ရှမ်းပြည်တောင်ပိုင်းနဲ့ ကယားမှာ အာဏာသိမ်း ၂၃ လအတွင်း အရပ်သား ၄၁၉ ဦးသေဆုံး
2023.01.06

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ ကယားပြည်နယ်အတွင်းမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အချိန် ၂၃ လတာကာလအတွင်း အရပ်သား ၄၁၉ ဦး သေဆုံးခဲ့ရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။
"စစ်ကောင်စီက လက်နက်ကြီးရမ်းသန်းထုမှုကြောင့် သေဆုံးရတာက အများဆုံးဖြစ်တယ်ပေါ့”
တော်လှန်ရေးအင်အားစုတွေ အားမကောင်းသေးတဲ့ ၂၀၂၁ ခုနှစ်မှာ တိုက်ပွဲဖြစ်ပွားမှု နည်းခဲ့သလို အရပ်သား သေဆုံးမှုလည်း နည်းခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်အတွင်းမှာ တော်လှန်ရေးအင်အားစုတွေ စုဖွဲ့မှုအားကောင်းလာပြီး အရပ်သားတွေရှိတဲ့ နေရာတွေ အထိပါ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်လာတာကြောင့် ထိခိုက်သေဆုံးမှု များလာတာလို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF တာဝန်ရှိသူက ပြောပါတယ်။
“၂၀၂၂ မှာက တိုက်ပွဲတွေ ပိုများလာတယ်။ နောက်ပြီး ထိတွေ့တိုက်ပွဲဖြစ်တဲ့နေရာတွေ မှာလည်း ပြည်သူလူထုရှိတဲ့ ကျေးရွာတွေထဲမှာဖြစ်တဲ့ အဆင့်တွေအထိ ဖြစ်လာတဲ့ အတွက် အရပ်သား ပြည်သူလူထုတွေ လက်နက်ငယ်၊ လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးတာတွေက ပိုပြီးများ လာတာပေါ့နော်။ သေဆုံးရတဲ့အကြောင်းအရင်းက ခြောက်ခုလောက်ရှိတာပေါ့နော်။ အများစုက စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်တာက အများဆုံးဖြစ်တယ်။ ဒုတိယတစ်ခုကျတော့ စစ်ကောင်စီက လက်နက်ကြီးရမ်းသန်းထုမှု ကြောင့် သေဆုံးရတာက အများဆုံးဖြစ်တယ်ပေါ့”
အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် တစ်နှစ်လုံးမှာ ဖမ်းဆီးသတ်ဖြတ်ခံရသူ ၁၄၇ ဦးရှိခဲ့ပြီး ၂၀၂၂ တစ်နှစ်လုံးမှာတော့ ၁၅၀ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ်မှာ စစ်ဘေးရှောင်ရင်း သေဆုံးခဲ့ရသူက ၂၉ ဦးရှိခဲ့ရာကနေ ၂၀၂၂ ခုနှစ်မှာ ၉၇ ဦးအထိ တိုးလာခဲ့ပါတယ်။ ဒုက္ခသည်စခန်းမှာ ဆေးဝါးနဲ့ အစားသောက် ပြတ်လပ်မှုကြောင့် ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေ သေဆုံးမှုအရေအတွက်က ပိုများလာတာတွေ့ရတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားမှူး ကိုဗညားက ပြောပါတယ်။
“သေဆုံးမှုမြင့်လာတဲ့ အကြောင်းအရင်းက လွယ်လွယ်နဲ့ထောက်ရင် နှစ်ချက်ထောက်ပြ လို့ ရတာပေါ့။ ပထမ အချက်က ဆေးဝါးမလုံလောက်မှု၊ အခြေခံကာကွယ်ဆေးတွေ လက်လှမ်းမီနိုင်မှု အားနည်းတာကို တွေ့ရတယ်။ နောက်ပြီး ကျန်းမာရေးပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးနေတဲ့ လူထုအနေအထားနဲ့ ကျန်းမာရေးပိုင်းဆိုင်ရာ ဝန်ဆောင်မှု ပေးနိုင်တဲ့ ကျန်းမာရေးဝန်ထမ်း မလုံလောက်မှု၊ ဆေးဝါးသယ်ယူပို့ဆောင်ရေး အခက်အခဲနဲ့ ကန့်သတ်မှုတွေ၊ အခုနောက်ပိုင်း ငွေကြေးပိုင်းလျော့နည်းလာမှုတွေ ကြောင့်လို့လည်း ပြောလို့ရပါတယ်”
PKPF ရဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ တစ်ရက်နေ့ နောက်ဆုံးထုတ်ပြန်ချက်မှာတော့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ ကယားပြည်နယ်အတွင်းမှာ ၂၀၂၁ ခုနှစ်အတွင်း တိုက်ပွဲပေါင်း ၁၃၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ တိုက်ပွဲပေါင်း ၄၁၂ ကြိမ်အထိ ဖြစ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၁၁ ဦး သေဆုံးခဲ့ရပြီး စစ်ကောင်စီဘက်ကတော့ ၁၆၀၀ ကျော်အထိ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီကိန်းဂဏန်းဖော်ပြချက်နဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
၂၀၂၂ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီနဲ့ အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာ တိုက်ပွဲတွေ အပြင်းထန်ဆုံး ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပါ သေဆုံးမှုများခဲ့တာလို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်မတော် ဒုစစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။
“တိုက်ပွဲတွေက အများအပြားဖြစ်တဲ့အတွက်ကြောင့်မို့ နှစ်ဖက်ထိခိုက်မှုတွေကတော့ ရှိတာပေါ့လေနော်။ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ကျဆုံးမှုတွေရှိသလို စစ်ကောင်စီဘက်ကလည်း ကျဆုံတဲ့ဟာတွေရှိတယ်။ သူတို့ဆီကနေ ဒီတစ်နှစ်အတွင်းမှာ လက်နက်တွေ ရရှိခဲ့တာတွေလည်းရှိတယ်။ ဒီတစ်နှစ်အတွင်းမှာပဲ ဇန်နဝါရီကနေ ဒီဇင်ဘာ အကုန်အထိ ကျနော်တို့ KNDF တစ်ခုတည်းပေါ့နော် စစ်ကောင်စီရဲ့ လက်နက် ၁၅၀ ကျော်လောက် ရတာမျိုးတွေ ရှိတယ်ပေါ့နော်”
အာဏာသိမ်း ၂၃ လတာကာလအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၁၈၄ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး အရပ်သား ခုနစ်ဦးသေဆုံးခဲ့ပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ် ထိခိုက်မှုကြောင့် သေဆုံးခဲ့ရသူက ၆၅ ဦးအထိရှိခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က ပြောပါတယ်။
စစ်ဘေးဒုက္ခသည်တွေကြားမှာလည်း လက်နက်ကြီးကျည်ကျလို့ သေဆုံးသွားရတဲ့ ဘဝတူ စစ်ဘေးဒုက္ခသည်တွေလို ဖြစ်လာမလားဆိုတဲ့ စိုးရိမ်စိတ်တွေ၊ မလုံခြုံမှုတွေကို ခံစားနေကြရတယ်လို့ ကယားပြည်နယ် လွိုင်လင်လေးမြို့နယ်အတွင်းမှာ ခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခသည် မဒီဒီးက ပြောပါတယ်။
“အရပ်သားသေဆုံးမှု အများကြီးကြားရတဲ့အခါကျတော့ ကိုယ်လည်းစိတ်မကောင်းဘူး ပေါ့နော်။ အများကြီး မျှော်လင့်ထားတာတော့ ငြိမ်းချမ်းဖို့ပဲ မျှော်လင့်ထားတာပေါ့။ ကိုယ့်အလှည့်ကျတော့ ဘယ်အချိန်ရောက်လာမှာတုန်း အသံတစ်ခုခုကြားရင် တစ်နေရာပြေးပုန်းလိုက်၊ စိတ်ထဲမှာလည်းအမြဲတမ်း တုန်ရိတုန်ရိဖြစ်နေတာပေါ့နော်။ သက်ကြီးရွယ်အိုဆို ပိုဆိုး၊ ကလေးတွေဆို ပိုဆိုးတယ်။ အစိုးရိမ်ရဆုံးက လက်နက်ကြီး ရယ်၊ လေယာဉ်လာရင်ဆို ပိုဆိုး။ ရှောင်ရင်လည်း ထိတဲ့လူလည်းရှိတယ် အဲလိုမျိုးပေါ့ နော်”

သေဆုံးသွားသူတွေအတွက် တရားမျှတမှုရဖို့အတွက်ကိုလည်း သူ့အနေနဲ့ မျှော်လင့်တယ် လို့ ပြောပါတယ်။ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ကတော့ လစဉ် အရပ်သားသတ်ဖြတ်ခံရမှု တွေကို မှတ်တမ်းပြုစုထားပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ သံတမန်တွေကို ပေးပို့ထားတယ်လို့ ဆိုပါတယ်။
ကယားပြည်နယ်အတွင်းက တိုက်ပွဲအခြေအနေနဲ့ အရပ်သားသေဆုံးရမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။ ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ နေရာချထားရေးအတွက်ကိုတော့ ပြည်နယ်အစိုးရဘက်က ဆောင်ရွက်နေတာရှိတယ်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့် လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးက အခု ဇန်နဝါရီလဆန်းပိုင်းမှာ RFA ကို ဖြေကြားထားပါတယ်။
အာဏာသိမ်း ၂၃ လတာကာလအတွင်း ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ ကယား ပြည်နယ်အတွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် နှစ်သိန်းဝန်းကျင်အထိ ရှိနေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဘက်က အခု ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့အတွက် တိုက်ပွဲအရှိန် ပိုမြင့်လာမှာဖြစ်သလို လေကြောင်းနဲ့ လက်နက်ကြီးတွေကို ပိုမိုအသုံးပြု လာနိုင်ခြေရှိတာကြောင့် အရပ်သားထိခိုက်မှုနဲ့ သေဆုံးမှု ထပ်မံများလာနိုင်တယ်လို့လည်း ကရင်နီစစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ထောက်ပြကြပါတယ်။