စစ်ကိုင်းတိုင်းမှာ နှစ်ပတ်အတွင်း ၆၉ ဦး သေဆုံးပြီး ၃၅ ဦး အဖမ်းခံထားရ

2022.03.18
စစ်ကိုင်းတိုင်းမှာ နှစ်ပတ်အတွင်း ၆၉ ဦး သေဆုံးပြီး ၃၅ ဦး အဖမ်းခံထားရ စစ်ကောင်စီတပ်ကြောင့် ထွက်ပြေးနေရသည့် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က စစ်ဘေးဒုက္ခသည်တွေကို ၂၀၂၂ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် တွေ့ရစဥ်
ဓါတ်ပုံ - ဒီပဲယင်းနယ် စစ်ဘေးရှောင်ကူညီရေး

RFA က သီးခြားပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်ရဲ့ လေကြောင်း၊ ကြည်းကြောင်း နှစ်ဖက်ညှပ်ပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် စစ်ကိုင်းတိုင်းထဲက တန့်ဆည်၊ ပုလဲ၊ ယင်းမာပင်၊ ကနီ၊ ကျွန်းလှ၊ ကလေး၊ ရေဦး၊ ချောင်းဦး၊ ခင်ဦး အပါအဝင် မြို့နယ်အချို့မှာ မတ်လ ၁ ရက်ကနေ ၁၅ ရက်အထိ နှစ်ပတ်အတွင်း PDF တပ်ဖွဲ့ဝင်တွေ အပါအဝင် စုစုပေါင်း လူ ၆၉ ဦး သေဆုံးခဲ့ပါတယ်။

အဖမ်းခံရသူ ၃၅ ဦးနဲ့ အခုချိန်ထိ သတင်းအစအနမရဘဲ ပျောက်ဆုံးနေသူ သုံးဦး ရှိပါတယ်။ ဒါဟာ ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ ပြည်တွင်းသတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက် တွေအပေါ်  RFA က လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ စာရင်းသာဖြစ်ပြီး လက်တွေ့မှာ ဒီထက် ပိုများနိုင်ပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ မတ်လ ၈ ရက်နေ့ကစလို့ ယင်းမာပင်မြို့နယ်ထဲက  ရွာတွေကို လေကြောင်း၊ ကြည်းကြောင်း နှစ်ဖက်ညှပ်ပြီး ဆက်တိုက်ဆိုသလို ဝင်ရောက် စီးနင်းခဲ့တဲ့အတွက် လက်ပန်တောရွာမှာ အရပ်သား ၁၂ ဦး တစ်ရက်တည်း တစ်ပြိုင်တည်း သေဆုံးခဲ့ပါတယ်။ နောက်ထပ် သုံးဦးလည်း ပျောက်ဆုံးနေတယ်လို့ လက်ပန်တောရွာသား တွေက ပြောပါတယ်။

အဲဒီနေ့က လက်ပန်တောရွာမှာ သေဆုံးခဲ့သူတွေထဲမှာ PDF အဖွဲ့ဝင် တစ်ဦးလည်း ပါဝင်တယ်လို့ ယင်းမာပင်မြို့နယ် မြောက်ယမားကာကွယ်ရေးအဖွဲ့ ပြောခွင့်ရသူ ကိုခန့်က RFA ကို ပြောပါတယ်။

မတ်လ ရက်နေ့ကနေ ဒီနေ့အချိန်အထိ အပြစ်မဲ့အရပ်သားပြည်သူ ၁၄ ဦး၊ PDF တပ်ဖွဲ့ဝင် တစ်ဦး၊ စုစုပေါင်း ၁၅ ဦး ပစ်သတ်ခံရပါတယ်။ အဲဒီအထဲမှာလည်း ကလေးငယ်တွေ အပါအဝင် ဖြစ်ပါတယ်။ သက်ကြီးရွယ်အိုတွေ အပါအဝင် ဖြစ်ပါတယ်။ ရာနဲ့ချီအောင် ကျနော်တို့ နေအိမ်တွေ မီးရှို့ခံရတာရှိပါတယ်။ ရန်သူ့စစ်ကြောင်းဘက်က ကျနော်တို့ ယင်းမာပင်ထဲကို ထပ်ပြီးတော့ ထိုးစစ်တွေဆင်မှာ နောက်တစ်ခုက နေအိမ် တွေကို မီးရှို့မှာ ကြောက်ရွံ့တဲ့အတွက်ကြောင့် ဒေသခံပြည်သူတွေက နေရပ်ကို မပြန်နိုင်သေးဘဲနဲ့ အိုးမဲ့အိမ်မဲ့ စွန့်ခွာပြီးတော့ ထွက်ပြေးနေရတဲ့ အခြေအနေပဲလို့ ပြောလို့ရပါတယ် ”

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် မြောက်နုံးရွာအနီးမှာလည်း မတ်လ ၁၁ ရက် မနက်ပိုင်း က စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF တပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး PDF တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့တယ်လို့ သူက ဆိုပါတယ်။

တန့်ဆည်မြို့နယ် စိမ်းစားရွာမှာလည်း မတ်လ ၁၂ ရက်နေ့က ပျူစောထီးအဖွဲ့ဝင်တစ်ဦး အသတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ချက်ချင်း တန်ပြန်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး အရပ်သား ငါးဦး သေဆုံးခဲ့ပါတယ်။

မတ်လ ၁၂ ရက်နေ့မှာပဲ ပုလဲမြို့နယ်၊ တုန်ကန်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေနဲ့ ပျူစောထီးအဖွဲ့တွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ စုပေါင်းပြီး တိုက်ခိုက်ရာမှာ သူတို့ဘက်က သုံးဦးသေဆုံးပြီး၊ လေးဦးအပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ရွှေဓါးဗိုလ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောထားပါတယ်။

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာတော့ မတ်လ ဒုတိယပတ်အတွင်း တိုက်ပွဲပေါင်း အကြိမ် ၃၀ လောက်ဖြစ်ခဲ့ပြီး အရပ်သား ငါးဦး သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကနီမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

မတ်လထဲမှာတော့ ကနီဘက်မှာတော့ တစ်ပွဲလောက်ပဲဖြစ်တယ်။ ကနီနဲ့ ယင်းမာပင်နဲ့ နယ်စပ်မှာတော့ အကြိမ်ရေ ၃၀ ကျော်လောက်ဖြစ်တယ်။ သေဆုံးကတော့ လတ်တ လော မတ်လထဲ ငါးဦးလောက်ပဲရှိတယ်။ သူတို့ဘက်က ပျူတွေရော ဘာတွေရော လူအင်အားတွေ ပို ပိုပြီးတော့ ထပ်တိုးနေတဲ့သဘောတော့ ရှိတယ် ”

စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေရဲ့ သေဆုံးမှုကို စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်း ထုတ်ပြန်ခြင်း မရှိတာကြောင့် RFA အနေနဲ့ သီးခြားအတည်ပြု နိုင်ခြင်း မရှိပါဘူး။

အလားတူ ကျွန်းလှမြို့နယ်၊ ဝေလမူရွာမှာ PDF တပ်ဖွဲ့ဝင် အမျိုးသား၊ အမျိုးသမီး ခုနစ်ဦး အဖမ်းခံခဲ့ရပြီး  သူတို့အထဲက အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို မတ်လ ၅ ရက် နေ့မှာ ပြန်တွေ့ခဲ့ပါတယ်။ အဖမ်းခံထားရတဲ့ အမျိုးသမီးငါးဦးရဲ့ အခြေအနေကိုတော့ အခုချိန်ထိ အတိအကျ မသိရသေးပါဘူး။

"ရာနဲ့ချီ ကျနော်တို့ နေအိမ်တွေ မီးရှို့ခံရတာရှိပါတယ်"

မတ်လ ၈ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ သိမ်တော်ရွာနားမှာ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ PDF တွေ တိုက်ပွဲဖြစ်ခဲ့ပြီး PDF ဘက်က ၁၁ ဦး သေဆုံးခဲ့သလို လူသားဒိုင်းအဖြစ် စစ်ကောင်စီက ဖမ်းသွားတဲ့ အရပ်သားနှစ်ဦးလည်း အသတ်ခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက RFA ကို  ပြောပါတယ်။

အဲဒီမှာ မနက် နာရီလောက်မှာ နှစ်ဖက်ထိတွေ့မှုဖြစ်တယ်။ ရွာထဲကို သူတို့က ရောက်နေတဲ့အချိန် အပြင်ကနေ ဒီက ရဲဘော်တွေက ပြန်ပြီးတော့ ခုခံတာ။ ခုခံတဲ့အချိန်မှာ သူတို့အလုံးအရင်းနဲ့ နေရာစုံကနေဖြန့်ပြီးတော့ဖြစ်တာ။ သူတို့ရဲ့ ရုပ်အလောင်းတွေကို ကောက်ပြီးတော့ သင်္ဂြိုဟ်ဖို့ ကျနော်တို့ရှာဖွေတဲ့အချိန်မှာ အဓိကတွေ့ထားတာ သူတို့ရဲ့ အဝတ်အစားတွေ ကျန်ရစ်တဲ့နေရာမှာ ၄၀ မမနဲ့ နေရာစုံကို လိုက်ပစ်ပြီးတော့ ဒဏ်ရာရအောင်လုပ်ပြီးတော့မှ ဖမ်းဆီးပြီးတော့ ပစ်သတ်သွားတဲ့ပုံစံမျိုး ရုပ်အလောင်းတွေက အများဆုံးပါ ”

ခင်ဦးမြို့နယ် မှန်တောရွာမှာ မတ်လ ၅ ရက်နေ့က အရပ်သားသုံးဦး မီးရှို့အသတ်ခံခဲ့ရသလို မတ်လ ၁ ရက်နေ့မှာလည်း ရေဦးမြို့နယ် အုတ်ဖိုရွာမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် သုံးဦးနဲ့ အရပ်သားတစ်ဦးတို့ရဲ့ မီးရှို့ခံထားရတဲ့ ရုပ်အလောင်းတွေကို ပြန်တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ၂၀၂၂ ခုနှစ် မတ်လ ၁၇ ရက်နေ့ညတွင် မီးရှို့ခဲ့သည့် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် တောင်ကုန်းရွာကို တွေ့ရစဥ် (Photo: CJ)
စစ်ကောင်စီတပ်က ၂၀၂၂ ခုနှစ် မတ်လ ၁၇ ရက်နေ့ညတွင် မီးရှို့ခဲ့သည့် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် တောင်ကုန်းရွာကို တွေ့ရစဥ် (Photo: CJ)

ဒီဖြစ်ရပ်တွေကြောင့် စစ်ကိုင်းတိုင်းထဲက ပြည်သူတွေရဲ့  စစ်အာဏာရှင်အပေါ် နာကြည်း မုန်းတီးမှုတွေ ပိုတိုးလာတယ်လို့ ရှားလွင်ရွာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

ကျနော်ပြောချင်တာကတော့ ကျနော်တို့ မလိုချင်ဆုံးအရာသည် အာဏာရှင်စနစ် အုပ်ချုပ်ခြင်းကို မလိုချင်တာ။ အဲတော့ ဒီလိုမျိုး သူတို့လုပ်နေလေ ကျနော်တို့ ပြည်သူတွေအားလုံးက သူတို့အပေါ်ကို ပိုလို့တောင် မလိုချင်လေပဲလို့ အဲလိုပဲ ပြောချင်ပါတယ်”

RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း လူ ၄၇ ဦး သေဆုံးခဲ့ပြီး အခု မတ်လထဲမှာ  ၆၉ ဦး သေဆုံးခဲ့တာပါ။

အခု မတ်လ ဒုတိယပတ်မှာတင် ပြီးခဲ့တဲ့တစ်လလုံးထက် သေဆုံးသူ ပိုများနေတာကို ကြည့်ရင် စစ်ကိုင်းတိုင်းထဲက အခြေအနေတွေဟာ ပိုဆိုးလာတာ တွေ့ရတယ်လို့ ဒေသခံ တွေနဲ့ နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။

တစ်နိုင်ငံလုံးက မီးရှို့ခံရမှုဖြစ်စဥ်တွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Data for Myanmar အဖွဲ့ရဲ့  ၂၀၂၂ ခုနှစ် မတ်လ ၁၆ ရက် ထုတ်ပြန်ချက်အရ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းချိန်ကနေ အခု မတ်လ ၁၅ ရက်နေ့အထိ တစ်နှစ်ကျော်အတွင်း မြန်မာတစ်နိုင်ငံလုံးမှာ နေအိမ်အလုံးပေါင်း ခုနစ်ထောင်ကျော် မီးရှို့ဖျက်ဆီးခံရပြီး အဲဒီ အထဲမှာ စစ်ကိုင်းတိုင်းက နေအိမ် ၄၄၂၆ လုံးနဲ့ မီးရှို့ခံရမှု အများဆုံး ဖြစ်နေပါတယ်။

ဒီအခြေအနေတွေကြောင့်ပဲ စစ်ကိုင်းတိုင်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူနဲ့ တစ်နေရာ တည်းမှာ အခြေတကျမနေနိုင်ဘဲ ဘေးလွတ်ရာကို မကြာခဏ ရွှေ့ပြောင်းနေထိုင်ရသူ စစ်ဘေးဒုက္ခသည် တစ်သိန်း ခုနစ်သောင်းကျော် ရှိနေကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က မတ်လ ၁ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။