အမျိုးသားနိုင်ငံတော်ကို နိုင်ငံတကာနဲ့ ချိတ်ဆက်တည်ဆောက်မယ်လို့ AA ရည်မှန်း

2022.03.05
အမျိုးသားနိုင်ငံတော်ကို နိုင်ငံတကာနဲ့ ချိတ်ဆက်တည်ဆောက်မယ်လို့ AA ရည်မှန်း ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo: RFA

ရက္ခိုင့်တပ်တော် AA လိုချင်တဲ့ နိုင်ငံရေးအဆင့်အတန်းကို ရခိုင်ပြည်သူတွေ အပါအဝင် အနာဂတ်အမျိုးသား နိုင်ငံတော်ကို နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး တည်ဆောက်သွားမယ်လို့ ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့် ရှိသူ ခိုင်သုခက ပြောပါတယ်။

မတ်လ ၅ ရက်နေ့မှာ ပြုလုပ်တဲ့ ရက္ခိုင့်တပ်တော် AA ရဲ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် တစ်ဦးရဲ့ မေးမြန်းချက်ကို ခိုင်သုခက ရခိုင်ဘာသာစကားနဲ့ ဖြေကြားခဲ့တာပါ။

"ကျနော်တို့လိုချင်တဲ့ နိုင်ငံရေးအဆင့်အတန်းကို ပြည်ထောင်စုထဲမှာ နေရာမရှိ ဆိုတဲ့အခါ ကျနော်တို့က ကိုယ်တိုင် ဖန်တီးပြီး ကျနော်တို့ အစိုးရနဲ့ ကျနော်တို့ရဲ့ အနာဂတ်အမျိုးသားနိုင်ငံတော်ကို ကျနော်တို့ ကိုယ်တိုင် ဆက်ပြီး နိုင်ငံတကာနဲ့ လက်တွဲလို့တည်ဆောက်သွားဖို့ဆိုတဲ့ အနေအထားလို့ ကျနော်ဖြေကြားလိုပါတယ်"

ရက္ခိုင့်တပ်တော် AA ဟာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တော်လှန်ရေးမှာ အဖွဲ့တစ်ခုအနေနဲ့ မပါဝင်ပေမယ့် မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေပြီး အခြား အဖိနှိပ်ခံ နေရတာတွေကို ကိုယ်ချင်းစာကြောင်း၊ အဖိနှိပ်ခံအခြေအနေကနေ လွတ်မြောက်ဖို့ ကြိုးစားနေတာတွေကိုလည်း လေးစားအသိအမှတ် ပြုတယ်လို့သူက ပြောပါတယ်။

ရက္ခိုင့်တပ်တော် AA ရဲ့ ရည်မှန်းချက်ဟာ တိုင်းရင်းသားတွေလိုချင်တဲ့ ဖက်ဒရယ်စနစ် ပြည့်ပြည့်ဝဝ မရခဲ့ရင် ခွဲထွက်တဲ့လမ်းကြောင်းနဲ့ ရင်ဆိုင်ရမယ်ဆိုတဲ့ နိုင်ငံရေးအရ ဖိအားပေးတဲ့ အနေအထားဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းကို သူ့အမြင်ကို ပြောပါတယ်။

"နိုင်ငံရေးအရ ဖိအားပေါ့နော်၊ ဖိအားပိုပြီးတော့ ပေးလိုက်တဲ့သဘောပေါ့။ ပေးနိုင်တဲ့ အနေအထားရှိလို့ တော်တော်နောက်ကျမှ စခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ဖြစ်တာကိုး ဘယ်သူကမှမထင်ဘူး။ သူတို့အခုဟာက နိုင်ငံခြားထောက်ပံ့မှု ကလည်း ရှိတဲ့အခါကျတော့ ကြီးကြီးမားမား အောင်မြင်မှုတွေ ရတယ်ပေါ့။ ပြည်သူလူထု က ထောက်ခံမှုကလည်း ရတဲ့အနေအထားဖြစ်တော့ ဒါပိုပြီးတော့ ဖိအားပေးနိုင်တဲ့ အနေအထား ရှိလို့ ဒီစကားကိုပြောတာလို့ အဲလိုနားလည်တယ်။ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ဖက်ဒရယ်စနစ် ပုံစံမျိုးပေါ့ အဲလို ပြည့်ပြည့်ဝဝမရလို့ ရှိရင် ဒီထက် ပိုကြီးမားတဲ့ ခွဲထွက်မှုကို ရင်ဆိုင်ရလိမ့်မယ် ဆိုပြီးတော့ သတိပေးတဲ့သဘောပဲ။ ကျနော်ကတော့ အဲလိုနားလည်တယ် နိုင်ငံရေးအရ ဖိအားပေးတာပေ့ါနော်"

ကိုယ့်ဒေသကို ကိုယ်အုပ်ချုပ်ခွင့် ရနေတဲ့ UWSA တောင် အခုလို ခွဲထွက်ရေးလမ်းကြောင်း ကို မရွေးချယ်ခဲ့သလို အခြားတိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ KNPP၊ KIA တို့ ဟာလည်း အခုလိုခွဲထွက်ရေး လမ်းကြောင်းနဲ့ လက်နက်ကိုင်တော်လှန်ခဲ့ကြပေမယ့် မဖြစ်တော့တဲ့ အခြေအနေတစ်ခုမှာ ဖက်ဒရယ်စနစ်နဲ့ သွားဖို့ တောင်းဆိုနေကြတာ ဖြစ်တယ်လို့ ပြောပါတယ်။

AA က လက်ရှိအချိန်မှာ ULA/ AA အစိုးရရဲ့ ဦးဆောင်မှု အောက်ကနေ ရက္ခိတလမ်းစဉ် အတိုင်း အာရက္ခပြည် တည်ထောင်ရေးကို တစ်စိုက်မတ်မတ်လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် နွေဦးတော်လှန်ရေးမှာ မပါဝင်ဖြစ်တာလို့ ခိုင်သုခက ပြောပါတယ်။

"ULA/AA ဦးဆောင်မှုအောက်မှာ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ပြီး ရက္ခိတလမ်းစဉ် အတိုင်း ကျနော်တို့ ဖြစ်ချင်တဲ့ အာရက္ခတိုင်းပြည်ကို ကိုယ်တို့လက်နဲ့ ကိုယ်တိုင် တည်ဆောက်ဖို့ ဆိုပြီး ကျနော်တို့ ချီတက်နေတဲ့ အခြေအနေဖြစ်နေပါတယ်။ သီးခြားပုံစံမျိုး အများအမြင်မှာ ဖြစ်နေတာဖြစ်ပါတယ်။ ရခိုင်တွေဆိုတာ ကိုယ့်အလုပ်ကို လုပ်နေရင်း ကိုယ့်လမ်းကိုလျှောက်နေတယ်၊ ကိုယ့်အိမ်ကို ဆောက်နေတယ်ပေါ့။ တချို့တလေက ငါတို့ နွေဦးတော်လှန်ရေးမှာ မပါဝင်ရ ကောင်းလား ဆိုတဲ့ မကျေမနပ်ဖြစ်တဲ့ ဆိုတာမျိုးတွေလည်း ကြားရပါတယ်"

ရခိုင်ဒေသခံတစ်ဦးကတော့ ရက္ခိုင့်တပ်တော် AA အနေနဲ့ လက်ရှိတိုင်းရင်းသားတွေနဲ့အတူ စစ်ကောင်စီကို တော်လှန်ပြီးမှ တိုင်းရင်းသားတွေနဲ့ အတူ ဆွေးနွေးကြရင် ပိုကောင်းမယ်လို့ ပြောပါတယ်။

"ဘယ်လက်နက်ကိုင်အဖွဲ့မဆို စစ်အာဏာရှင်ကို ဖယ်ရှားဖို့အတွက် ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ရှိရင်ရှိမယ်၊ တိုက်ရိုက်ကြီး ပါဝင်တာ ရှိရင်ရှိမယ်၊ သွယ်ဝိုက်ပြီး ရှိချင်ရှိမယ်၊ အခြားသောနည်းလမ်းတွေ ရှိမှာပဲ။ အဲလိုတစ်နည်းနည်းနဲ့ အာဏာရှင်ကို ဖယ်ရှားဖို့ အားလုံး ပါဝင်သင့်ပါတယ်။ ပြီးမှ ကျနော်တို့ တိုင်းရင်းသားတွေအားလုံး အတူတူ ထိုင်ပြီးမှ တိုင်းရင်းသားတွေဆိုတဲ့ အထဲမှာ ဗမာအပါအဝင်ပေါ့ဗျာ၊ အားလုံးထိုင်ပြီးမှ ဒီကိစ္စကိုပြောကြရမယ့် ကိစ္စပဲ။ ဒီလောက်လွယ်လွယ်လေးသွားလို့ကတော့ အမျိုးသား နိုင်ငံတော်ကြီးဆိုတဲ့ဟာ လွယ်လွယ်လေးနဲ့တော့ မဖြစ်လာနိုင်ဘူးလို့ ထင်ပါတယ်ဗျာ"

ရခိုင်ပြည်နယ်မှာ ၂ဝ၁၉ ခုနှစ်ကစလို့ ရက္ခိုင့်တပ်တော် AA နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ၂ဝ၂၁ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်မှာ တိုက်ပွဲတွေ ရပ်သွားခဲ့တာ ဖြစ်ပါတယ်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့ စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ အာဏာရှင်တော်လှန်ရေး တိုက်ပွဲတွေ ဖြစ်ပွားနေပေမယ့် ရခိုင်ပြည်နယ်မှာတော့ တိုက်ပွဲငြိမ်သက်နေတာပါ။

AA အနေနဲ့ အာဏာသိမ်း စစ်ကောင်စီနဲ့ တရားဝင် အပစ်ခတ်ရပ်စဲထားတာ မဟုတ်ဘဲ နှစ်ဖက်နားလည်မှုနဲ့သာ အပစ်ရပ်ထားတာ ဖြစ်တဲ့အတွက် သတိထားစောင့်ကြည့်နေရတဲ့ အခြေအနေမှာ ရှိနေတယ်လို့လည်း ဆိုပါတယ်။

"လောလောဆယ် အာဏာသိမ်းထားတဲ့ အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးဖို့ကတော့ မရနိုင်ပါ"

နိုင်ငံရေး ဆွေးနွေးဖို့ဆိုတာ တရားဝင်အစိုးရနဲ့ ဆွေးနွေးမှသာ အဆင်ပြေမှာ ဖြစ်ပြီး လက်ရှိ အာဏာသိမ်းထားတဲ့ စစ်ကောင်စီနဲ့ နိုင်ငံရေး ဆွေးနွေးလို့ မရဘူးလို့ ခိုင်သုခက ပြောလိုက်ပါတယ်။

"နိုင်ငံရေး ဆွေးနွေတယ်ဆိုတာက နိုင်ငံရေး အပေးအယူကို ဆွေးနွေးတာ ဖြစ်ပါတယ်။ နိုင်ငံရေး အပေးအယူကို ဆွေးနွေးဖို့ဆိုရင် တရားဝင်အစိုးရနဲ့ ဆွေးနွေးမှသာ ကျနော်တို့ အဆင်ပြေတာပေါ့။ တရားဝင်အစိုးရဆိုတာက ပြည်သူက ရွေးချယ်ထားတဲ့ အခြေခံ ဥပဒေနဲ့ အညီအုပ်ချုပ်နေတဲ့ အစိုးရကိုမှ တရားဝင်အစိုးရလို့ သတ်မှတ်လို့ ရတာပေါ့။ လောလောဆယ် အာဏာသိမ်းထားတဲ့ အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးဖို့ကတော့ မရနိုင်ပါ"

ဒီပြောဆိုချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ဘက်ရဲ့ တုံ့ပြန်ချက်ကိုရဖို့ RFA ဆက်သွယ်နေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန် လောက်ကတော့ ရက္ခိုင့်တပ်တော် AA နဲ့ သူတို့အကြား ဆက်ဆံရေးကောင်းတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA ကို ဖြေကြားထားဖူးပါတယ်။

စစ်ကောင်စီက ၂ဝ၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့မှာ AA ကို အကြမ်းဖက် အဖွဲ့အဖြစ်ကနေ ရုပ်သိမ်းခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကာလအတွင်း AA နဲ့ ပတ်သက်ဆက်နွယ်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးတာတွေလည်း ရှိခဲ့ပါတယ်။

၂ဝ၂၁ နောက်ပိုင်း စစ်ရေးငြိမ်နေချိန်တွေမှာ ရခိုင်ပြည်နယ်တွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ တည်ဆောက်ရေး အပိုင်းတွေကို AA က ဦးစားပေးလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ULA/ AA အနေနဲ့ ရာဇဝတ်မှု တစ်ထောင်ကျော်၊ တရားမမှု ၉ဝဝ နီးပါးကို ဖြေရှင်းပေးနိုင်ခဲ့သလို ရခိုင်ပြည်နယ် အုပ်ချုပ်ရေးပိုင်းမှာ ၆ဝ ရာခိုင်နှုန်းလောက်အထိ ထိန်းချုပ် ထားနိုင်နေပြီလို့ ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။