တပ်မတော်စစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခံရတဲ့နေရာဟာ ကျောက်တော်မြို့တောင်ဘက်အရပ်မှာဖြစ်ပြီး ကန်စောက်တောင်မှာ အခြေစိုက်တဲ့ တပ်မတော်အမြောက်တပ်နဲ့ဆို လေးဖာလုံခန့်သာ ကွာဝေးပါတယ်။
ပြိန်းကျေးရွာဘက်ကို တပ်မတော်စစ်ကြောင်း လာရောက်စဉ်မှာ ရွာနဲ့မလှမ်းမကမ်း လယ်ကွင်းပြင်မှာ မိုင်းခွဲတိုက်ခိုက် ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလိုမိုင်းခွဲသံကြားရပြီးနောက် ရွာသားအချို့က ဘုန်းတော်ကြီးကျောင်းကို ထွက်ပြေးခိုလှုံရာမှာ လက်နက်ကျည်စ ထိမှန်ပြီး ဒဏ်ရာရခဲ့တာလို့ ဒဏ်ရာရသူတွေရဲ့ ဆွေမျိုးတစ်ဦးဖြစ်တဲ့ ဦးမောင်လှိုင်ဝင်း ကပြောပါတယ်။
“ရွာအရှေ့ဘက်ကချောင်းရှိတယ်။ အဲဒီဘက်က ဗုံးကွဲသလိုကြားရပြီးနောက် အာရ်ပီဂျီနဲ့ပစ်တယ်။ အဲဒီအချိန်မှာ ဘုန်းကြီးကျောင်းမှာ ကျွန်တော့ယောက်ဖရှိတယ်။ ကျည်က ဘုန်းကြီးကျောင်းက ဘကကျောင်းကိုလာထိ ပြီးတော့ သူတို့ကိုလာမှန်တာ။ သူ့မရီးတစ်ယောက်လည်းမှန်သွားတယ်။ မရီးမှာထိတာက လည်ပင်းမှာထိတယ်။ သူ့မှာထိတာက ခါးဘက်မှာထိတာ။ ပစ်တာကတော့ တပ်မတော်ကပစ်တာလေ”
အသက် ၄၂ နှစ်အရွယ် ဦးထွန်းလှိုင်ဟာ ခါးမှာဒဏ်ရာရသွားတာဖြစ်ပြီး အသက် ၅၄ နှစ်အရွယ် ဒေါ်စောမြင့်ရီ ကတော့ လည်ပင်းမှာ ဒဏ်ရာရသွားတာလို့ပြောပါတယ်။
ဒဏ်ရာရသူတွေက အသက်အန္တရာယ် မစိုးရိမ်ရဘဲ အပေါက်ဝတိုက်နယ်ဆေးရုံကနေတဆင့် ကျောက်တော်မြို့ ပြည်သူ့ဆေးရုံကို ဆက်လက်ပို့ဆောင်လိုက်တယ်လို့ အပေါက်ဝတိုက်နယ်ဆရာဝန် ဒေါက်တာတင်မြင့်ဦး ကပြောပါတယ်။
ပစ်တာကတော့ တပ်မတော်က ပစ်တာလေ
နောက်ထပ်သေဆုံးသွားသူကတော့ အပေါက်ဝကျေးရွာက အသက် ၄၃ နှစ်အရွယ် ပေါက်ချေ(ခေါ်) ထွန်းအေးမြ ဖြစ်တယ်လို့ ရွာသားတွေ ကပြောပါတယ်။
သူဟာ လယ်ထဲမှာ နွားစာကျွေးနေစဉ် တပ်မတော်စစ်ကြောင်းက သူ့ကိုခေါ်ယူသွားရာကနေ တပ်မတော်စစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခံရချိန်မှာ သေဆုံးသွားတာလို့ ရွာသားတွေကပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အပေါက်ဝကျေးရွာသားတစ်ဦးပြောပြတာက -
“ဒီနေ့မနက်ပိုင်း ၁၀ နာရီ ပတ်ဝန်းကျင်လောက်မှာ သူက သူ့လယ်တဲမှာ နွားစာကျွေးနေပါတယ်။ အဲဒီအချိန်မှာ သူ့လယ်တဲနားက စစ်ကြောင်းကဖြတ်ပြီးသွားတော့ သူ့ကိုခေါ်သွားတယ်လို့ ပြောပါတယ်။ အဲဒီစစ်ကြောင်းက ပြိန်းချောင်းရွာဘက်ကို လယ်တောအတိုင်းဖြတ်ပြီးတော့သွားကြရာမှာ ပြိန်းချောင်းရွာနားကိုရောက်တဲ့အခါမှာ ဗုံးပေါက်ပါတယ်။ ဗုံးပေါက်ချိန်မှာ သူလည်းကပ်ပါသွားတာလို့ တပ်က အဲလိုပြောပါတယ်”
သူ့ရဲ့ ရုပ်အလောင်းကို ဒီနေ့ညနေပိုင်းမှာ ကျောက်တော်ဆေးရုံ ရင်ခွဲရုံကို ဆက်လက်ပို့ဆောင်လိုက်တယ်လို့လည်း သူကပြောပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက သူ့ကို တပ်မတော်စစ်ကြောင်းက ခေါ်ယူသွားတယ်ဆိုတဲ့အချက်ကို ငြင်းဆိုပါတယ်။
မိုင်းခွဲခံရချိန်မှာ သူက အနီးမှာရှိနေတဲ့အတွက် သေဆုံးသွားတာဖြစ်တယ်လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးက တုံ့ပြန်ပါတယ်။
“ကျွန်တော်တို့ ပြိန်းချောင်း ချောင်းကို ကူးပြီးတော့ သွားတဲ့အချိန်မှာ မိုင်းဆွဲတာ။ ကျွန်တော်တို့ တပ်ကတော့ ဘာမှမဖြစ်ဘူး။ အဲဒီမှာ အရပ်သားတစ်ယောက်တော့ အဲဒီနားက လာနေတဲ့အချိန်မှာ မိုင်းထိပြီးတော့ အဲဒီအရပ်သားကတော့ ဆုံးသွားတယ်”
တပ်မတော်စစ်ကြောင်းကို အေအေအဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ပေမယ့် တပ်မတော်စစ်ကြောင်းက ဘာမှမဖြစ်ဘဲ အဲဒီအရပ်သားကတော့ မိုင်းစတွေထိမှန်ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦး ကပြောပါတယ်။
အဲဒီလိုမိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် တပ်မတော်စစ်ကြောင်းက ပြိန်းချောင်းကျေးရွာဘက်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ လှမ်းပစ်ခဲ့ရာမှာ ရွာထဲမှာရှိတဲ့ ဒေသခံနှစ်ဦး ဒဏ်ရာရသွားလို့ ဒေသခံတွေရဲ့ ပြောဆိုချက်ကို ဗိုလ်မှူးကြီးဝင်းဇော်ဦး က ငြင်းဆိုပါတယ်။
“အဲဒီမိုင်းဆွဲတာနဲ့ တပြိုင်နက်တည်းပဲ အနောက်ဘက်ကမ်းကနေပြီးတော့ လက်နက်ငယ်ငါးချက် ဒီကောင်တွေ ပစ်သွားသေးတယ်။ အေအေပစ်လို့ ထိမှန်သွားလားတော့မသိဘူး။ ကျွန်တော်တို့ကတော့ ဘာမှမပစ်ပါဘူး”
ရက္ခိုင့်တပ်တော် AA ရဲ့ ပြောခွင့်ရသူ ခိုင်သုခကတော့ ဒီနေ့ အဲဒီနေရာမှာ အေအေအဖွဲ့ရဲ့လှုပ်ရှားမှုမရှိဘူးလို့ ငြင်းဆိုပါတယ်။

“အဲဒီနေရာမှာတော့ ဒီနေ့ကျွန်တော်တို့ဘက်က အဲလိုမျိုး တိုက်ပွဲဖြစ်တဲ့ဖြစ်စဉ်မျိုး လုံးဝမရှိဘူးဗျ။ ဒါမိုင်းခွဲတယ်ဆိုလို့ ရှိရင်လည်း ဗမာစစ်တပ်က သူတို့သွားထောင်ပြီးတော့ သူတို့ခွဲ ပြီးတော့မှ ရွာကိုပစ်တာပဲဖြစ်လိမ့်မယ်။ ကျွန်တော်တို့နဲ့တော့ အဲဒီနေရာမှာ ဒီနေ့တိုက်ပွဲဖြစ်တာမရှိဘူးဗျ”
ဒီဖြစ်စဉ်တွေကြောင့် ပြိန်းချောင်းကျေးရွာထဲမှာ တပ်မတော် စစ်ကြောင်းက နေရာယူထားတယ်လို့ ဒေသခံတွေ ကပြောပါတယ်။
ရွာသားအများအပြားကတော့ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြိန်းချောင်းရွာသားတစ်ဦးကပြောပါတယ်။
“ကျွန်တော်တို့ရွာထဲကိုတော့ စစ်သားတွေရောက်နေတယ်။ ရွာထဲကလူတွေကတော့ နီးစပ်ရာရွာတွေကို ထွက်ပြေးနေကြရတယ်။ ထွက်ပြေးတာကတော့ အများကြီးပါပဲ။ ကျွန်တော်တို့ရွာမှာ အခုဆိုရင် လူက မရှိ သလောက်ဖြစ်သွားပြီ။ အနီးအနားက မိသားစုဆွေမျိုးတွေရှိတဲ့ရွာတွေကို ထွက်ပြေးကြတာ”
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ ဒီနေ့အထိ နှစ်ဘက်တိုက်ခိုက်မှုတွေနဲ့ ဆက်နွယ်ပတ်သက်ပြီးတော့ အရပ်သားသေဆုံးမှု ၉၀ ကျော်ရှိနေပြီး ထိခိုက်ဒဏ်ရာရသူဟာ ၁၃၀ ဝန်းကျင်အထိရှိနေပြီလို့ ဒေသခံတွေကပြောဆိုကြပါတယ်။
(RFA သတင်းထောက် ကိုမင်းသိန်းအောင် တင်ပြသည်။)