ဧပြီလအတွင်း NLD အစိုးရအဖွဲ့ဝင် ၁၄ ဦး အဂတိမှုနဲ့ ထောင်ချခံရ
ပြီးခဲ့တဲ့ ဧပြီလအတွင်း စစ်ကောင်စီရဲ့ တရားရုံးတွေကနေ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရလက်ထက်က ပြည်ထောင်စုအဆင့်၊ တိုင်းနဲ့ပြည်နယ်တွေက ဝန်ကြီးချုပ်၊ ဝန်ကြီး၊ ဒု-ဝန်ကြီးနဲ့ အဆင့်မြင့်အရာရှိ စုစုပေါင်း ၁၄ ဦးကို အဂတိမှုတွေနဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။
- 2022-05-02
-
-
-
ပြီးခဲ့တဲ့ ဧပြီလအတွင်း စစ်ကောင်စီရဲ့ တရားရုံးတွေကနေ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရလက်ထက်က ပြည်ထောင်စုအဆင့်၊ တိုင်းနဲ့ပြည် နယ်တွေက ဝန်ကြီးချုပ်၊ ဝန်ကြီး၊ ဒု-ဝန်ကြီးနဲ့ အဆင့်မြင့်အရာရှိ စုစုပေါင်း ၁၄ ဦးကို အဂတိမှုတွေနဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။
ဧပြီလ ၂၂ ရက်နေ့က ဆောက်လုပ်ရေး ဒု-ဝန်ကြီး ဦးကျော်လင်းကို အဂတိ ပုဒ်မနဲ့ ထောင် အနှစ် ၂၀ နဲ့ ညွှန်ကြားရေးမှူးချုပ်တွေဖြစ်ကြတဲ့ ဦးအောင်မြင့်ဦး၊ ဦးရဲမင်းဇော်နဲ့ ဦးနေအောင်ရဲမြင့်တို့ကို ထောင်ဒဏ် နှစ်နှစ်ကနေ လေးနှစ်ထိ ချမှတ်ခဲ့ပါတယ်။ အဲဒီနေ့ တစ်ရက်တည်းမှာပဲ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် အပါအဝင် ပြည် နယ်ဝန်ကြီးတွေဖြစ်ကြတဲ့ ဦးဝေလင်း၊ ဦးဝင်းညွန့်၊ ဦးလဆိုင်း (ခ) ဦးဒါရှီလဆိုင်း၊ ဦးနော်လီ (ခ) ဇခေါင်ခမ်းရယ်၊ ဦးဇော်ဝင်း၊ ဦးနေဝင်းနဲ့ ပြည် နယ်စည်ပင်သာယာရေးဌာန ညွှန်ကြား ရေးမှူး ဦးစိုးနိုင်တို့ဟာလည်း အဂတိပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
"ဒါကိုကြည့်လိုက်လို့ရှိရင်တော့ အဓမ္မလုပ်နေတဲ့ လုပ်ရပ်ပဲဖြစ်တယ်”
အဂတိမှုနဲ့ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရတဲ့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်ရဲ့ သားဖြစ်သူ ကိုနော်နော်က တိုင်းပြည်အတွက် စေတနာထားပြီးလုပ်ခဲ့သူတွေ အခုလို အပြစ်ပေးခံနေရတာတွေကို စိတ်မကောင်းဖြစ်နေပါတယ်။
“အဖေ့အနေနဲ့ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ သူကောင်းကောင်းမွန်မွန် စေတနာထား ပြီးတော့ တိုင်းပြည်အတွက်၊ ပြည်သူအတွက်ကို လုပ်ခဲ့တာပဲပေါ့နော်။ ဒါနိုင်ငံရေးဖြစ်စဉ် တစ်စုံတစ်ရာကြောင့် နိုင်ငံရေးယန္တရားမှာ ပါဝင်ပတ်သက်နေတဲ့ ပုဂ္ဂိုလ်ရေးအပေါ်မှာ သက်ရောက်လာတဲ့ ကိစ္စရပ်လို့ပဲမြင်တယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ တာဝန်ထမ်းဆောင်နေ တဲ့ ပုဂ္ဂိုလ်တွေအားလုံးက တညီတညွတ်တည်း ဒီပုံစံမျိုးတွေဖြစ်ကြတယ်ဆိုတဲ့ ဥစ္စာက သက်သေတစ်ခုပဲလေ”
ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးနေဝင်းကို နိုင်ငံရေးပုဒ်မနဲ့မဟုတ်ဘဲ အဂတိပုဒ်မနဲ့ပါ စွပ်စွဲထောင်ချလိုက်တာဟာ မိသားစုကိုပါ ရိုက်ချိုးသလို ခံစားရတယ်လို့ ဇနီးဖြစ်သူ ဒေါ်မာလာမြင့်က ပြောပါတယ်။
“ဘာပဲပြောပြော ဦးနေဝင်းဟာ ထောင်လည်းအခုမှကျတာ မဟုတ်ဘူး။ အရင်တုန်း ကလည်း ကျဖူးပါတယ်။ နိုင်ငံရေးပုဒ်မနဲ့ပေါ့နော်။ ဒါပေမဲ့ ဒီတစ်ခါကျတာတော့ အင်မတန်ကို လူတစ်ယောက်ရဲ့၊ မိသားစု တစ်စုကိုပါ ရိုက်ချိုးသလိုပဲပေါ့နော်။ အဂတိဆိုတာတော့။ အဂတိမှုနဲ့ ထောင်ချတာတော့ ကျမ အင်မတန် စိတ်မကောင်း ဖြစ်ပါတယ်။ အဂတိလုပ်စရာအကြောင်းကို မရှိပါဘူးရှင့်”
ဧပြီလ ၂၇ နဲ့ ၂၈ ရက် နှစ်ရက်အတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ NLD အစိုးရ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့ဟာလည်း အဂတိ ပုဒ်မတွေနဲ့ ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။
အခုလို လုပ်ရပ်တွေဟာ စစ်ကောင်စီရဲ့ အာဏာဆက်လက်တည်မြဲရေးလုပ်နေတာလို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။
“သူက အစကတည်းက အဓိပ္ပာယ်မရှိတဲ့အလုပ်ကို လုပ်ခဲ့တာဆိုတော့ ဆက်ပြီးတော့ လုပ်တဲ့အလုပ်တွေကလည်း အဓိပ္ပာယ်မဲ့အလုပ်တွေ ဖြစ်နေတာပေါ့။ ဆိုလိုတာက မရ၊ ရအောင် ဆောင်ရွက်တယ်ပေါ့နော်။ အဓမ္မနည်းနဲ့လုပ်နေတယ်ဆိုတာ ပေါ်လွင်တာပေါ့။ နဂိုကတည်းကလည်း အာဏာကို အဓမ္မနည်းနဲ့ သိမ်းယူခဲ့တယ်။ ဆက်ပြီးတော့လည်း အဓမ္မ ဆက်လုပ်သွားပြီးတော့ အနိုင်ရအောင်ဆိုပြီးတော့ လုပ်နေတာပေါ့။ အာဏာကို ဆက်လက်ထိန်းသိမ်းနိုင်အောင်ဆိုပြီးတော့ လုပ်နေတာပေါ့။ ဒီပေါ်မှာ မှတ်ချက်ပေး ရမယ်ဆိုရင်တော့ ပြည်သူ့ဆန္ဒနဲ့လည်း မကိုက်ညီဘူး၊ တရားနည်းလမ်းလည်း မကျဘူး။ ဒါကိုကြည့်လိုက်လို့ရှိရင်တော့ အဓမ္မလုပ်နေတဲ့ လုပ်ရပ်ပဲဖြစ်တယ်”
ဧပြီလထဲမှာ NLD ခေါင်းဆောင် ၁၄ ဦး အဂတိပုဒ်မတွေနဲ့ ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရတဲ့ အပြင် ဖေဖော်ဝါရီနဲ့ မတ်လ နှစ်လအတွင်းမှာလည်း သာသနာရေးဝန်ကြီး သူရဦးအောင်ကို၊ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်၊ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ရန်ကုန် တိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်တို့ကိုလည်း အဂတိပုဒ်မတွေနဲ့ ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ NLD အစိုးရလက်ထက်က တာဝန် ထမ်းဆောင်ခဲ့သူတိုင်းကို တရားစွဲထောင်ချနေတာ မဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။
“ဘာမှပြစ်မှုကျူးလွန်တာ မရှိဘူး။ လာဘ်စားမှုမရှိဘူးဆိုရင် အရေးယူစရာ မရှိပါဘူး။ NLD လက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ ပြီးရင် လွှတ်တော်အမတ်တွေ၊ အရေအတွက်ကြည့်ရင် သိနိုင်ပါတယ်။ ဘာမှမသမာမှု ဆောင်ရွက်မှုမရှိဘူး။ ရာဇဝတ်မှုနဲ့ ပတ်သက်လို့ ဆောင်ရွက်မှု မရှိဘူး။ လာဘ်စားမှုနဲ့ ပတ်သက်လို့၊ လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက်လို့ မရှိဘူးဆိုရင် ကျနော်တို့အနေနဲ့ အကြောင်းမဲ့ ဖမ်းဆီးစရာ မရှိပါဘူး။ တရားဥပဒေအထက်မှာတော့ ဘယ်သူမှမရှိပါဘူး။ ဒါနဲ့ ပတ်သက်ပြီးတော့ ကျူးလွန်ခဲ့တယ်ဆိုရင်တော့ ကျူးလွန်ခဲ့တဲ့ ပြစ်ဒဏ်အတိုင်း ချမှတ်ရမှာပဲဖြစ်ပါတယ်"
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီက ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲမှာ NLD ပါတီနဲ့ ပါတီရဲ့ အရေးပါတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ မပါဝင်နိုင် ရေးကို ရည်ရွယ်ပြီး အခုလို ထောင်ဒဏ်တွေ ချမှတ်နေတာလို့ သုံးသပ်ပါတယ်။
“NLD ပါတီနဲ့ အရေးပါတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေအားလုံး နောင်သူတို့ကျင်းပပြု လုပ်မယ့် ရွေးကောက်ပွဲမှာ မပါဝင်နိုင်ရေးအတွက် အခုက တရားမျှတဲ့မှုမရှိတဲ့ ဥပဒေ၊ တရားမျှတမှုမရှိတဲ့ ခုံရုံးတွေ၊ တရားမျှတမှုမရှိတဲ့ တရားဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့ ထောင်တွေချနေတာဟာ အခုကတော့ ဒီတစ်နှစ်အတွင်းမှာ အများကြီးပါပဲ။ ဒီခေါင်း ဆောင်တွေ နောင်သူတို့ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရအောင် အတတ်နိုင် ဆုံး ကန့်သတ်တားဆီးဖို့ ရည်ရွယ်ပြီးတော့ အဲဒီလုပ်ငန်းတွေ လုပ်နေတယ်လို့ ယူဆ ပါတယ်”
RFA က ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက် နေ့ကနေ ဒီနေ့အထိ တစ်နှစ်နဲ့ သုံးလကျော်အတွင်း NLD ပါတီခေါင်းဆောင်တွေ အပါအဝင် NLD အစိုးရလက်ထက် တာဝန်ယူခဲ့သူတွေ အဂတိမှုနဲ့ တရားစွဲဆိုခံခဲ့ရသူ ၆၄ ဦး ရှိပါတယ်။