၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အထူးအစီအစဉ်
မြန်မာနိုင်ငံသမိုင်းမှာ အထင်ကရ မှတ်တမ်းတင်ရတဲ့ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံဟာ အခု ၂၅ နှစ်ပြည့်ခဲ့ပါပြီ။ လက်လှမ်းမှီသမျှ အချက်အလက်တချို့ကို တင်ပြရမယ်ဆိုရင် ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးနိုင်ငံတစ်ခုအဖြစ် ရောက်ရှိခဲ့ပြီးနောက် ဆင်းရဲတွင်းနက်နေတဲ့ မြန်မာလူထုတစ်ရပ်လုံးက မဆလတစ်ပါတီ အာဏာရှင်အစိုးရအပေါ်မှာ အထွေထွေမကျေနပ်မှုတွေ တနေ့တခြား ကြီးမားလာနေချိန်မှာပဲ ၁၉၈၈ ခုနှစ် မတ်လမှာ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားအရေးအခင်း စတင်ပေါ်ပေါက်ခဲ့ပါတယ်။
-
2013-08-02 -
-
-
Your browser doesn’t support HTML5 audio
မြန်မာနိုင်ငံသမိုင်းမှာ အထင်ကရ မှတ်တမ်းတင်ရတဲ့ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံဟာ အခု ၂၅ နှစ်ပြည့်ခဲ့ပါပြီ။ လက်လှမ်းမှီသမျှ အချက်အလက်တချို့ကို တင်ပြရမယ်ဆိုရင် ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးနိုင်ငံတစ်ခုအဖြစ် ရောက်ရှိခဲ့ပြီးနောက် ဆင်းရဲတွင်းနက်နေတဲ့ မြန်မာလူထုတစ်ရပ်လုံးက မဆလတစ်ပါတီ အာဏာရှင်အစိုးရအပေါ်မှာ အထွေထွေမကျေနပ်မှုတွေ တနေ့တခြား ကြီးမားလာနေချိန်မှာပဲ ၁၉၈၈ ခုနှစ် မတ်လမှာ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားအရေးအခင်း စတင်ပေါ်ပေါက်ခဲ့ပါတယ်။
ကျောင်းသားနဲ့ အရပ်သား ခိုက်ရန်ဖြစ်ပွားခဲ့ရာကနေ မတ်လ ၁၃ ရက်နေ့မှာ လုံခြုံရေးတပ်ဖွဲ့တွေက စက်မှုတက္ကသိုလ်ကျောင်းဝင်းထဲကို ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင် တို့ သေဆုံးခဲ့ပါတယ်။ အဲဒီနောက် မတ်လ ၁၆ ရက်နေ့မှာ ရန်ကုန် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်က ကျောင်းသူကျောင်းသားတွေ ဆန္ဒပြခဲ့တာကို အင်လျားကန်ဘောင်အနီး ပြည်လမ်းပေါ်မှာ လုံထိန်းရဲတပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် နှိမ်နင်းခဲ့ပါတယ်။
အဲဒီနောက် မတ်လ ၁၈ ရက်နေ့မှာ ရန်ကုန်မြို့အတွင်း ကျောင်းသားတချို့နဲ့ လူတချို့က ဆန္ဒပြပွဲခဲ့ရာမှာ ဖမ်းဆီးမိသူတွေကို အလုံပိတ်အချုပ်ကားတွေထဲ စုပြုံတင်သွားတဲ့အတွက် အသက်ရှုကြပ်ပြီး လူ ၄၁ ယောက်သေဆုံးခဲ့ပါတယ်။ အဲဒီနောက် မဆလအစိုးရကကျောင်းတွေကို ပိတ်ခဲ့ပါတယ်။
အဲဒီနှစ် ဇွန်လကျောင်းတွေပြန်ဖွင့်တဲ့အခါ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေက အစိုးရဆန့်ကျင်ရေးကို ဆက်တိုက်လုပ်ဆောင်ခဲ့ကြပါတယ်။ လူထုကလည်း ပူးပေါင်းလာပြီး ဇွန်လ ၂၁ ရက်နေ့မှာ လှည်းတန်းဖက်က ချီတက်လာတဲ့ ကျောင်းသားပြည်သူတွေကို မြေနီကုန်းအရောက်မှာ လုံထိန်းရဲတွေက ကားနဲ့ဝင်တိုက်ပြီး နှိမ်နင်းခဲ့တာကြောင့် ဘေးပတ်ဝန်းကျင်မှာရှိကြတဲ့ အရပ်သားတွေက မခံမရပ်ဖြစ်ပြီး ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာမှာ လုံထိန်းရဲ ၆ ယောက် သေဆုံးခဲ့ပါတယ်။
ဇူလိုင် ၂၃ ရက်နေ့မှာ အဲဒီအချိန်က အုပ်ချုပ်ခဲ့တဲ့ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီက အရေးပေါ်ညီလာခံ ခေါ်ယူခဲ့ပါတယ်။ ညီလာခံမှာ ဦးနေဝင်းက စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်။ မိုးပေါ်ထောင်မပစ်ဘူးလို့ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ အဲဒီနောက်သူနဲ့အတူ မဆလပါတီ ထိပ်ပိုင်းခေါင်းဆောင်တချို့ နုတ်ထွက်ခဲ့ပါတယ်။ ဇူလိုင် ၂၇ ရက်နေ့မှာ မဆလပါတီ ညီလာခံကနေ ဦးစိန်လွင်ကို သမ္မတအဖြစ် တင်မြှောက်ပေးခဲ့ပါတယ်။ ကျောင်းသား ပြည်သူတွေအတွင်း မကျေနပ်မှုတွေ တိုးပွားလာပြီး ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ နိုင်ငံအန့ှံ ဆန္ဒပြသပိတ်မှောက်ကြဖို့ နှိုးဆော်သံတွေ ကြိုတင်ပေါ်ထွက်လာခဲ့ပါတယ်။
သမ္မတ ဦးစိန်လွင်ကလည်း ရန်ကုန်မြို့ကို စစ်အုပ်ချုပ်ရေးကြေငြာပြီး နေရာအနှံံ့မှာ လုံခြုံရေးတွေ အများအပြားချထားခဲ့ပါတယ်။ ၈ ရက် ၈ လ ၈၈ မှာ လူထုဆန္ဒပြပွဲတွေ ပေါ်လာခဲ့ပါတယ်။ ဒေသတချို့မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ ၈ ရက်နေ့ မတိုင်ခင်ရက်ပိုင်းကတည်းက ဖြစ်ပွားခဲ့ပါတယ်။ အစိုးရက ရန်ကုန်မြို့တော်ခန်းမရှေ့ ဆန္ဒပြလူထုကို သြဂုတ်လ ၈ ရက်ညနက်ပိုင်းမှာ စတင်ပစ်ခတ်ခဲ့ပါတယ်။ သြဂုတ်လ ၉ ရက်နေ့မှာ ပစ်ခတ်နှိမ်နင်းတာတွေပိုများလာသလို လူထု့အုံကြွမှုတွေကလည်း ပိုပြီးများလာခဲ့ပါတယ်။
ဆန္ဒပြပွဲတွေ ဆက်လက်ပေါ်ပေါက်ခဲ့ပြီးနောက် သြဂုတ်လ ၁၂ ရက်နေ့မှာ ဦစိန်လွင် သမ္မတရာထူးကနေ ဆင်းပေးခဲ့ရပြီး ၁၉ ရက်နေ့မှာ ဒေါက်တာမောင်မောင် သမ္မတဖြစ်လာခဲ့ပါတယ်။ သြဂုတ်လ ၂၃ ရက်နေ့မှာ ဒေါက်တာမောင်မောင်က စစ်အုပ်ချုပ်ရေး ရုတ်သိမ်းကြောင်းကြေငြာခဲ့ပါတယ်။
သြဂုတ်လ ၂၆ ရက်နေ့မှာ ရွှေတိဂုံဘုရားအနောက်မုဒ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲကို လူထု ၅ သိန်းခန့် တက်ရောက်ခဲ့ပါတယ်။ သြဂုတ်လ ၂၈ ရက်နေ့မှာကျင်းပတဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေရဲ့ ညီလာခံကနေ ဗကသ ဥက္ကဋ္ဌအဖြစ် မင်းကိုနိုင်နဲ့ အတွင်းရေးမှူးအဖြစ် မိုးသီးဇွန် တု့ိကို တင်မြှောက်ခဲ့ကြပါတယ်။
မြန်မာတပြည်လုံး ကျောင်းသားတွေ၊ အစိုးရဝန်ထမ်းတွေ၊ ကြည်း၊ ရေ၊ လေ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ လူထုဆန္ဒပြပွဲတွေ ဆက်လက်ပေါ်ပေါက်ခဲ့ဲပြီးနောက် စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်းပါတယ်။ လူထုဆန္ဒပြပွဲတွေကို ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းခဲ့တဲ့အတွက် ပြည်သူတွေ ထောင်နဲ့ချီသေဆုံးခဲ့ရပြီးနောက်မှာ ၈၈ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံလည်း ပျက်သုန်းသွားခဲ့ရပါတယ်။
သောတရှင်များခင်ဗျား ၁၉၈၈ လူထုအုံကြွမှုကြီးဖြစ်ပွားခဲ့တာ အခု ၂၅ နှစ်ပြည့်ခဲ့ပါပြီ။ ဒီသမိုင်းဝင်အရေးတော်ပုံမှာ ပါဝင်ဖြတ်သန်းခဲ့သူတွေရဲ့ အတွေ့အကြုံနဲ့ သဘောထားအမြင်တွေကို အာဖက်အေက အရေးတော်ပုံ ငွေရတုအထူးအစီအစဉ်အဖြစ် ဒီကနေ့ သြဂုတ်လ ၂ ရက်နေ့ နံနက်ကစပြီး သြဂုတ်လ ၈ ရက်နေ့အထိ နေ့စဉ်တင်ဆက်မှာ ဖြစ်ပါတယ်။ ပါဝင်ပြောကြားခဲ့သူတွေနဲ့ သောတရှင်အားလုံးကို RFA က ကျေးဇူးအထူးတင်ရှိပါတယ်။
ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အထူးအစီအစဉ် အမှတ် (၁)
၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအထူးအစီအစဉ်မှာ ၈ လေးလုံးလူထုအုံကြွှမှုကို မန္တလေးမြို့မှာ စတင်ခဲ့သူတွေထဲက အထင်ကရပုဂ္ဂိုလ်ဖြစ်တဲ့ ဆရာတော် ဦးကာဝီယရဲ့ မိန့်ကြားချက်တွေကို အခု နားဆင်ရမှာဖြစ်ပါတယ်။
၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကာလအတွင်း မြန်မာ့အသံအဆိုတော်တွေစုပေါင်းပြီး ဂုဏ်ပြုသီဆိုခဲ့ကြတဲ့ သီချင်းတစ်ပုဒ်ကို အခုတင်ဆက်မှာဖြစ်ပါတယ်။