ရက္ခိုင့်တပ်တော်နဲ့ မပတ်သက်ဖို့ ဒေသခံတွေကို စစ်ကောင်စီ ခြိမ်းခြောက်
2023.04.10
ရခိုင်ပြည်သူလူထုရဲ့ ထောက်ခံမှုအခိုင်အမာရရှိထားတဲ့ ရက္ခိုင့်တပ်တော် (AA) တည်ထောင်တာ ဧပြီလ ၁၀ ရက် ဒီနေ့မှာ ၁၄ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
အခုလို AA ရဲ့ ၁၄ နှစ်ပြည့် တပ်တော်နေ့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါ အဝင် မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ ၂၀ ကျော်က ဂုဏ်ပြု သဝဏ်လွှာပေးပို့ခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
အဲဒီ ဂုဏ်ပြုသဝဏ်လွှာတွေမှာ ရက္ခိုင့်တပ်တော် (AA) ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ့်ကံကြမ္မာ ကိုယ် ဖန်တီးနိုင်ခွင့်အပြည့်အဝရရှိရေးအတွက် တော်လှန်တိုက်ပွဲဝင်ခဲ့တာ ၁၄ နှစ်ပြည့် မြောက်ခဲ့တဲ့နေ့ကို ဂုဏ်ပြုကြောင်းနဲ့ တော်လှန်ရေးအတွက် ကူညီပံ့ပိုးပေးမှု၊ သင်ကြားပြသပေးခဲ့မှုတွေအတွက် ကျေးဇူးအထူးတင်ကြောင်း တော်လှန်ရေးအဖွဲ့တွေက ပြောဆိုထားပါတယ်။
ရက္ခိုင့်တပ်တော် (AA) ရဲ့ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နဲ့ ကိုးကန့်တပ်ဖွဲ့ MNTJP/ MNDAA တပ်ဖွဲ့တွေကလည်း AA နဲ့အတူ ညီညီညွတ်ညွတ် ရပ်တည်ပြီး ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ သဝဏ်လွှာပေးပို့ထားပါတယ်။
လက်ရှိမှာတော့ ရက္ခိုင့်တပ်တော် (AA) ဟာ ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ယာယီအပစ်ရပ်စဲထားတာ လေးလကျော်ရှိနေပါပြီ။
"မြန်မာစစ်တပ်အနေနဲ့ ဒီလိုလုပ်ရပ်အပြုအမူတွေကို ဆက်ပြီး ဆိုးဆိုးဝါးဝါးလုပ်လာရင် တိုက်ပွဲလမ်းကြောင်းကို အချိန်မရွေး ပြန်ရောက်သွားနိုင်တဲ့ အနေအထားမှာရှိနေပါတယ်”
အခုလို အပစ်ရပ်စဲနေတဲ့ကာလမှာပဲ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်း တပ်သား အင်အား၊ လက်နက်ခဲယမ်း ရိက္ခာတွေအများအပြား ဖြည့်တင်းနေသလို ရခိုင်ဒေသခံတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်း တွေကို AA နဲ့ မပတ်သက်ဖို့ ခြိမ်းခြောက်ပြောဆိုနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ကျောက်ဖြူမြို့နယ်မှာဆိုရင် ဇင်ချောင်းတိုက်နယ်၊ ဝက်တိုးရွာ၊ အောင်ဇေယျရွာနဲ့ ကင်းရွာအုပ်စုက ဒေသခံတွေကို စစ်ကောင်စီတပ်သားတွေက တစ်ရွာဝင်တစ်ရွာထွက် တစ်အိမ်တစ်ယောက် မလာမနေရ အစည်းအဝေးလုပ်ပြီး သတိပေးခြိမ်းခြောက်နေတာ လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လနဲ့ အခု ဧပြီလအတွင်းမှာတင် ကျောက်ဖြူမြို့အခြေစိုက် ခလရ (၃၄) တပ်ရင်းက စစ်ကောင်စီ တပ်သားတွေက လာရောက်ခြိမ်းခြောက်တာ ရွာပေါင်းဆယ်ရွာ ကျော်ရှိပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဇင်ချောင်းတိုက်နယ်က ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“ကျောက်ဖြူမြို့နယ်မှာ ကျနော်ကြားထားတာကတော့ ရွာပေါင်း တစ်ဆယ်လောက် ကြားပြီးပြီ။ တချို့ရွာတွေ မှာ ဆို ဘယ်လိုတောင်ပြောလဲဆိုတော့ ခင်ဗျားတို့ AA နဲ့ ဆက်စပ်မှုတွေ မလုပ်ကြနဲ့၊ AA နဲ့ သတင်းအပေးအယူ မလုပ်ကြနဲ့ AA အဖွဲ့ကို တွေ့လို့ ရှိရင် သူတို့ကို သတင်းပေးကြ၊ အသိမပေးဘဲ မလုပ်ကြနဲ့ လုပ်လို့ရှိရင် ခင်ဗျားတို့ ရွာ လက်ပစ်ဗုံးတစ်လုံးစာတောင်မရှိဘူး။ ရွာက သေးသေးလေး။ ဖြစ်လာလို့ရှိရင် ခင်ဗျား တို့မလွယ်ဘူး။ အဲဒီလောက်အထိတောင် ခြိမ်းခြောက်မှုတွေ ရှိနေပါတယ်”
စစ်ကောင်စီတပ်သားတွေဟာ အဲဒီကျေးရွာတွေကို မကြာမခဏဆိုသလို စစ်ကြောင်းတွေ ထိုးပြီး အခုလို လာရောက်ခြိမ်းခြောက်နေတာကြောင့် ဒေသခံတွေက စိုးရိမ်ကြောက်လန့် နေကြတယ်လို့လည်း ဆိုပါတယ်။
အလားတူပဲ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို မတရားအသင်း ကြေညာထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ၊ အကြမ်းဖက်အဖွဲ့တွေနဲ့ မပတ်သက်ဖို့ မတ်လ ၂၈ ရက်နေ့က စစ်တွေမြို့မှာရှိတဲ့ ပြည်နယ်စစ်ကောင်စီရုံးကို ခေါ်ယူသတိပေးခဲ့တယ်လို့ အဲဒီအဖွဲ့အစည်းတွေက RFA ကိုပြောပါ တယ်။
စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းဦးဆောင်ပြီး ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးအဆင့်ရှိတဲ့ သူတွေပါဝင်တဲ့ ရခိုင်ပြည်နယ် အသင်းအဖွဲ့ဆိုင်ရာ မှတ်ပုံတင်အဖွဲ့က သတိပေးပြောဆိုတာလို့ဆိုပါတယ်။
တရားဝင်မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်း ၄၀ လောက်ကို အသစ်ပြဋ္ဌာန်းထားတဲ့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်း ဥပဒေကို အကြောင်းပြပြီး ပြစ်မှု၊ ပြစ်ဒဏ်တွေကို သတိပေး ပြောဆို ခဲ့တာဖြစ်ပြီး ရခိုင်အရပ်ဘက် အဖွဲ့တွေအတွက် စိုးရိမ်စရာဖြစ်လာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။
“အဓိကတော့ အသင်းအဖွဲ့ဥပဒေနဲ့ပတ်သက်ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဌာန ညွှန်ကြားရေးမှူးကပြောတယ်။ ရဲချုပ်ကတော့ ပြစ်မှုဥပဒေနဲ့ အရေးယူခံရမှာတွေကို ပြောတယ်။ အရင်က ပြစ်ဒဏ်မပါဘူး။ အခု ဥပဒေမှာပါလာတာ။ ပြစ်ဒဏ်က ၃ နှစ်၊ ၅ နှစ် ပြီးရင် ငွေဒဏ်တွေအများကြီး ဆောင်ရွက်ရမှာတွေပါလာတယ်။ ကျနော်တို့အတွက် ကတော့ သူတို့က အကြောင်းတစ်ခုခုပြပြီး အရေးယူလို့ရသွားနိုင်တယ်ပေါ့။ လုပ်ရ ကိုင်ရ ကျပ်တည်းသွားတာပေါ့။ အဓိကတော့ အရပ်ဘက်အဖွဲ့အစည်းတွေကို လုပ်ရကိုင်ရ မချောင်အောင် လုပ်ပစ်လိုက်တာပေါ့”
အလားတူပဲ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်းကလည်း ရခိုင်က စီးပွားရေး လုပ်ငန်းရှင်တွေကို ULA/AA ကို ကူညီထောက်ပံ့တာတွေကို မလုပ်ဖို့ကို စစ်ကောင်စီက စစ်တွေမြို့မှာရှိတဲ့ ပြည်နယ်စစ်ကောင်စီရုံးကို ခေါ်ယူသတိပေးတာတွေရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာသူတို့ရဲ့ အထိုင်စခန်းတွေ၊ ဗျူဟာကုန်းတွေနဲ့ တပ်ရင်းတွေမှာ လူအင်အား၊ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ အများအပြားဖြည့်တင်းနေတာ တွေ့ရတယ်လို့ ရသေ့တောင်မြို့က အမည်မဖော် လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“စစ်ကောင်စီတပ်တွေကတော့ အရင်သူတို့မှာရှိတဲ့ အထိုင်စခန်းတွေ၊ ဗျူဟာကုန်းတွေ၊ တပ်ရင်းတွေကိုတော့ ရိက္ခာတွေ၊ လက်နက်ခဲယမ်းတွေ ကြီးကြီးကျယ်ကျယ်ပို့နေတာပဲ။ နောက်ပြီး ရေကြောင်းတွေမှာ ဆိုရင်လည်း အရင်ကထက် ရေတပ်သဘောင်္တွေကို တိုးချထားတာတွေ့တယ်။ ကုန်ပစ္စည်းတွေကို ကန့်သတ်တာကတော့ အရင်အတိုင်းပါပဲ။ ထူးထူးခြားခြားဖြေလျှော့ပေးတာကတော့ မရှိပါဘူး။ ဆေးဝါးကုန် ပစ္စည်းတွေ၊ ဆောက်လုပ်ရေး ကုန်ပစ္စည်းတွေကို အခုအထိ နယ်လုံလက်မှတ်ပါမှသွားရမယ်။ အဲဒီလိုမျိုးပေါ့”
ရက္ခိုင့်တပ်တော် (AA) ကလည်း စစ်ကောင်စီဟာ အပစ်ရပ်ကာလအတွင်း ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲ၊ တောင်ကုတ်နဲ့ မောင်တောမြို့နယ်တွေက ဒေသခံတွေကို ULA/ AA နဲ့ မပတ်သက်ဖို့၊ အထောက်အပံ့တွေ မပေးဖို့နဲ့ AA ဟာ တရားမဝင်အဖွဲ့ ဖြစ်တယ်ဆိုတာကို တစ်ရွာဝင်၊ တစ်ရွာထွက်ပြောဆိုနေတာရှိတယ်လို့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က AA ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုထားပါတယ်။
ဒီလိုလုပ်ရပ်တွေကို ဆက်ပြီးလုပ်လာမယ်ဆိုရင် တိုက်ပွဲလမ်းကြောင်းကို အချိန်မရွေး ပြန်ရောက်သွားနိုင်တယ်လို့လည်း ဦးခိုင်သုခက ပြောပါတယ်။
“တောင်ကုတ်၊ သံတွဲနဲ့မောင်တောမြို့နယ်တွေမှာ မြန်မာစစ်တပ်က တစ်ရွာဝင်တစ်ရွာ ထွက် သွားပြီး ULA/AAနဲ့ မပတ်သက်ဖို့၊ အဆက်အသွယ်မလုပ်ဖို့၊ ကူညီထောက်ပံ့မှု မပေးဖို့နဲ့ ULA/AA ဟာ တရားမဝင် အဖွဲ့အစည်းဆိုတာကို ပြောဆိုနေတာတွေလည်း ရှိနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့အနေနဲ့ အထူးသတိထား စောင့်ကြည့်လို့ ရှိနေပါတယ်။ မြန်မာစစ်တပ်အနေနဲ့ ဒီလိုလုပ်ရပ်အပြုအမူတွေကို ဆက်ပြီး ဆိုးဆိုး ဝါးဝါးလုပ်လာရင် တိုက်ပွဲလမ်းကြောင်းကို အချိန်မရွေး ပြန်ရောက်သွားနိုင်တဲ့ အနေအထား မှာရှိနေပါတယ်”
စစ်ကောင်စီဟာ ယာယီအပစ်ရပ်စဲတဲ့ သဘောတူညီချက်ထဲမှာပါဝင်တဲ့ ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး အကြောင်းအမျိုးပြပြီး ဖမ်းဆီးခံထားရတဲ့သူတွေကို ပြန်လွှတ်ပေးမယ် ဆိုတဲ့အချက်ကိုလည်း အခုအထိ လုပ်ဆောင်မပေးသေးဘူးလို့ လည်းဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ ရခိုင်စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ အပစ်ရပ်တဲ့အချိန်ကနေ အခုအချိန်အထိ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။
AA အဖွဲ့နဲ့မပတ်သက်ဖို့ ပြောဆိုမှုတွေရှိနေတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံမဖြေကြားပါဘူး။
ယာယီအပစ်အခတ် ရပ်စဲတဲ့ နိုဝင်ဘာ ၂၈ ရက်နေ့ကတော့ ရခိုင်မှာ အရင်က တည်ရှိ ထားခဲ့တဲ့ ငြိမ်းချမ်းတဲ့ အနေအထားကို ဆက်လက်ထိန်းသိမ်းဖို့ အခုလို အပစ်ရပ် လိုက်တာလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို ပြောဆို ထားပါတယ်။
စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအထိ ပထမအကြိမ် အချိန်နှစ်နှစ်နီးပါးကြာ တိုက်ပွဲဖြစ်ပွား ခဲ့တာပါ။
အဲဒီနောက် အချိန်တစ်နှစ်ကျော်ကြာ တိုက်ပွဲရပ်စဲခဲ့ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လကနေ နိုဝင်ဘာလထိ အချိန်လေးလကျော်ကြာ တစ်ကျော့ပြန်တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ စစ်ဘေးစစ်ဒဏ်တွေကို အလူးအလဲခံခဲ့ရတဲ့ ရခိုင်ပြည်သူတွေကတော့ တိုက်ပွဲတွေထပ်ပြီး ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။