ရခိုင်မှာ စစ်ကောင်စီတပ်သားတွေ အဖမ်းခံရမှုအတွက် အရပ်သား ၃၀ တရားစွဲခံရ

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်နွှယ်ပြီး အဖမ်း ခံထားရတဲ့ အရပ်သား ၃၀ ဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) အများပြည်သူ အကျိုးကို ပျက်စီးစေမှုနဲ့ တရားစွဲဆိုခံထားရတယ်လို့ ဖမ်းဆီးခံရသူတွေအရေး အကူအညီ ပေးနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
အဲဒီအရပ်သားတွေဟာ စစ်တွေမြို့က ကိုးဦး၊ ပုဏ္ဏားကျွန်းမြို့နယ်က ခြောက်ဦး၊ ကျောက်တော်မြို့နယ်က သုံးဦး၊ မြောက်ဦးမြို့နယ်က ရှစ်ဦးနဲ့ ကျောက်ဖြူမြို့နယ်က လေးဦး ဖြစ်ပါတယ်။ သူတို့တွေဟာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ အပြန်အလှန် ဖမ်းဆီးနေကြချိန်မှာပဲ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတာပါ။
ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ မြောက်ဦးမြို့ ကျောက်ရစ်ကေရပ်ကွက်က အသက် ၃၀ အရွယ် ကိုကျော်ဝင်းလှိုင်ဟာ စစ်တပ်စစ်ကြောရေးစခန်းကနေတစ်ဆင့် ဇူလိုင်လ ၄ ရက် နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ သူဟာ သုံးဘီးဆိုင်ကယ်မောင်းသူဖြစ်ပြီး ဇွန်လ ၂၂ ရက်နေ့က မြောက်ဦး မြို့ပေါ်မှာ အဖမ်းခံခဲ့ရတာပါ။
စစ်ကောင်စီတပ်က သူ့မှာ ကျောက်ကပ်ရောဂါရှိနေတယ်လို့ အကြောင်းပြပေမယ့် အမှန် တကယ်မှာတော့ သူဟာ စစ်ကြောရေးမှာ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံခဲ့ရတာကြောင့် ဆေးကုသနေရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတယ်။ စစ်ကောင်စီက ကျောက်ကပ် မကောင်းဘူးဆိုပြီး လိမ်ပြောတယ်။ သူတို့ ရိုက်နှက်ထားတာတွေကို မိသားစုဝင်တွေကမြင်တော့ ဒဏ်ရာ၊ ဒဏ်ချက်တွေက များတယ်။ ယောက်ျားအင်္ဂါစပ် တွေမှာလည်း ရိုက်နှက်ထားတယ်။ အကုန်လုံး ခြေထောက်တွေမှာရော၊ ဗိုက်တွေမှာရော ဒဏ်ရာတွေများတယ်။ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူတွေကို အဲဒီလို လုပ်နေတယ်လို့ မြင်တယ်"
မြောက်ဦးမြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင် (စရဖ) သုံးဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်သားတွေကလည်း အရပ်သား ၁၀ ဦးထက် မနည်းကို ဖမ်းဆီးခဲ့တာပါ။ အဲဒီအထဲက တချို့ကို ပြန်လွှတ် ပေးခဲ့ပေမယ့် ကိုကျော်ဝင်းလှိုင်အပါအဝင် ရှစ်ဦးကိုတော့ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ မြောက်ဦးခရိုင်တရားရုံးမှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
ကိုကျော်ဝင်းလှိုင်ဟာ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတဲ့ အရပ်သားတစ်ဦးဖြစ်ပြီး အခုအချိန်မှာတော့ တရားစွဲဆိုခံထားရသလို ဆေးကုသဖို့အတွက်ပါ ငွေကြေးအခက်အခဲ ဖြစ်နေတယ်လို့လည်း မိသားစုဝင်တွေက ပြောပါတယ်။
ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) ဟာ တပ်မတော်သားတွေကဖြစ်စေ၊ အစိုးရ ဝန်ထမ်းတွေကဖြစ်စေ၊ အစိုးရ ဒါမှမဟုတ် တပ်မတော်အပေါ်မှာ မေတ္တာပျက်စေအောင်၊ စည်းကမ်းဖီဆန်အောင်၊ သစ္စာမဲ့အောင်၊ စိတ်ဓာတ်တက်ကြွမှု၊ စည်းကမ်းသေဝပ်မှု၊ ကျန်းမာမှု၊ ဝတ္တရားဆောင်ရွက်မှုတွေကို ယုတ်လျော့စေအောင်၊ ထိခိုက်စေအောင်၊ တားမြစ် စေအောင်၊ အနှောင့်အယှက်ပြုစေအောင်၊ ပျက်စီးစေအောင် ကြံရွယ်တာစတဲ့ အချက်တွေ အတွက် ပြဋ္ဌာန်းထားတာပါ။ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် နှစ်နှစ်အထိ ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တဲ့ ပုဒ်မတစ်ခု ဖြစ်ပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်မှာ ဖမ်းဆီးခံထားရတဲ့ ဒေသခံ ခြောက်ဦးကိုလည်း စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က)၊ ဝတ္တရားနှောင့်ယှက်မှု၊ မသင်္ကာမှု ပုဒ်မ - ၃၃၃/၁၄၄ တို့နဲ့ တရားစွဲခံထားရတယ်လို့ မိသားစုဝင် တွေက RFA ကို ပြောပါတယ်။
ဖမ်းဆီးခံထားရသူတွေထဲက ဦးထွန်းလှိုင်၊ ဦးဝင်းမောင်သန်း၊ ဦးကျော်မင်း၊ ကိုမြတ်သူရထွန်းတို့ကိုတော့ ပုဒ်မ - ၅၀၅ (က) နဲ့ တရားစွဲဆိုထားတာဖြစ်ပြီး ဦးဘလှိုင်နဲ့ ဦးမျိုးသွင်တို့ကိုတော့ ပုဒ်မ - ၅၀၅ (က) အပါအဝင် ပုဒ်မ - ၃၃၃/၁၄၄ ပါ တရားစွဲဆို ခံထားရတာပါ။
ဒါဟာ စစ်ကောင်စီက မတရားစွဲဆိုထားတာဖြစ်တယ်လို့ ဦးဘလှိုင်ရဲ့ ဇနီး ဒေါ်အေးအေးခိုင် က RFA ကို ပြောပါတယ်။
"ကျမတို့မှာက အပြစ်မရှိဘူးလေ။ ဒါကြောင့် ဖမ်းဆီးထားတာကို အမြန်ဆုံး လွှတ်ပေး စေချင်တယ်။ ကျမတို့ကို တရားစွဲထားတဲ့အမှုကိုလည်း ပြောချင်တယ်။ ဒါက ကျမတို့ကို မတရားစွဲထားတဲ့အမှုပါ။ ဘာကြောင့်လဲဆိုရင် ကျမတို့ကို ဒီပုဒ်မတွေနဲ့ တရားစွဲရအောင် နိုင်ငံရေးလုပ်တာလည်းမဟုတ်ဘူး။ ကျမယောက်ျားက နိုင်ငံရေးနဲ့ အရှုပ်အရှင်းကင်းတဲ့ လူပါ။ ကိုယ့်စီးပွားရေးကို ရိုးရိုးသားသား လုပ်စားနေတာ။ သူတို့က မတရား ဖမ်းဆီးတာ ပါ"
သူတို့ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့မှာ ရုံးထုတ်ခဲ့ပြီး လာမယ့် ဇူလိုင်လ ၂၉ ရက်နေ့ကို ထပ်မံရုံးချိန်း လိုက်တယ်လို့လည်း ဆိုပါတယ်။
ပုဏ္ဏားကျွန်းမြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့က စစ်ကောင်စီတပ်သားတစ်ဦးကို ရက္ခိုင့် တပ်တော် (AA) က ဖမ်းဆီးသွားပြီးနောက် သူတို့ ခြောက်ဦးအပါအဝင် ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တောပြင်ကျေးရွာက လူငယ်နှစ်ဦးတို့ ဖမ်းဆီးခံလိုက်ရတာပါ။

အဲဒီပေါက်တောပြင်ကျေးရွာက လူငယ်နှစ်ဦးကိုတော့ စစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်း ထားပြီး ဘယ်ပုဒ်မနဲ့ တရားစွဲထားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
တရားစွဲခံထားရတဲ့ ခြောက်ဦးကိုတော့ ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ (၅၅၀) ရင်းက ဗိုလ်ကြီး ကြည်လှိုင်က တရားလိုလုပ်ပြီး တရားစွဲဆိုထားတာလို့ မိသားစုဝင်တွေက ပြောပါတယ်။
ကျောက်တော်မြို့မှာတော့ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ ဖမ်းဆီးတရားစွဲ ခံထားရတဲ့ တက်ကြွ လှုပ်ရှားသူ ကိုဇော်ဝင်းအပါအဝင် ဒေသခံသုံးဦးကို ဇူလိုင်လ ၂၁ ရက် နေ့ မနက်ဖြန်မှာ ရုံးထုတ်စစ်ဆေးသွားဖို့ရှိတယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။
ကျောက်ဖြူမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့က ဖမ်းဆီးခံလိုက်ရတဲ့ ကိုစိုင်းဝဏ္ဏကျော်၊ ကိုထွန်းထွန်းဇော် တို့လည်း ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ တရားစွဲဆို ခံထားရ သလို ရက္ခိုင့်တပ်တော် (AA) ကို ရန်ပုံငွေ ထောက်ပံ့တယ်ဆိုပြီး မေလ ၂၆ ရက်နေ့က ဖမ်းဆီးခံထားရတဲ့ ဦးသန်းလှိုင်နဲ့ ဒေါ်ခင်အုန်းနွဲ့တို့ဟာလည်း အဲဒီပုဒ်မနဲ့ပဲ အမှုရင်ဆိုင် နေရပါတယ်။
ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းကတော့ ဖမ်းဆီးခံရတဲ့သူတွေဟာ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံရတာတွေရှိပြီး ဒါဟာ စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်နေတာလို့ ပြောပါတယ်။
"ဖမ်းဆီးခံရတဲ့သူတွေရဲ့ မိသားစုဝင်တွေ ပြောပြချက်အရ စစ်ကြောရေးမှာ တော်တော် လေးကို ညှဉ်းပန်းနှိပ်စက် စစ်ဆေးတယ်လို့ ကျနော်တို့ ကြားသိရတယ်။ အဲဒါတွေ ကတော့ မဖြစ် သင့်ဘူးလို့ ကျနော်တို့ ပြောချင်တယ်။ ဒါကတော့ မတရားဖမ်းဆီး ချုပ်နှောင်မှု၊ ပြည်သူတွေ ကို ညှဉ်းပန်းနှိပ်စက်မှု မလုပ်ရဘူးဆိုပြီးတော့ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၃၀ မှာလည်း ပါတယ်လေ။ အဲဒါကျူးလွန်ပြီးတော့ မလုပ်သင့် ဘူးလို့ ပြောချင်တယ်"
အခုဖမ်းဆီးခံထားရတဲ့သူတွေဟာ အရပ်သားတွေသာဖြစ်ပြီး ရက္ခိုင့်တပ်တော် (AA) ရဲ့ တပ်ဖွဲ့ဝင်တွေ၊ ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်နေသူတွေ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ စာရေးဆရာ ဝေဟင်အောင်ကတော့ အရပ်သား တွေကို မထိခိုက်စေချင်ဘူးလို့ ပြောပါတယ်။
"ဘာပဲဖြစ်ဖြစ် အဖမ်းခံရတယ်ဆိုကတည်းက အဖမ်းခံရတဲ့သူတွေမှာလည်း ဒုက္ခ ဖြစ်သလို သူ့မိသားစုအတွက် လည်း ဝန်ထုပ်ဝန်ပိုးဖြစ်သွားတယ်ပေါ့။ တကယ်လို့ သူတို့ ကို မသင်္ကာလို့ စစ်ဆေးစရာရှိရင်လည်း စစ်ဆေးပြီးတဲ့နောက်ပိုင်းမှာ ဒီလူတွေကို လွှတ်သင့်ရင် လွှတ်ပေးပေါ့နော်။ တတ်နိုင်သမျှတော့ မှန်မှန်ကန်ကန် ဖြစ်စေချင်တယ်။ စာရင်းတွေအရဆိုလို့ရှိရင် ဖမ်းဆီးတဲ့ဟာက တော်တော်လေးများတယ်။ အေအေ တပ်ဖွဲ့ ဝင်တွေကို အရေးယူတာက ပြဿနာမရှိပေမယ့် အရပ်သားတွေကိုတော့ တတ်နိုင်သမျှ မလုပ်စေချင်ဘူး"
စစ်ကောင်စီအနေနဲ့ အခုနှစ်ကို ငြိမ်းချမ်းရေးနှစ်ဆိုပြီး ကြွေးကြော်ထားသလိုမျိုး လက်တွေ့ မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့အတွက် အရပ်သားတွေကို ထိခိုက်အောင် မလုပ်ဖို့ လိုတယ်လို့လည်း သူက ထောက်ပြပါတယ်။
"အပြစ်မဲ့အရပ်သားပြည်သူတွေကို ဒီလိုမျိုး ဖမ်းဆီးအနိုင်ကျင့်တယ်ဆိုတာကတော့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှုဖြစ်တယ်"
အခု ဖမ်းဆီးတရားစွဲခံထားရတဲ့သူတွေဟာ အပြစ်မဲ့အရပ်သားတွေဖြစ်တာကြောင့် စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ရာဇဝတ်မှုကျူးလွန်နေတာလို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခက ပြောပါတယ်။
"ဒီလူတွေကတော့ လုံးဝ အပြစ်မဲ့ အရပ်သားပြည်သူတွေဖြစ်တယ်။ ပြောမယ်ဆိုလို့ ရှိရင်တော့ ဒီအပြစ်မဲ့ အရပ်သားပြည်သူတွေကို မတရားဖမ်းဆီးနှိပ်စက်တာတွေဟာ ဒီလူတွေကို အနိုင်ကျင့်တာဖြစ်တယ်။ ဒါကြောင့် ဒီကိစ္စဟာ ဘယ်လိုမှ တရားမျှတမှု မရှိတဲ့ ကိစ္စဖြစ်တယ်လို့ ကျနော်တို့ ပြောချင်တယ်။ လက်နက်ကိုင် အချင်းချင်းကြားမှာ ကိုယ့်လူကိုဖမ်းလို့ သူ့လူကို ဖမ်းတယ်၊ ဒီလိုအပြန်အလှန်ဖမ်းတာကတော့ ဖြစ်ရိုးဖြစ်စဉ် လို့ ပြောလို့ရတယ်။ ဒါပေမဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေကို ဒီလိုမျိုး ဖမ်းဆီး အနိုင်ကျင့်တယ်ဆိုတာကတော့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှု ဖြစ်တယ်"
အခုလို စစ်တပ်က အရပ်သား ၃၀ ဦးကို ဖမ်းဆီးတရားစွဲ၊ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက် ခံရတာတွေ နဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။
ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ကတော့ ရခိုင်ပြည်နယ်အတွင်းမှာ အရပ်သားတွေကို ဖမ်းဆီးတာ မရှိဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို ပြောဆိုထားပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား အချိန်နှစ်နှစ်ကျော်ကြာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နောက် နှစ်ဖက်နားလည်မှုနဲ့ တိုက်ပွဲတွေ ရပ်စဲနေခဲ့တာပါ။ ဒါပေမဲ့ အခုနှစ် မေလအတွင်းမှာပဲ နှစ်ဖက်စစ်ရေး တင်းမာမှုတွေရှိလာခဲ့ပြီး ရက္ခိုင့်တပ်တော် (AA) နဲ့ ပတ်သက်သူအချို့ကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကို အေအေ ဘက်က ပြန်လည်ဖမ်းဆီးတာတွေ ရှိခဲ့တာပါ။ ဖမ်းဆီးမှု အရေအတွက်ကို တော့ နှစ်ဖက်စလုံးက ထုတ်ပြန်တာမရှိပါဘူး။
အေအေဘက်က ဖမ်းဆီးမှုတွေနဲ့ ဆက်နွှယ်ပြီး စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နဲ့ ကျောက်ဖြူ စတဲ့မြို့နယ်တွေက ဒေသခံ ၄၀ ကျော်ကို စစ်ကောင်စီတပ်က ပြန်လည်ဖမ်းဆီးခဲ့ပြီးနောက် လူ ၁၀ ဦးကျော်ကို ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန် ၃၀ ကို စစ်တပ်က အမှုဖွင့်တရားစွဲဆိုလိုက်တာလည်း ဖြစ်ပါတယ်။