၂၀၂၃ အတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှု သုံးဆနီးပါး မြင့်တက်
2023.12.29

၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းက လက်နက်ကိုင်ခုခံမှုတွေကို တုံ့ပြန်ချေမှုန်းရာမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးကို အဓိကအားထားပြီး ပိုအသုံးပြု လာပါတယ်။ စစ်ရေးပစ်မှတ်တွေအပြင် အရပ်ဘက် အဆောက်အအုံတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် ဒီတစ်နှစ်အတွင်း အရပ်သား ရာနဲ့ချီပြီး သေဆုံး ထိခိုက်ခဲ့ပါတယ်။
RFA က ပြုစုထားတဲ့စာရင်းအရ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၃ ခုနှစ်အတွင်း အရပ်သား ၈၅၃ ဦး သေဆုံးပြီး ၁၅၁၄ ဦး ဒဏ်ရာရခဲ့ပါတယ်။ အရပ်သားအများစုက ကိုယ့်အိမ်မှာနေရင်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးဒဏ်ကို ခံခဲ့ရတာပါ။
လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဒီဇင်ဘာ ၂၅ ရက်နေ့က လောက်ကိုင်မြို့နယ် တုန်ချိန်ရပ်ကွက်ထဲ လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သား ရှစ်ဦး တစ်ချိန်တည်း တစ်နေရာတည်းမှာ သေဆုံးခဲ့ပါတယ်။ နောက်ထပ် ၂၅ ဦးလည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။
လောက်ကိုင်မြို့ တုန်ချိန်ရပ်ကွက် ဟွမ်ကွမ့်ဟိုတယ်အနီးက ကားတစ်စီးပေါ် တည့်တည့်ကျပြီး ကားပေါ်က လူတွေရော၊ အနီးနားက လူတွေပါ သေဆုံး၊ ဒဏ်ရာရခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“မနက်ခင်း ၈ နာရီခွဲဝန်းကျင်လောက်မှာ ပစ်တာ။ လက်နက်ကြီးက ကားတစ်စီး ပေါ်ကိုပဲ တည့်တည့်ကျပြီးတော့ သေသွားတယ်။ ကားက Light truck ကား။ လက်နက်ကြီးကျတဲ့ ကားနားကလူတွေ အကုန်သေတယ်။ အဲဒီ ဘေးနားက လူတွေလည်း သေကြတယ်”
၂၀၂၃ ခုနှစ်အတွင်း လေကြောင်း ဒါမှမဟုတ် လက်နက်ကြီးကြောင့် လူဆယ်ဦးနဲ့အထက် အစုလိုက် အပြုံလိုက် သေဆုံး၊ ထိခိုက်မှု ၂၅ ခုထက်မနည်း ဖြစ်ခဲ့ပါတယ်။
“လက်နက်ကြီးကျည်က ဓမ္မာရုံ ဝရန်တာကို လာထိတာ။ အဲဒီမှာ စစ်ဘေးဒုက္ခသည်တွေက ဓမ္မာရုံထဲမှာ ခိုလှုံနေကြတာ"
အကြီးဆုံးဖြစ်ရပ်ကတော့ ၂၀၂၃ ဧပြီလ ၁၁ ရက် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် ၁၆၈ ဦး သေဆုံးခဲ့ တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ခဲ့ပါတယ်။
ဒီဇင်ဘာလ ၂၆ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ လောကမူရပ်ကွက် ဘုရားပေါ်ဘုန်းကြီးကျောင်း ဓမ္မာရုံရှိ စစ်ဘေးဒုက္ခသည်စခန်းထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဒုက္ခသည် ကလေးတွေ အပါအဝင် ငါးဦး သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“လက်နက်ကြီးကျည်က ဓမ္မာရုံ ဝရန်တာကို လာထိတာ။ အဲဒီမှာ စစ်ဘေးဒုက္ခသည် တွေက ဓမ္မာရုံထဲမှာ ခိုလှုံနေကြတာ။ တစ်ထပ်ဆောင်ဖြစ်တဲ့အတွက် လက်နက်ကြီးရဲ့ ပေါက်ကွဲမှုဒဏ်ကို မခံနိုင်ဘူး။ လူကို တိုက်ရိုက်ထိတာတော့ မဟုတ်ဘူး။ ဓမ္မာရုံ ဝရန်တာမှာကျပြီး အဲဒီက ကျည်အစတွေက ဓမ္မာရုံထဲဝင်သွားပြီး ဓမ္မာရုံထဲမှာရှိတဲ့ ကလေးတွေကို သွားထိတာ။ လက်နက်ကြီးကျည်ထိပြီးတော့ နေရာမှာတင် ဆုံးတာက အဘွားကြီး၊ ဆေးရုံရောက်မှဆုံးတဲ့ ကလေးက နှစ်ယောက်၊ ဆေးရုံမရောက်ခင် (လမ်းမှာ) ဆုံးတဲ့ကလေးက နှစ်ယောက်၊ ကလေး လေးယောက်မှာဆိုရင် အကြီးဆုံး ကလေးက အသက် ၁၁ နှစ်လောက်ပဲ ရှိမယ်”
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် အရပ်သားသေဆုံး၊ ထိခိုက်မှုတွေ နေ့စဉ် တိုးလာပေမယ့် ၂၀၂၁ ခုနှစ်အတွင်း သေဆုံးမှုတွေဟာ စစ်တပ်က လက်နက်ငယ်နဲ့ ပစ်ခတ်တာ၊ ရွာတွေကို ဝင်ရောက်စီးနင်းတာနဲ့ ဖမ်းဆီး သတ်ဖြတ်တာတွေကြောင့် သေဆုံးထိခိုက်ခဲ့တာပါ။
၂၀၂၂ ခုနှစ် ဇန်နဝါရီနောက်ပိုင်းကစလို့ စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကို တိုးမြှင့်လုပ်ဆောင်လာတာ တွေ့ရပါတယ်။ နယ်မြေသိမ်းတိုက်ပွဲ တွေဖြစ်လာတဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ နောက်ပိုင်းဟာ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှု အမြင့်ဆုံးကာလတွေ ဖြစ်ပါတယ်။
ဒီဇင်ဘာလ တတိယပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့ တိုက်ပွဲအတွင်း စစ်တပ်က တစ်ရက်ကို လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှု အကြိမ် တစ်ရာထက်မနည်း လုပ်ခဲ့တယ်လို့ မြောက်ပိုင်း သုံးဖွဲ့ရဲ့ ဒီဇင်ဘာ ၂၄ ရက် ထုတ်ပြန် ချက်က ဖော်ပြပါတယ်။
ဒါဟာ စစ်အင်အားပြုန်းတီးမှုကို ရှောင်ရှားဖို့ဖြစ်တယ်လို့ စစ်တပ်အရာရှိဟောင်းတစ်ဦး ဖြစ်တဲ့ နိုင်ငံရေးလေ့ လာသုံးသပ်သူ ဒေါက်တာအောင်မျိုး က ပြောပါတယ်။
“ကိုယ့်တပ်အင်အားကို တတ်နိုင်သမျှ အထိခိုက်အကျအဆုံးနည်းအောင် ထိန်းသိမ်း ပြီးတော့ တပ်က သူ့ရဲ့ ရန်သူအင်အားကို ချေမှုန်းရေးကိုပဲ အဓိကထားပြီးတော့ အဲဒါကို လုပ်တာ။ ဒါကြောင့်မို့ နယ်မြေသိမ်းဖို့ မဟုတ်ဘဲ ချေမှုန်းရေးမှာ လေယာဉ်တွေနဲ့ အမြောက်တွေကို သုံးတယ်။ အဲဒါအတွက်ကို လက်နက်ခဲယမ်းက အစ ကိုယ့်နိုင်ငံမှာပဲ ကိုယ်ထုတ်နိုင်အောင် တပ်က အများကြီးပြင်ဆင်ထားတယ်။ နည်းပညာတွေလည်း ရထား တယ်ဆိုတော့ လူသိပ်မသုံးတော့ဘူးပေါ့။ ဒီသဘောပါ”
နိုင်ငံရေးနဲ့ စစ်ရေးအကဲခတ်တစ်ဦးဖြစ်တဲ့ ဦးသန်းစိုးနိုင် ကတော့ အင်အားမလုံလောက်မှု ကြောင့် လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေအပေါ် စစ်တပ်က ပိုပြီးမှီခိုလာတာလို့ သုံးသပ်ပါတယ်။
“စစ်ကောင်စီတပ်အင်အားတွေ အတော်လေးကို လျော့ကျသွားတဲ့ အနေအထား ရှိပါတယ်။ အဲဒါကြောင့် စစ်ကောင်စီအနေနဲ့ မြေပြင်ကနေ သွားလာတဲ့လှုပ်ရှားမှုတွေ လျော့ကျလာပြီး၊ ဗျူဟာစခန်းတွေကနေပြီးတော့ ကျေးရွာတွေ၊ လူထုထဲတွေကို ပစ်ခတ်ပါတယ်။ အဲဒါတွေက အဓိကအားဖြင့် နွေဦးတော်လှန်ရေး အင်အားစု တွေကို အဓိက ထိခိုက်တာမဟုတ်ဘဲ ပြည်သူလူထုတွေကို ထိခိုက်နစ်နာမှုတွေ ဖြစ်ခဲ့ပါတယ်”
လာမယ့် ၂၀၂၄ ခုနှစ်မှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ လျှော့ချနိုင်ဖို့ဆိုရင် စစ်တပ် လေယာဉ်ဆီ ရရှိနေမှုကို တားဆီးဖို့လိုသလို၊ စစ်တပ်အတွက် လိုသလောက် လက်နက်ထုတ်လုပ်ပေးနေတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ လိုတယ်လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။
စစ်တပ်အရာရှိဟောင်းတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ပြောဆိုချက်အရ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုတွေအတွင်း ရုရှားနိုင်ငံထုတ် Mi-35၊ Mi-17 ရဟတ်ယာဉ်တွေ၊ Yak-130၊ MiG-29 တိုက်လေယာဉ်တွေ၊ တရုတ်နိုင်ငံထုတ် Y 8၊ Y-12 လေယာဉ်တွေကို အသုံးပြုနေတာပါ။
လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေမှာတော့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တွေကထုတ် တဲ့ ၆၀ မမ၊ ၈၁ မမ၊ ၁၀၅ မမ၊ ၁၂၀ မမ နဲ့ ၁၅၅ မမ လို လက်နက်ကြီးကျည်တွေကို အသုံးပြုနေတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ကို လက်နက်အပါအဝင် ကူညီထောက်ပံ့မှုတွေ မလုပ်ဖို့ နိုင်ငံတကာကို တောင်းဆိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
“၂၀၂၃ ကာလအတွင်းမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု တွေကြောင့် ပြည်သူတွေ သေဆုံးမှုတိုးလာတာ အထင်အရှားပါပဲ။ အခုလိုမျိုး ပြည်သူ တွေကို သတ်ဖြတ်ပြီး နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျူးလွန်နေတာ စစ်ကောင်စီပဲ ဖြစ်ပါတယ်။ စစ်ကောင်စီ ဆက်ပြီးရှိနေသမျှကာလပတ်လုံး ပြည်သူတွေ ဆက်ပြီး သေကြေမှာပါ၊ ဒုက္ခရောက်မှာပါ။ ဒါကို နိုင်ငံတကာက သဘောပေါက်ပြီး အရေးယူ ဆောင်ရွက်မှုတွေ ဖြစ်လာဖို့ အထူးအရေးကြီးပါတယ်။ အထူးသဖြင့် ဒီလက်နက်တင်ပို့ ရောင်းချမှုတွေ၊ လေကြောင်း၊ လေယာဉ်ဆီ အပါအဝင် တခြားသော လေကြောင်း ဆိုင်ရာ ကူညီထောက်ပံ့မှုတွေ ရပ်တန့်ဖို့အတွက် ကျွန်တော်တို့ တောင်းဆိုပါတယ်”
စစ်တပ်ကို ထိရောက်တဲ့အရေးယူမှုတွေမလုပ်နိုင်ရင် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အရပ်သားထိခိုက် သေဆုံးမှုတွေ ထပ်တိုးလာလိမ့်မယ်လို့ သူက ဆိုပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။ တပ်မတော်ဟာ အရပ်သားတွေရှိတဲ့ နေရာတွေကို ဘယ်တုန်း ကမှ ပစ်မှတ်ထားတိုက်ခိုက်တာမျိုး မလုပ် ဘူးလို့ နိုဝင်ဘာ ၂၉ ရက်နေ့မှာ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ ပါတယ်။
RFA က ပြုစုထားတဲ့အချက်အလက်တွေအရ ၂၀၂၃ ခုနှစ်အတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံး ထိခိုက် အများဆုံးဟာ လက်နက်ကိုင်ခုခံမှုတွေ အားကောင်းတဲ့ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တို့ ဖြစ်ပါတယ်။ အဲဒီဒေသလေးခုမှာ ၂၀၂၃ ခုနှစ်အတွင်း စုစုပေါင်း အရပ်သား ၆၀၈ ဦး သေဆုံးပြီး ၉၃၅ ဦး ဒဏ်ရာခဲ့ပါတယ်။ ဒီပမာဏဟာ နိုင်ငံတစ်ဝန်း သေဆုံး၊ ဒဏ်ရာရမှု စုစုပေါင်းရဲ့ ၆၅ ရာခိုင်နှုန်းကျော် ဖြစ်ပါတယ်။
လေကြောင်းနဲ့ လက်နက်ကြီးတွေကြောင့် ၂၀၂၃ ခုနှစ်အတွင်း အရပ်သား သေဆုံး၊ ဒဏ်ရာ ရမှုဟာ ၂၀၂၂ ခုနှစ်ကထက် သုံးဆနီးပါး မြင့်တက်ခဲ့သလို စစ်တပ် အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကထက် ဆယ်ဆကျော် မြင့်တက် ခဲ့တာပါ။ ၂၀၂၁ ခုနှစ်မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၈၅ ဦး သေဆုံးပြီး ၁၃၄ ဦးသာ ဒဏ်ရာရခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ တော့ အရပ်သား ၃၁၆ ဦးသေဆုံးပြီး ၆၇၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
RFA က ပြုစုထားတဲ့စာရင်းတွေအရ အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် ကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့အထိ သုံးနှစ်အတွင်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား ၁၂၅၄ ဦး သေဆုံးပြီး၊ ၂၃၂၆ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။