ကြို့ပင်ကောက် ကာကွယ်ရေးစခန်း စီးနင်းခံရပြီး ဒေသခံတွေအပါအဝင် ၁၉ ဦး ဖမ်းဆီးခံရ

ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်ထဲက ပြည့်သူ့ ကာကွယ်ရေးတပ်စခန်းတစ်ခု ဩဂုတ်လ ၂၆ ရက်နေ့ မွန်းလွဲတစ်နာရီက စစ်ကောင်စီ တပ်သား အင်အားတစ်ရာနီးပါးနဲ့ ဝင်ရောက် စီးနင်းခံရတာကြောင့် ဒေသခံတွေနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၁၉ ဦး အဖမ်းခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဖမ်းခံလိုက်ရတဲ့အထဲမှာ အသက်မပြည့်သေးတဲ့ ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အသက် ၆၀ ကျော်အရွယ်တွေအပြင် အမျိုးသမီး၊ အမျိုးသားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တွေပါ ပါဝင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့ တပ်ရင်း (၃၀၈၁)၊ တပ်ခွဲ (၁) က ဆွဲမိုင်းလုပ်ဖို့ ပြင်နေချိန် အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်သားနှစ်ဦး စခန်းကို တက်လာချိန်မှာ ကာကွယ်ရေးတပ်က ပစ်ခတ်တဲ့အခါ လက်နက်ကြီးနဲ့ ရှစ်ချက်အပစ်ခံရပြီး ဝင်ရောက်စီးနင်းခံရတာလို့ ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ဘက်က ပြောပါတယ်။

အဲဒီစခန်းကို ထောက်ပို့လုပ်ပေးနေသူနှစ်ဦး ဖမ်းဆီးခံရပြီးနောက် နေရာအတိအကျ ဝင်စီးနင်းခံရတာလို့ ပဲခူးတိုင်း ပ.က.ဖ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"စခန်းအသစ်ကို ထောက်ပို့လုပ်ပေးနေတဲ့ ရွာသား နှစ်ယောက် အဖမ်းခံရတယ်။ ဖမ်းလည်းပြီးရော သူတို့တွေက ခေါ်လာပြီးတော့ ကျနော်တို့ စခန်းနေရာတွေကို လိုက်ပြခိုင်းတယ်။ အလင်းဝင်တဲ့သူတွေလည်း ပါလာတယ်ပေါ့။ အဲဒီမှာ တပ်ခွဲမှူးနဲ့ အတူ လိုက်ပြီးတော့ပြေးတဲ့အဖွဲ့တွေ ရွာသားတွေအားလုံးကတော့ လွတ်မြောက် နေပါတယ်။ ကျနော်တို့ရရှိတဲ့ သတင်းတွေအရကတော့ ၁၉ ဦး ဖမ်းဆီးခံရတယ်။ ကျွန်းပင်ကုန်းရွာက ရွာသား ကိုအေးကျော် ဆိုတာ ပါပါတယ်။ ကျနော်တို့ရဲ့ ရဲဘော် ပိုင်လေးလည်း ပါသွားပါတယ်။ ဒါက ကျနော်တို့ အတည်ပြုနိုင်တဲ့ အနေအထားပေါ့။ နောက်ပြီး အသက်ရှစ်နှစ်အရွယ် ကလေးတစ်ယောက်လည်း ပါသွားတယ်။ ကျန်တာတော့ အဖိုးအဖွားတွေ"
ဒေသခံနဲ့ ကာကွယ်ရေးတပ်တွေ ဖမ်းဆီးခံရတဲ့အပြင် လက်လုပ်တစ်တောင့်ထိုး သေနတ် ၁၀ လက်၊ တူးမီး၊ လက်လုပ်မိုင်း၊ ကျည်နဲ့ ဆိုလာပြားစတဲ့ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းခံရတယ်လို့ ဆိုပါတယ်။
အဲဒီစခန်းကနေ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့က တိုင်းလွှတ်တော်အမတ် ဦးအောင်ကိုမင်း အပါအဝင် လေးဦး စစ်ကောင်စီနဲ့ ပူးပေါင်းသွားသလို စခန်းကို ဝင်ရောက်စီးနင်းချိန်မှာလည်း အဲဒီလူတွေ ပါလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျန်းမာရေးမကောင်းလို့ ထွက်မပြေးနိုင်ဘဲ စခန်းမှာ ကျန်နေခဲ့သူလည်း ဖမ်းဆီးခံရတယ် လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျွန်းပင်ကုန်းရွာဒေသခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
"ကျမတို့ရွာက ကိုအေးကျော်ဆိုတဲ့ တစ်ယောက်ပါတယ်။ သူက ကျွန်းပင်ကုန်းမှာ စစ်ကောင်စီက သူ့အိမ်လာမေးလို့ ခဏရှောင်နေရတာ။ နောက်ရက် ပြည်ဘက်ဆင်းဖို့ စီစဉ်ရင်းနဲ့ ပါသွားတာပေါ့။ သူကကိုယ်တစ်ခြမ်း လေဖြတ်ထားတာ။ အဲဒါကြောင့် စစ်သားတွေဝင်တဲ့အချိန် မပြေးနိုင်ဘဲ ပါသွားရတာ"
အမည်မဖော်လိုတဲ့ သောင်ဝိုင်းရွာ ဒေသခံတစ်ဦးကလည်း အဲဒီစခန်း ဝင်ရောက်စီးနင်း ခံရပြီး နောက်တစ်ရက် ဩဂုတ်လ ၂၇ ရက်နေ့မှာ ပဲခူးရိုးမတောင်ခြေ သောင်ဝိုင်းရွာထဲမှာ လက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေနဲ့ အင်အားတစ်ရာနီးပါးရှိတဲ့ စစ်ကြောင်းကို တွေ့ခဲ့တယ်လို့ RFA ကို ပြောပါတယ်။
"မနေ့က မနက်ပိုင်းမှာ တွေ့ခဲ့တာ။ သောင်ဝိုင်းရွာထဲက အော်ရီဒူး တာဝါတိုင်နားမှာ အကုန်စုပြီး ဖမ်းထားတယ်။ ကျနော်တို့က အနားကပ်ရလို့ တွေ့ရတာမဟုတ်ဘူး။ စစ်ကြောင်းဝင်လာတယ်ဆိုတာ သိရလို့ ကုန်းမြင့်ကနေ သွားတက်ကြည့်တာ။ မြေကြီးတွေ ပေကျံနေတဲ့ အမျိုးသမီး၊ အမျိုးသားတွေကို လက်ပြန်ကြိုးတုပ်ပြီး ခေါ်လာတာတွေ့တယ်။ ကလေးတစ်ဦးလည်း နောက်ဆုံးမှာ ပါလာတာတွေ့ပါတယ်။ စစ်သားကလည်း အင်အားတစ်ရာနီးပါး ပါတာတွေ့တယ်"
ဩဂုတ်လ ၂၈ ရက် ဒီနေ့မနက်ပိုင်း အစောပိုင်းကတည်းက အဲဒီစစ်ကြောင်းနဲ့အတူ အဖမ်း ခံထားရသူတွေ သောင်ဝိုင်းရွာထဲကနေ ပြန်လည်ထွက်ခွာသွားပေမယ့် ဘယ်ကို ခေါ်သွားတယ်ဆိုတာ မသိရဘူးလို့ဆိုပါတယ်။
"မြေကြီးတွေ ပေကျံနေတဲ့ အမျိုးသမီး၊ အမျိုးသားတွေကို လက်ပြန်ကြိုးတုပ်ပြီး ခေါ်လာတာတွေ့တယ်။ ကလေးတစ်ဦးလည်း နောက်ဆုံးမှာ ပါလာတာတွေ့ပါတယ်"
ပဲခူးတိုင်းအရှေ့ခြမ်းအခြေစိုက် ရိုးမကျား ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတစ်ဦး ကလည်း ကြို့ပင်ကောက် ကာကွယ်ရေးအဖွဲ့စခန်း ဝင်စီးနင်းခံရတာကို အတည်ပြုပြီး စီးနင်းခံရချိန်က အပြန်အလှန်ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။
"ပြန်လည်ခုခံမှုတွေ ဖြစ်သွားတယ်။ တကယ်လည်း ပြန်လည်ခုခံတယ်။ တစ်ခုသိတာက သူတို့ထုတ်ပြန်တဲ့ လွှတ်တော်အမတ် ပူးပေါင်းတယ်ဆိုတာတော့ မသိဘူး။ လောလောဆယ် သိတာက ဒီနေရာကိုသိတဲ့ လူတစ်ယောက်က လာပြီးတော့ လုပ်တယ်။ ကျား၊မတော့ မသိဘူး၊ လက်ရှိအခြေအနေအရ ၁၉ ယောက် ဖမ်းမိတယ်။ တစ်ယောက် ကျသွားတယ်"
သတင်းအတိအကျရတာကြောင့် ဝင်ရောက်စီးနင်းခံရတာဖြစ်လို့ လူအင်အား၊ လက်နက် အင်အား ဆုံးရှုံးမှု ကြီးမားတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းတစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးသလို စခန်းဝင်ရောက်စီးနင်းခံရချိန်က သေဆုံးတဲ့အရေအတွက် အတိအကျနဲ့ ပျောက်ဆုံးနေသူတွေရဲ့ အခြေအနေအတိအကျကိုတော့ RFA အနေနဲ့ သီးခြား အတည်မပြု နိုင်သေးပါဘူး။
အဲဒီ ကြို့ပင်ကောက် ပြည်သူ့ကာကွယ်ရေးတပ်စခန်းမှာ ပဲခူးရိုးမတောင်ပေါ်က ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆၀ နီးပါး ရှိနေခဲ့တာဖြစ်ပြီး လက်ရှိ ဆက်သွယ်လို့မရဘဲ ပျောက်ဆုံးနေသူ ၂၀ နီးပါးရှိသလို ဝင်ရောက်စီးနင်းခံရချိန် အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် သေဆုံးသူတွေရှိနိုင်ပေမယ့် အတိအကျတော့ မပြောနိုင်သေးဘူးလို့ ပဲခူးတိုင်း ပ.က.ဖ အဖွဲ့က ပြောပါတယ်။