၂ဝ၂ဝရွေးကောက်ပွဲနဲ့ တိုင်းရင်းသားအခွင့်အရေး
မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲပြီးရင် ဖြစ်လာမယ့် နိုင်ငံရေး အခြေအနေကို နိုင်ငံရေးပါတီအားလုံးက စိတ်ဝင်စားနေကြပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ NLD အနေနဲ့ အစိုးရဖွဲ့နိုင်တဲ့အင်အား အလုံအလောက်ရနိုင်သလို ညွန့်ပေါင်းအစိုးရလည်း ပေါ်လာနိုင်တယ်လို့ ပြောဆိုသံတွေ ကြားနေရပါတယ်။
-
ခင်မောင်စိုး
2020-06-24 -
-
-
မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲပြီးရင် ဖြစ်လာမယ့် နိုင်ငံရေးအခြေအနေကို နိုင်ငံရေးပါတီအားလုံးက စိတ်ဝင်စားနေကြပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ NLD အနေနဲ့ အစိုးရဖွဲ့နိုင်တဲ့အင်အား အလုံအလောက်ရနိုင်သလို ညွန့်ပေါင်းအစိုးရလည်း ပေါ်လာနိုင်တယ်လို့ ပြောဆိုသံတွေ ကြားနေရပါတယ်။ တိုင်းရင်းသားတွေကတော့ အဲဒီလို ညွန့်ပေါင်းအစိုးရဖွဲ့ရမယ်ဆိုရင် သူတို့နေရာပိုရလာမယ်လို့ မျှော်လင့်နေကြပါတယ်။ တိုင်းရင်းသားပါတီတွေရဲ့ လိုလားချက်တခုက သူတို့ကိုယ်စားလှယ်တွေ အများစု အနိုင်ရတဲ့ ပြည်နယ်တွေမှာ ဝန်ကြီးချုပ်အဖြစ် သူတို့ပါတီက ထမ်းဆောင်ခွင့်ရရှိရေး ဖြစ်ပါတယ်။
ရခိုင်အမျိုးသားပါတီရဲ့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက လာမယ့် ရွေးကောက်ပွဲမှာ မည်သည့်ပါတီက အနိုင်ရသည်ဖြစ်စေ အာဏာရအစိုးရအနေနဲ့ တခြားပါတီက ကိုယ်စားလှယ်ကို ဝန်ကြီးချုပ် ခန့်ခွင့်ရှိပါတယ်လို့ ထောက်ပြပါတယ်။
“ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်ထဲကပဲ ဝန်ကြီးချုပ်ကို တိုက်ရိုက်ခန့်ရမယ်ပြီး ပုဒ်မ ၂၆၁ မှာ ဖော်ပြပေမယ့်လည်း အစိုးရဖြစ်လာတဲ့ သမ္မတအပေါ်မှာ မူတည်ပါတယ်။ ဝန်ကြီးချုပ်တာဝန်ကို ကိုယ့်ပါတီကပဲ ဖြစ်ဖြစ် တခြားပါတီက လူကိုပဲဖြစ်ဖြစ် ဘယ်သူ့ကိုမဆို ပေးလို့ရပါတယ်။ နိုင်လာတဲ့ပါတီကပဲ ဒီရာထူးကို ယူရမယ်ဆိုတဲ့အဓိပ္ပါယ်မဟုတ်ပါဘူး ဘယ်ပါတီက ကိုယ်စားလှယ်ကိုဖြစ်ဖြစ် သမ္မတက တိုက်ရိုက်ခန့်လို့ရပါတယ်”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဖြစ်တဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က သူတို့ပါတီအနေနဲ့ တိုင်းရင်းသားရေးရာကော်မတီကို ဖွဲ့စည်းပြီး တိုင်းရင်းသားတွေရဲ့ ခံစားချက်တွေကို သိရှိဖို့ ကြိုးစားနေတယ်လို့ RFA ကို ဇွန်လ ၂၃ ရက်နေ့က ပြောပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ စိုင်းညွန့်လွင်က အဲဒီကော်မတီရဲ့ လှုပ်ရှားမှုကို အခုအချိန်ထိ ပီပီပြင်ပြင် မတွေ့ရဘူးလို့ RFA ကို ပြောပါတယ်။
“ ဒီကော်မတီက တကယ်အသုံးကျတယ်။ တကယ်ထိရောက်တယ်ဆိုတာ ကျနော်တို့ဘက်က မယုံကြည်ဘူး။ NLD ဘက်က ဒါကို ယုံကြည်ရပါတယ်ဆိုတဲ့ သက်သေပြပါ။ သူတို့အလုပ်တွေကို ပြပါ။ ဆွေးနွေးတယ်ဆိုတာ ကောင်းပါတယ်။ ကျနော်တို့ နိုင်ငံရေးလုပ်တယ်ဆိုတာ ဆွေးနွေးဖို့ပါ။ ဆွေးနွေးဖို့မရှိဘူးဆိုရင် စစ်တိုက်ဖို့ရှိပဲရှိတယ်။ စစ်မတိုက်ချင်လို့ ကျနော်တို့ နိုင်ငံရေးလုပ်ကြတာ။ USDP ဖြစ်ဖြစ် တစည ဖြစ်ဖြစ် ကျနော်တို့ဆွေးနွေးမှာလေ။ မတူရင်လဲ မတူတဲ့အလျောက်ပေါ့နော်။ ဘယ်တတ်နိုင်မလဲ။ ကျနော်တို့ ဒါက တော်တော်လေးရှင်းရှင်းလင်းလင်းရှိတဲ့ မူပါ။ ဒါပေမဲ့ ၂ဝ၁၅ နောက်ပိုင်း -၂ဝ၁၆ လောက်မှာ ကျနော်တို့မိတ်ဆွေ အာဏာရပါတီက ဒီမူကို ဖျက်လိုက်တာ။ ကျနော်တို့မှာက ပါတီအဖွဲ့အစည်း သူ့ဂုဏ်သိက္ခာနဲ့သူနေကြတာဗျ။ တကယ်တော့ ကော်မတီဖွဲ့မနေနဲ့။ လူချင်းအကုန်သိနေတာဘဲဗျာ။ ထိပ်သီးချင်းပြောရင် ရတာပဲ။ ဒုတိယ တတိယ အဆင့်တွေတွေ့ပြီး ပြောရင်လည်း ရတာပဲ”
ဒေါ်ခင်စောဝေ ကတော့ NLD ဘက်ကသာ တိုင်းရင်းသားတွေနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အားလုံးက ကြိုဆိုကြမှာပါလို့ RFA ကိုပြောပါတယ်။
“ကျမတို့တိုင်းရင်းသားတွေက ငြိမ်းချမ်းရေးကို လိုလားတဲ့သူတွေချည်းပါဘဲ။ နိုင်ငံရေးကို ဝင်လာကတည်းက ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံထူထောင်ဖို့ တန်းတူအခွင့်အရေးရဖို့ဆိုပြီး ဝင်လာတဲ့သူတွေ ဖြစ်ပါတယ်။ အဲလိုမျိုး NLD က စိတ်ထား ထားနိုင်မယ်ဆိုရင်တော့ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှု ရနိုင်မယ်လို့ ပြောချင်ပါတယ်။ ဒါပေမဲ့ ပထမလွှတ်တော်သက်တမ်းမှာတော့ သူတို့အနေနဲ့ တိုင်းရင်းသားတွေကို လုံးဝ ပူးပေါင်းလုပ်ဆောင်မှု အင်မတန်မှ အားနည်းခဲ့ပါတယ်။ အထူးသဖြင့် ကျမတို့ရခိုင်ပြည်နယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို လုံးဝပူးပေါင်းဆောင်ရွက်မှုဟာ ဒီနေ့အထိ တစုံတရာမှ မရှိသေးတာ သက်သေအထောက်အထားပါပဲ။ နောင်လာမယ့် အစိုးရသက်တမ်းမှာလဲ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှုမရှိဘူးဆိုရင် ဒုံရင်းကတော့ ဒုံရင်းအတိုင်းဖြစ်နေမှာပါပဲ ”
လာမယ့် ရွေးကောက်ပွဲအပြီးမှာ တိုင်းရင်းသားတွေ ပိုမိုအခွင့်အရေးရလာမှာလားဆိုတာ စိတ်ဝင်စားစရာပါ။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ တန်းတူအခွင့်အရေး ရရှိရေးအတွက် လက်နက်မဲ့ လက်နက်ကိုင်နည်းမျိုးစုံနဲ့ တောင်းဆိုနေခဲ့ကြတာကတော့ နှစ်ပေါင်း ၇ဝ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။