချိန်တွေ၊ ညအချိန်တွေမှာ ဝင်စပ်တယ်။ ညဆိုရင် ဒရုန်းနဲ့ ဗုံးချတယ်။ အဲဒီလို ဖြစ်နေတာ။ အခုတော့ တပ်ရင်းအားလုံးကို ပတ်ပတ်လည် ထိန်းထားနိုင်တာပေါ့”

မင်းပြားမြို့မှာလည်း မြို့အနီး အခိုင်အမာ တည်ဆောက်ထားတဲ့ ခမရ ၃၇၉၊ ၃၈၀၊ ၅၄၁ တပ်ရင်းတွေနဲ့ ကျိန်းတောင်ဘုရား တောင်ပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဇန်နဝါရီလ ၁၀ ရက်နေ့ကစလို့ ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်နေ တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

အဲဒီအထဲက အမှတ် ၃၈၀ တပ်ရင်းကိုတော့ AA က သိမ်းပိုက်ထားပြီး စစ်ကောင်စီ ဘက်ကလည်း တခြားစခန်းတွေမကျသွားဖို့ လေကြောင်းပစ်ကူတွေနဲ့ အပြင်းအထန် ခုခံတိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။

ရခိုင်တိုက်ပွဲအကြောင်း လေ့လာစောင့်ကြည့်နေသူ ရခိုင်ဒေသခံတစ်ဦးကတော့ လက်ရှိ ရခိုင်မှာ စစ်ကောင်စီတပ်ဟာ မြို့ပေါ်တပ်ရင်းတွေလောက်သာ ကျန်ရှိတော့ပြီး မကြာခင်မှာ ရခိုင်မြောက်ပိုင်းတစ်ခုလုံး AA လက်ထဲရောက်တော့မယ့် အခြေအနေ ရှိနေတယ်လို့ သုံးသပ်ပါတယ်။

“ကျွန်တော်တို့ မြင်တာကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းတစ်ခြမ်းလုံးက မကြာခင် AA ကရသွားမယ်လို့ မြင်တာပေါ့နော်။ ပလက်ဝကိုလည်း ရသွားပြီဆိုတော့ လက်နက် စီးဆင်းတဲ့အပိုင်းတွေ လွယ်လာမယ်လို့ သုံးသပ်မိတယ်။ မြောက်ဦးမှာဆိုရင်လည်း တစ်နေရာ နှစ်နေရာလောက်ပဲ ကျန်တော့တယ်ပေ့ါနော်။ ဆိုတော့ AA က တဖြည်းဖြည်းနဲ့ သိမ်းပိုက်လာပြီလို့ ပြောလို့ရတာပေါ့။ စစ်ကောင်စီကတော့ အခုဆိုလို့ရှိရင် တစ်ရက်ထက်တစ်ရက် ဖိအားတွေ များပြီးတော့ အလံဖြူ ထောင်တာမျိုးတွေ၊ လက်နက်ချတာတွေ ပိုပြီးတော့ ဖြစ်လာမယ်လို့ မြင်ပါတယ်”

ဒီတစ်ကျော့ပြန် တိုက်ပွဲအတွင်းမှာ ရက္ခိုင့်တပ်တော် (AA) ရဲ့ တပ်ဖွဲ့ဝင်အင်အားတွေ ပိုပြီးတိုးလာနေသလို တိုက်ခိုက်ရေးနည်းပညာ၊ စစ်လက်နက်ပစ္စည်းတွေလည်း ပိုပြီး အဆင့်မြင့်လာတာ တွေ့ရတယ်လို့လည်း သူကဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ရေကြောင်းနဲ့ လေကြောင်းပစ်ကူတွေ အားသာချက်ရှိပေမယ့် မြေပြင်မှာ တပ်အင်အား နည်းလာတာ၊ စခန်းတွေအသိမ်းခံရတာ ပိုများလာတာတွေ ကြောင့် ရှမ်းမြောက်က တိုက်ပွဲတွေမှာလို အလံဖြူထောင်ပြီး လက်နက်ချ၊ အညံ့ခံတာတွေ ပိုများလာနိုင်တယ်လို့လည်း သူကဆိုပါတယ်။

အခုလို ကျောက်တော်မြို့နယ်က ခမရ-၅၃၉ တပ်ရင်းတစ်ခုလုံး လက်နက်ချ၊ အညံ့ခံတာ အပါအဝင် ရခိုင်တိုက်ပွဲ အခြေအနေတွေနဲ့ လက်နက်ချ အညံ့ခံတဲ့သူတွေကို ဘယ်လို စီစဉ်ဆောင်ရွက်လဲ ဆိုတာနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခကို RFA က မေးမြန်းထားပေမယ့် အကြောင်းမပြန်သေးပါဘူး။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ခမရ (၃၀၈) တပ်ရင်းအားတိုက်ခိုက်သည့်တိုက်ပွဲအတွင်း သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများအား ရက္ခိုင့်တပ်တော် (AA)က ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည့်ပုံ။ (Photo: AA Info Desk)
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ခမရ (၃၀၈) တပ်ရင်းအားတိုက်ခိုက်သည့်တိုက်ပွဲအတွင်း သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများအား ရက္ခိုင့်တပ်တော် (AA)က ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည့်ပုံ။ (Photo: AA Info Desk)

ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် တစ်ခုလုံးမှာရှိတဲ့ စစ်ကောင်စီ တပ်ရင်း၊ တပ်မ၊ ဗျူဟာနဲ့ စစ်ကောင်စီ တပ်စခန်းအားလုံးကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီ ကင်းရှင်းနယ်မြေဖြစ်သွားပြီလို့ ဇန်နဝါရီလ ၁၄ ရက်နေ့က AA က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ ထုတ်ပြန်ချက်တစ်ခုမှာတော့ ရသေ့တောင်မြို့နယ် ရေစိုးချောင်း ဗျူဟာမှူးနဲ့ တပ်မတော်သား တစ်ရာကျော်ခန့် လက်နက်ချတယ်ဆိုတာ မဟုတ်မမှန်ကြောင်း၊ သတင်းမီဒီယာတွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပေါ် ဂုဏ်သိက္ခာကျဆင်းအောင် သတင်းတု သတင်းမှားတွေကို လုပ်ကြံရေးသား ဖြန့်ဝေနေကြကြောင်း ဖော်ပြထားပါတယ်။

ဒါပေမဲ့ ကျောက်တော်မြို့နယ်က ခမရ-၅၃၉ တပ်ရင်း တစ်ခုလုံး မနေ့က လက်နက်ချတဲ့ကိစ္စ အပါအဝင် ရခိုင်ဒေသက စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

ဒါကြောင့် စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ တစ်ဆင့်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားတာ အခုဆိုရင် အချိန်နှစ်လကြာ မြင့်ခဲ့ပြီဖြစ်ပါတယ်။ တိုက်ပွဲ ပြင်းထန်လာတာနဲ့အမျှ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေနဲ့ အရပ်သား သေဆုံး၊ ဒဏ်ရာရတာတွေ နေ့စဉ်နဲ့အမျှ တိုးလာနေပါတယ်။

RFA က ပြုစုထားတဲ့စာရင်းတွေအရ တစ်ကျော့ပြန်တိုက်ပွဲ စတင်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ဇန်နဝါရီလ ၁၇ ရက် ဒီကနေ့အထိ စစ်ဘေးကြောင့် သေဆုံးတဲ့အရပ်သား ရှစ်ဆယ်နီးပါးရှိပြီး ဒဏ်ရာရတဲ့ အရပ်သားကတော့ ၁၇၀ နီးပါး ရှိသွားပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။