စစ်ကောင်စီရဲ့ သင်္ကြန်မဏ္ဍပ်တွေ ဆက်တိုက် တိုက်ခိုက်ခံလာရ

စစ်ကောင်စီက ကျင်းပမယ့်သင်္ကြန်ကို လက်မခံကြောင်းပြသတဲ့အနေနဲ့ အခုလို တိုက်ခိုက်တာဖြစ်သလို၊ နောက်ထပ် တိုက်ခိုက်မှုတွေရှိဦးမယ်လို့ စစ်အာဏာဆန့်ကျင်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Dark Shadow အဖွဲ့က ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်း လွှတ်တော်ရှေ့ ပြည်လမ်းပေါ်ရှိ စစ်ကောင်စီဗဟိုမဏ္ဍပ်။

ရန်ကုန်တိုင်း လွှတ်တော်ရှေ့ ပြည်လမ်းပေါ်မှာ စစ်ကောင်စီဆောက်လုပ်ထားတဲ့ တိုင်းဗဟိုမဏ္ဍပ်ကို စစ်အာဏာဆန့်ကျင်ရေး လှုပ်ရှားနေတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Dark Shadow အဖွဲ့က ဧပြီလ ၈ ရက်နေ့မှာ တိုက်ခိုက်ခဲ့ပါတယ်။ အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ အဲဒီအဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ခိုက်မှုအပြီး နောက်တစ်ရက်မှာပဲ စမ်းချောင်းရဲစခန်းရှေ့က မြို့နယ်ရေကစားမဏ္ဍပ်ကိုလည်း ထပ်မံ တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီက ကျင်းပမယ့်သင်္ကြန်ကို လက်မခံကြောင်း ပြသတဲ့အနေနဲ့ အခုလိုဆက်တိုက်တိုက်ခိုက်တာဖြစ်သလို၊ နောက်ထပ် တိုက်ခိုက်မှုတွေရှိဦးမယ်လို့လည်း အဲဒီအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါကြောင့်မို့လို့ ဌာနဆိုင်ရာမမဏ္ဍပ်တွေနား မသွားကြဖို့နဲ့၊ စစ်ကောင်စီရဲ့သင်္ကြန်မှာ ဝင်ရောက်မပါဝင်ကြဖို့ ပြည်သူတွေကိုလည်း သတိပေးထားပါတယ်။

၂ဝ၁၃ ခုနှစ် ရန်ကုန်မြို့တော်ခန်းမ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်နေစဉ်။ (Photo: RFA)

စစ်အာဏာရှင်လှုပ်ရှားသူတွေဘက်က ဒီလိုတိုက်ခိုက်မှုတွေရှိလာသလို၊ စစ်ကောင်စီဘက်ကလည်း လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ်ချထားတယ်လို့ ရန်ကုန်တော်လှန်ရေးအင်အားစု တာဝန်ခံတစ်ဦးက RFA ကိုပြောပါတယ်။

"ဒီရက်ပိုင်းမှာ လုံခြုံရေးတော်တော်တင်းကျပ်တယ်။ အစစ်ဆေးတွေလည်းများတယ်။ မဏ္ဍပ်တွေနားမှာဆိုလည်း ယူနီဖောင်းဝတ်၊ အရပ်ဝတ်များစွာချထားတာတွေ့ရတယ်။ သာမန်ထက်ပိုတယ်။ မဏ္ဍပ်တွေနားမှာ ပေါက်ကွဲမှုတွေ တိုးမြှင့်လာတော့ လိုတာထက်ပိုတဲ့ လုံခြုံရေးချထားတာ တွေ့ရတယ်"

စစ်ကောင်စီဘက်က စည်စည်ကားကားကျင်းပဖို့ လုပ်နေပေမယ့် ပြည်သူတွေကတော့ စိတ်ဝင်စားမှုမရှိဘူးလို့ သူက ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံတစ်ဦးကတော့ တိုင်းပြည်တွင်းလက်ရှိနိုင်ငံရေး အခြေအနေတွေကြောင့် သင်္ကြန်ဆိုတာကို မခံစားရတာကြာပြီလို့ ပြောပါတယ်။

လက်ရှိပေါက်ကွဲမှုတွေကြောင့် ကြောက်လန့်နေရပြီး ရေထွက်မကစားဘဲ အိမ်တွင်းပုန်းတာ အကောင်းဆုံးပဲလို့ ဆိုပါတယ်။

"ခံစားချက်ကတော့ မကောင်းဘူး၊ အရင်တုန်းကနဲ့မတူဘူးလေ၊ သင်္ကြန် Vibe မရတာ နှစ်နှစ်၊ သုံးနှစ်လောက်ရှိပြီဆိုတော့ ...

၂ဝ၂၁ ခုနှစ်သင်္ကြန်နှင့် ၂ဝ၁၇ ခုနှစ် သင်္ကြန်ကာလ နှိုင်းယှဉ်ပြထားပုံ (Photo: AFP)

"အဓိက သင်္ကြန်မှမဟုတ်ပါဘူး။ ဘယ်အချိန်အပြင်သွားသွား အရင်ကထက်စာရင်ပိုကြောက်နေရတယ်။ အထူးသဖြင့် ဒီလိုသင်္ကြန်တွေ ဘာတွေတော့ပိုဆိုးတယ်လေ၊ အစစ်အဆေးတွေ များမယ်လို့ထင်တယ်"

ဒီနှစ်ရန်ကုန်သင်္ကြန်ရဲ့ မြင်ကွင်းကိုလည်း သူကအခုလိုပြောပြပါတယ်။

"မြို့တော်ခန်းမတို့၊ အင်းလျားကန်ဘောင်တို့မှာ မဏ္ဍပ်တွေဆောက်နေတာတွေ့တယ်။ ပြီးတော့ အစိုးရရုံးတွေ ဘာဌာနရဲ့ ဘာမဏ္ဍပ် ဆိုတာမျိုး၊ ရပ်ကွက်ထဲမှာတို့ ပုဂ္ဂလိက မဏ္ဍပ်တွေလည်း နည်းမယ်လို့ထင်တယ်။ အစိုးရပိုင်းပဲများတယ်။"

အဲဒီစစ်ကောင်စီမဏ္ဍပ်တွေမှာ သွားဆော့မယ့်သူတွေရော ရှိနိုင်လား ....။

"သူတို့နဲ့နီးစပ်တဲ့သူတွေတော့ သွားဆော့ကြမယ်ထင်တယ်။ တော်ရုံတန်ရုံလူကတော့ သွားမဆော့ဘူး"

သူကိုယ်တိုင်လည်း အဲဒီမဏ္ဍပ်တွေမှာ ရေသွားမကစားဘူးလို့ ပြောပါတယ်။

ရန်ကုန်အစိုးရအဖွဲ့ကတော့ မနေ့နေ့လယ်ပိုင်းမှာ သင်္ကြန်စည်စည်ကားကား ဖြစ်မြောက်အောင်ကျင်းပဖို့ အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပါတယ်။ မြို့တော်ခန်းမတစ်ဝိုက် လမ်းလျှောက်သင်္ကြန်အပါအဝင် စည်စည်ကားကား ကျင်းပဖို့နဲ့ လုံခြုံရေးကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ရန်ကုန်စည်ပင်က ထုတ်ပြန်ပါတယ်။

ရန်ကုန်မှာလုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး (Photo: AFP)

မနေ့ညက မြန်မာ့ရုပ်မြင်သံကြားသတင်းမှာတော့ သင်္ကြန်ပွဲကို တိုက်ခိုက်မယ့်သူတချို့ကို လက်နက်တွေနဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်လွှင့်သွားပါတယ်။

စစ်ကောင်စီဘက်က သင်္ကြန်ကို စည်စည်ကားကားကျင်းပဖို့ ပြင်ဆင်နေသလို၊ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း စစ်ကောင်စီရဲ့ သင်္ကြန်မဏ္ဍပ်တွေကို တိုက်ခိုက်ဖို့ ကြိုးစားလာနေတာဖြစ်ပါတယ်။

ရန်ကုန်တော်လှန်ရေး အင်အားစု တာဝန်ခံကတော့ စစ်ကောင်စီမဏ္ဍပ်တွေနားမသွားကြဖို့ တိုက်တွန်းပါတယ်။

"ကျွန်တော်တို့က ပြည်သူတွေကို မပျော်နဲ့လို့ မပျော်ပါဘူး။ ပျော်အောင်နေပါ။ ဒါပေမဲ့ စစ်ကောင်စီက လုပ်မယ့် ပွဲလမ်းသဘင်တွေ မပူးပေါင်ဘဲ စစ်ကောင်စီဝင်ငွေရမယ့် အသိုင်းအဝိုင်း၊ လုပ်ငန်းတွေ၊ ပွဲလမ်းတွေကို ရှောင်ပြီး ကိုယ့်မိသားစုနဲ့ကိုယ် အိမ်တွင်းမှာပဲ တခြားနည်းတွေနဲ့ ပျော်ကြဖို့ တိုက်တွန်းချင်တယ်။ ဒါပေမဲ့ ဒါတွေက ကျွန်တော်တို့ပြောစရာမလိုအောင် ပြည်သူတွေက တော်လှန်ရေးအသိစိတ်နဲ့ တော်လှန်သင်္ကြန်အဖြစ် ဆင်နွှဲကြမယ်ဆိုတာကို ယုံကြည်ပါတယ်"

စစ်ကောင်စီရဲ့မဏ္ဍပ်တွေကို လိုက်လံတိုက်ခိုက်နေတဲ့ Dark Shadow အဖွဲ့ကတော့ နောက်ထပ်တိုက်ခိုက်မှုတွေ ရှိဦးမယ်လို့ သတိပေးထားပါတယ်။

ဒီတိုက်ခိုက်မှုတွေမှာ ပြည်သူလူထုအထိအခိုက်မရှိအောင် ဘယ်လို ဆောင်ရွက်မလဲဆိုတာကို မေးမြန်းဖို့ အဲဒီအဖွဲ့ကို RFA က အွန်လိုင်းကနေ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

သူတို့ရဲ့ထုတ်ပြန်ချက်တွေမှာတော့ စစ်ကောင်စီရဲ့ မဏ္ဍပ်တွေနားမသွားဖို့ သတိပေးထားတာ တွေ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org