ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၈၅ဝဝ ရှိပြီ

ခင်မောင်စိုး
2010.03.24
italy-corona-622.jpg အီတလီနိုင်ငံက ဆေးရုံတစ်ရုံမှာ ကိုရိုနာရောဂါဖြစ်တဲ့ လူနာတစ်ဦးနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို တွေ့ရစဉ်
AFP Photo

မြန်မာစံချိန် အင်္ဂါနေ့ညနောက်ဆုံးရသတင်းတွေအရ ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၄၁၄ဝဝဝ ကျော် နဲ့ သေဆုံးသူ ၁၈၅ဝဝ ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ ကူးစက်သူ ၅ဝ၉ဝဝ ကျော်နဲ့ သေဆုံးသူ ၆၅ဝ ရှိပါပြီ။

အမေရိကန် လွှတ်တော်နဲ့ အစိုးရခေါင်းဆောင်တွေအကြား ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးထိခိုက်မှုကို ကုစား ရေးအတွက် ဒေါ်လာ ဘီလီယံ ၂ဝဝဝ သုံးစွဲဖို့ မကြာခင်သဘောတူညီချက်ရမယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီ နလံထူရေးအစီအစဉ်အရ အလုပ်ရပ်နားထားရတဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေက အလုပ်သမားတွေကို လစာပေးရေးအတွက် ဒေါ်လာ ဘီလီယံ ၃၅ဝ သုံးစွဲမှာဖြစ်ပါတယ်။ ဆေးရုံတွေက ဒေါ်လာ ဘီလီယံ ၂ဝဝ ရရှိမှာဖြစ်ပြီး အမေရိကန်နိုင်ငံသားတွေကတော့ တဦးကို ဒေါ်လာ ၁၂ဝဝ ရရှိမယ်လို့ ဆိုပါတယ်။ အစိုးရရဲ့ နလံထူရေး အစီအစဉ် အတည်ပြုမယ့်သတင်းကြောင့် နယူးယောက်မြို့ Wall Street ဝေါစထရိ ကမ္ဘာ့ စတော့ ဈေးကွက်မှာ ရှယ်ယာဈေးနှုန်းတွေ ၅% ကနေ ၇% အထိ မနေ့က တက်လာခဲ့ပါတယ်။

သမ္မတထရမ့်က ဗိုင်းရပ်စ်ကြောင့် ရပ်နားထားတဲ့လုပ်ငန်းတွေကို နှစ်ပတ်အကျော်မှာ ပြန်ဖွင့်ဖို့ ရည်မှန်းကြောင်း မနေ့က ပြောပါတယ်။ ပြည်သူတွေ အိမ်ပြင်မထွက်ဘဲ ၁၅ ရက်ခန့်နေထိုင်ကြဖို့ သူ လမ်းညွန်ခဲ့တဲ့အတိုင်း နေထိုင် ကြရင် ပိတ်ပင်မှုတွေ ချမှတ်ထားတာကိုရုပ်သိမ်းပြီး တိုင်းပြည်ကို ပြန်ဖွင့်နိုင်မယ်လို့ ထရမ့်က ပြောပါတယ်။ ဆရာဝန်တချို့ကတော့ လုပ်ငန်းတွေပြန်ဖွင့်ပြီး အခမ်းအနားတွေ ပြန်ကျင်းပမယ်ဆိုရင် လူတွေစုဝေးမိပြီး ကူးစက်မှုတွေ မြင့်မားလာနိုင်တယ်လို့ ပြောပါတယ်။ WHO ကလည်း အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာပေါ်မှာ ဒီဗိုင်းရပ်စ်ကူးစက်မှု အများဆုံးဒေသ ဖြစ်လာနိုင်တယ်လို့ သတိပေးနေပါတယ်။

ဒီအတောအတွင်း ဗြိတိန်အစိုးရခေါင်းဆောင်တွေက ပြည်သူအားလုံး အိမ်ပြင်မထွက်ကြဖို့ ထပ်မံသတိပေးလိုက်ပါ တယ်။ ဝန်ကြီးတဦးက ခင်ဗျားတို့ အိမ်ထဲမှာ မနေဘူးဆိုရင် ခင်ဗျားတို့ရဲ့ အချစ်ဆုံးသူတွေ သေဆုံးသွားနိုင်ပါတယ် လို့ ပြောပါတယ်။ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ကလည်း တခြား ဥရောပနိုင်ငံတွေအနေနဲ့ သူတို့ ဗြိတိန်နိုင်ငံ နည်းတူ မရှိမဖြစ်လိုအပ်တဲ့ ဈေးဆိုင်တွေကလွဲပြီး ဆိုင်တွေ၊ ရုံးတွေ အားလုံးကို ပိတ်ပစ်ဖို့ တိုက်တွန်းနေပါတယ်။

ကမ္ဘာပေါ်မှာ လူသန်းပေါင်း ၂၆ဝဝ ခန့် အခု အိမ်ပြင်မထွက်ဘဲ နေထိုင်ကြတယ်လို့ AFP သတင်းမှာဖေါ်ပြပါတယ်။ အိန္ဒိယ၊ ပြင်သစ်၊ ဗြိတိန် နဲ့ အီတလီ အပါအဝင် နိုင်ငံအများအပြားမှာ အိမ်ပြင် မထွက်ရ အမိန့်ထုတ်ထားပါတယ်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီ က ပြည်သူအားလုံး ၂၁ ရက်ကြာ အိမ်ပြင်မထွက်ဖို့ မနေ့ညက အမိန့်ထုတ်ခဲ့ပါတယ်။ လူဦးရေ သန်းပေါင်း ၁၃ဝဝ ရှိတဲ့ အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၄၇ဝ နဲ့ သေဆုံးသူ ၁ဝ ဦးရှိပါပြီ။

ဒီဗိုင်းရပ်စ်ကြောင့် ခရီးစဉ်တွေ လျှော့ချခဲ့ရတဲ့ ကနေဒါလေကြောင်းလိုင်း Air Canada မှာ လေယာဉ်မှူး ၄ဝဝဝ ရှိတဲ့အနက် ၆ဝဝ ကို အနားယူခွင့်ပြုဖို့ လေကြောင်းလိုင်းနဲ့ လေယာဉ်မှူး သမဂ္ဂအကြား မနေ့က သဘော တူညီချက်ရရှိပြီလို့ ဆိုပါတယ်။ ကမ္ဘာတဝန်း ခရီးသွားလာမှုတွေ အရင်အပတ်က ၃၅% ကျဆင်းခဲ့ပါတယ်။

ဆွစ်ဇာလန်အစိုးရက သူတို့နိုင်ငံံမှာ ဗိုင်းရပ်စ်ကူးစက်သူ ၉ဝဝ ခန့်နဲ့ သေဆုံးသူ ၉ဝ ရှိပြီလို့ မနေ့က ကြေညာ ပါတယ်။ အာဖရိကတိုက်မှာ ဒီဗိုင်းရပ်စ်ဒဏ်ကို အဆိုးဝါးဆုံးခံစားနေရတဲ့ တောင်အာဖရိကနိုင်ငံမှာ လူ ၅၅၄ ဦးကို အခုကူးစက်နေပြီး လူတွေအိမ်ပြင်မထွက်ဖို့ ညွန်ကြားထားပါတယ်။ အဲဒီ နိုင်ငံမှာ လူ ၅၇ ဦး သေဆုံးခဲ့ပါပြီ။

နိုင်ငံတကာ အိုလံပစ်ကော်မတီက ဂျပန်နိုင်ငံမှာ လာမယ့် ဇူလိုင်လ ကျင်းပဖို့ သတ်မှတ်စီစဉ်ထားတဲ့ အိုလံပစ် အားကစားပြိုင်ပွဲကို လာမယ့် ၂ဝ၂၁ ခုနှစ်ကျမှ ကျင်းပဖို့ မနေ့က ဆုံးဖြတ်လိုက်ပါတယ်။ ဒါဟာ အိုလံပစ် အားကစားပြိုင်ပွဲ သမိုင်းမှာ ပထမဆုံး ရွေ့ဆိုင်းမှု ဖြစ်ပါတယ်။

အီတလီနိုင်ငံမှာတော့ ဗိုင်းရပ်စ်ကူးစက်သူ ၆၉ဝဝဝ ကျော်ရှိပြီး သေဆုံးသူ ၆၈၂ဝ ရှိသွားပါပြီ။ ဗိုင်းရပ်စ်ကူးစက်မှု အများဆုံးဖြစ်တဲ့ လွန်ဘာဒီ ခရိုင်မှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူ ၄ဝဝ ခန့် အသက်ဆုံးပါးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။