ရွေးကောက်ပွဲဝင်မယ့် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ပြိုင်ဘက်များ


2020.09.29
leaders-622 သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း
Photo: RFA

နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူနဲ့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြပါမယ်။

ဦးဟင်နရီဗန်ထီးယူမှာ ယှဉ်ပြိုင်ဘက် သုံးဦးရှိပြီး ကျန်သူတွေမှာတော့ ပြိုင်ဘက် ‌ခြောက်ဦးစီရှိပါတယ်။

ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့ ရွေးကောက်ပွဲဝင်ပြိုင်တာ မတွေ့ပါဘူး။

ဦးဝင်းမြင့်

U-Win-Myint

သမ္မတ ဦးဝင်းမြင့်ဟာ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်မှာပါ။

သူနဲ့ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေက အခြေခံလူတန်းစားဘဝ မြင့်မားရေးပါတီက ဒေါ်ချိုချိုလွင်၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီက ဒေါ်မော်မော်အောင်၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဦးမျိုးမင်းထွန်း၊ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးမျိုးဝင်းကျော်၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီက ဒေါ်လှကေသီဝင်းနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ဦးအေးသိန်းတို့ ဖြစ်ပါတယ်။

ဦးဝင်းမြင့်ဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် နဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်

DASSK-600

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ခံမယ့် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်နေရာမှာ သူနဲ့ပြိုင်ဘက် ခြောက်ဦးရှိပါတယ်။

ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီက ဦးစောဝင်း ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးဌေးအောင်၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီက ဦးဒေးဗစ်လှမြင့်၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီက ဦးမြင့်စိုး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ဦးမြင့်ဦးနဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဦးသန့်ဇင်ဌေးတို့ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကစလို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကို ဝင်ပြိုင်လာခဲ့တာဖြစ်ပြီး ၂၀၁၂၊ ၂၀၁၅  ရွေးကောက်ပွဲတွေမှာ အောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဦးဟင်နရီဗန်ထီးယူ

Henry-Van-HteeU

ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူဟာ ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁၀ ) ကနေ NLD ပါတီကို ကိုယ်စားပြု ရွေးကောက်ပွဲဝင်ပြိုင်မှာဖြစ်ပြီး သူနဲ့ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း သုံးဦးရှိပါတယ်။

ရွေးကောက်ပွဲပြန်ဝင်မယ့် ထိပ်ပိုင်းခေါင်းဆောင်တွေကြား ယှဉ်ပြိုင်ဘက်အနည်းဆုံး မဲဆန္ဒနယ်လည်း ဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီကို ကိုယ်စားပြုပြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၃) ကနေ ရွေးကောက်ပွဲဝင်ခဲ့ပြီး အောင်နိုင်ခဲ့သူဖြစ်ပါတယ်။ သူကိုယ်စားပြုတဲ့ မြို့နယ်ဟာ ထန်တလန်မြို့နယ်ဖြစ်ပါတယ်။

ပြိုင်ဘက်တွေကတော့ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးဗန်မွှန်လျန်၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီက ဦးဗျက်လျန်ထန်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးရှန်လျန်မှုန်း တို့ဖြစ်ပါတယ်။

မန်းဝင်းခိုင်သန်း

Man-Win-Khaing-Than

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းဟာ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ကို ကိုယ်စားပြုတဲ့ မဲဆန္ဒနယ်အမှတ် (၈) ကနေ ရွေးကောက်ပွဲ အောင်နိုင်ခဲ့သူဖြစ်ပြီး လာမယ့် ၂၀၂၀ မှာလည်း မြဝတီမြို့နယ်ထဲက နေရာတချို့ကိုကိုယ်စားပြုတဲ့ ကရင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ် (၁၁) ကနေ ရွေးကောက် ပွဲ ဝင်ပြိုင်မှာပါ။

သူနဲ့ယှဉ်ပြိုင်ဘက် ခြောက်ဦးက ပြည်သူ့ရှေ့ဆောင်ပါတီက ဦးကျော်ဝင်းအောင်၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီက စောစိန်ဝင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ဒေါ်စန်းစန်းဝေ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ဦးတင်ဦး၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီက ဦးထွန်းထွန်းဦးနဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီက ဒေါ်နုနုယဉ်တို့ ဖြစ်ပါတယ်။
--------

(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက်အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။