ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ မေလ ၂၅ ရက်နေ့နောက်ပိုင်းကစလို့ စစ်ကောင်စီတပ်နဲ့ ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပါတယ်။ ဇွန်လ ၁၂ ရက် ဒီနေ့အထိ ကလေးငယ် သုံးဦး အပါအဝင် ဒေသခံ ၃၅ ဦး ထက်မနည်း သေဆုံးခဲ့ တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က ပြောပါတယ်။
သေဆုံးခဲ့ရတဲ့သူတွေထဲမှာ အမျိုးသား အယောက်နှစ်ဆယ်ကျော်နဲ့ အမျိုးသမီး ဆယ်ယောက်ကျော်အပြင် အသက် ၈ နှစ်၊ ၁၃ နှစ်နဲ့ ၁၈ နှစ်အရွယ် ကလေးသုံးဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
"တချို့က လက်နက်ကြီးကျလို့ ထိခိုက်သေဆုံးတာရှိပါတယ်"
သူတို့ဟာ လက်နက်ကြီးစတွေ ထိမှန်တာ၊ တိုက်ပွဲကြားထဲပိတ်မိပြီး ပစ်သတ်ခံရတာတွေ ကြောင့်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ကိုဗညားက ပြောပါတယ်။
“မေလကနေ အခုချိန်ထိ ဇွန်လ ၁၂ ရက်အထိဆိုရင် မရှိဘူးဆိုရင် အနည်းဆုံး ၃၅ ဦးကတော့ မနည်းဘူးလို့ ကျွန်တော်တို့ ပြောလို့ရပါတယ်။ မိုးဗြဲမြို့ပေါ်မှာပဲ သတ်ဖြတ်ခံရတယ် သို့မဟုတ် လက်နက်ကြီး ကျရောက်ထိမှန်တယ် နောက်ပြီး ပစ်ခတ်ခံရတယ်ပေါ့နော်။ တချို့ကလည်း ဖမ်းဆီးသတ်ဖြတ်တာရှိတယ်။ တချို့က ပစ်ခတ်ခံရတယ်။ တချို့က လက်နက်ကြီးကျလို့ ထိခိုက်သေဆုံးတာရှိပါတယ်”
ဇွန်လ ပထမပတ်ထဲမှာပဲ ရုပ်အလောင်း ၁၂ လောင်းကို ကောက်ယူသင်္ဂြိုဟ်ခဲ့ပေမယ့် လုံခြုံရေးကြောင့် မကောက်နိုင်တဲ့ အလောင်းတွေလည်း ကျန်နေသေးတယ်လို့ သူက ပြောပါတယ်။
အမည်မဖော်လိုတဲ့ မိုးဗြဲဒေသခံတစ်ဦးကတော့ သူတို့မြို့မှာ မနေ့ညကအထိ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က လူနေရပ်ကွက်တွေထဲကို လက်နက်ကြီးနဲ့ မရပ်မနား ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
"မနေ့ညကလည်း အပြန်အလှန် ပစ်သံတွေရော၊ လက်နက်ကြီး ပစ်သံတွေရော ဆက်တိုက်ပဲ ကြားရတယ်။ ပြောရရင်တော့ စစ်ရေးက အတော်တင်းမာတဲ့ အခြေအနေဖြစ်နေပြီပေါ့။ မိတ်ဆွေ မိသားစုကတော့ ဗုံးခိုကျင်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ သုံးဦးတစ်ခါတည်း ဆုံးသွားပြီ။ ဖုန်းလိုင်းတွေကလည်း မကောင်းတော့ ဘယ်လိုမှ အပြင်ထွက်လို့ မရတော့ဘူး၊ အဆက်အသွယ်တွေ အကုန်ပြတ်ကုန်ပြီ"
မိုးဗြဲမြို့ရဲ့ အထပ်မြင့် အဆောက်အအုံတွေနဲ့ စာသင်ကျောင်း၊ လူနေအိမ်တွေထဲကို ဝင်နေတဲ့ စစ်ကောင်စီ တပ်သား ၄၅၀ နီးပါးရှိနိုင်တယ်လို့ သူက ပြောပါတယ်။
မိုးဗြဲမြို့ရဲ့ နေရာအနှံ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေသလို သူတို့နဲ့တွေ့တဲ့ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်နေတာကြောင့် ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းတွေကို ကောက်ယူဖို့ အခက်အခဲရှိနေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေတဲ့ မနွေဦးက RFA ကို ပြောပါတယ်။
"မြို့ထဲက စည်ကာရပ်ကွက်၊ ဒုံးတူထန်ရပ်ကွက်တွေမှာ ဒဏ်ရာရတဲ့ သူတွေရှိတယ်လို့ သိထားပါတယ်။ အခုထိတော့ အထဲဝင်ဖို့ အခွင့်အရေးမရသေးတော့ မခေါ်ထုတ်ရသေး ဘူး။ စစ်ရေးက အရမ်းရှုပ်ထွေးနေတော့ သတိထားနေရတဲ့ အခြေအနေပေါ့"
စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ မိုးဗြဲမြို့ရဲ့ ရပ်ကွက်အတွင်းလမ်း တချို့ကို ဖြတ်သန်း သွားလာခွင့် ပိတ်ထားပြီး လမ်းမကြီးတစ်ခုကိုပဲ အသုံးပြုခွင့် ပေးထားတယ်လို့ ဆိုပါတယ်။
မိုးဗြဲမြို့နယ်အတွင်းက အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန် တာ အခုထိ မရှိသေးပါဘူး။ အရပ်သားတွေ သေဆုံးနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ရှမ်းပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံမဖြေဆိုပါဘူး။

မိုးဗြဲမြို့နယ်တိုက်ပွဲမှာ နှစ်ဖက်အကျအဆုံးရှိသလို ပြည်သူတချို့လည်း ပိတ်မိနေဆဲပဲလို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့ညအထိပေါ့ နောက်ဆုံးသိရတဲ့ သတင်းအရဆိုရင် တိုက်ပွဲပြင်းထန်တယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ KNDF အဖွဲ့တွေမှာလည်း နှစ်ဖက်က အကျဆုံးတွေ ရှိသလို စစ်ကောင်စီဘက်ကလည်း အကျဆုံးများတာပေါ့။ လက်နက်ကြီးလည်း တစ်လျှောက်လုံး ပစ်နေတာပေါ့။ ဒီကနေ ကြားသလောက်ဆိုရင် တိုက်ပွဲမှာ စစ်ကောင်စီဘက်က အမြောက်တပ်ကနေ မိုးဗြဲကို လှမ်းထုတာရှိတယ်။ တချို့ပြည်သူတွေကလည်း ပိတ်မိတဲ့ ပြည်သူတွေရှိတယ်၊ လုံခြုံမယ်ထင်ပြီး ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ပြည်သူတွေရှိတယ်။ တချို့ပြည်သူတွေကျတော့ ပြန်ထွက်လာလို့ရတယ်ဆိုတာတော့ ကျွန်တော်တို့ ကြားရတယ်။ ဒါပေမဲ့ တိတိကျကျ ဘယ်လိုထွက်လာလဲ၊ ဘယ်လိုလွတ်လာလဲဆိုတာတော့ ကျွန်တော်တို့ တိတိကျကျ မသိရဘူးပေါ့”
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၃ ဇွန် ၁၂ ရက်နေ့အထိ မိုးဗြဲမှာ အရပ်သား ၅၀ ကျော် သေဆုံးခဲ့ပြီး အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၃ ဦးပါဝင်တယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု PKPF ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
မိုးဗြဲမြို့မှာ လူဦးရေ သုံးသောင်းနီးပါးနေထိုင်ပါတယ်။ အခုဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် မြို့ပေါ်မှာရှိတဲ့ ရပ်ကွက်ပေါင်း ၁၀ ရပ်ကွက်ထဲမှာ ရပ်ကွက်သုံးခုလောက်မှာပဲ လူတချို့ ဆက်လက်နေထိုင်နေကြပြီး ကျန်တဲ့ရပ်ကွက်တွေက ပြည်သူတွေကတော့ ထွက်ပြေး တိမ်းရှောင်နေရပြီလို့ မြို့ခံတွေက ပြောပါတယ်။