ကယားမှာ အရပ်သားသေဆုံးသူ ၉၆ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၃၄ ဦးအထိ တိုးလာ

2021.10.26
ကယားမှာ အရပ်သားသေဆုံးသူ ၉၆ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၃၄ ဦးအထိ တိုးလာ တောထဲမှာ ကရင်နီ စစ်ဘေးဒုက္ခသည်တွေကို ၂၀၂၁ ဇွန် ၂၅ ရက်နေ့က တွေ့ရစဉ်
Photo: CJ

ကယားနဲ့ ရှမ်းပြည်နယ်အစပ် မိုးဗြဲမြို့နယ်မှာ အောက်တိုဘာလ ၂၄ ရက်နေ့က စစ်ကောင်စီတပ်နဲ့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လက်နက်ကြီးကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ ဒါဟာ စစ်တပ်ကအာဏာသိမ်းပြီး အချိန် ကိုးလနီးပါးကာလ အတွင်းမှာ အရပ်သားသေဆုံးသူ ၉၆ ဦးအထိ တိုးလာတာလည်းဖြစ်ပါတယ်။

အောက်တိုဘာလ ၂၄ ရက်နေ့ဖြစ်စဉ်မှာ သေဆုံးသူဟာ အသက် ၄၄ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ထိခိုက် ဒဏ်ရာရသူတွေထဲက နှစ်ဦးကတော့ ဒဏ်ရာပြင်းထန်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေး ဒုက္ခသည် ကူညီကယ်ဆယ်ရေး လုပ်သားတစ်ဦးက ပြောပါတယ်။

"ကျနော်တို့ လောလောဆယ်တော့ ဆေးကုသမှု ခံယူနိုင်တဲ့အထိ လုပ်ပေးနေတယ်။ ဒါပေမဲ့ စိုးရိမ်ရတဲ့ အခြေအနေက နှစ်ယောက်၊ ကျန် သုံးယောက်တော့ မစိုးရိမ်ရဘူး တစ်ဦးကတော့ ဆုံးသွားတာပေါ့"

ထိခိုက်ဒဏ်ရာရသူတွေထဲမှာ အသက်သုံးနှစ်နဲ့ ကိုးနှစ်အရွယ် ကလေး နှစ်ဦး၊ အသက် ၅၄ နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ အသက် ၃၁ နှစ်နဲ့ ၅၆ နှစ်အရွယ် အမျိုးသား နှစ်ဦး တို့ဖြစ်ပါတယ်။

"လူထုကို အကြမ်းဖက် သတ်ဖြတ်တာမျိုးတွေ လူတွေအိမ် မီးရှို့ဖျက်ဆီးတာမျိုး မလုပ်ဖို့ပေါ့နော်"

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ အချိန်ကိုးလတာအတွင်း သေဆုံးတဲ့ အရပ်သား ၉၆ ဦးထဲမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ်ဝန်းကျင်တွေဖြစ်ပြီး အများဆုံးကတော့ လက်နက်ကြီး၊ လက်နက်ငယ်၊ မိုင်းနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးရင်း အသက်သေဆုံးခဲ့ကြရသူတွေဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာရသူကလည်း ဒီနေ့အထိဆိုရင် ၁၃၄ ဦးအထိ ရှိနေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့က အရပ်သားတွေ ထိခိုက်တဲ့ဖြစ်စဉ်ဟာ မိုးဗြဲမြို့အခြေစိုက် အမှတ် - ၄၂၂ တပ်ရင်းကနေ ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့်ဖြစ်တယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် MBPDF က အဲဒီနေ့မှာပဲ ထုတ်ပြန်ခဲ့ပါတယ်။

အောက်တိုဘာလ ၂၄ ရက်နေ့ မနက် ၇ နာရီလောက်က လွိုင်ကော်မြို့ကနေ ဖယ်ခုံမြို့ဘက် ဦးတည်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုးဗြဲမြို့အထွက်နားမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ချိန် စစ်တပ်ဘက်က ၁၀ ဦးထက်မနည်း ကျဆုံးခဲ့ပြီးနောက် စစ်တပ်က လက်နက်ကြီး ၁၀ ချက်ထက်မနည်း ပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်တာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာန ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ တပ်မတော်အနေနဲ့ ပြည်သူလူထု နေထိုင်တဲ့နေရာတွေမှာ ရှင်းလင်းရေးလုပ်ဆောင်တာ မရှိဘူးလို့ တုံ့ပြန်ပါတယ်။

“ကယားပြည်နယ်မှာဖြစ်နေတဲ့ဟာတွေကတော့ အဓိကကတော့ ဆက်သွယ်ရေးလမ်းကြောင်းတွေမှာ လာပြီးမိုင်းထောင်တာတို့၊ တပ်စခန်းတွေကို လာပစ်တာတို့ ဒါတွေကို အမြဲတမ်းပြုလုပ်လျှက်ရှိပါတယ်။ အဲဒီအချိန်မှာတော့ တိုက်ပွဲဖြစ်ပွားတာရှိတယ်။ နောက်ပြီး မြို့ရွာလုံခြုံရေးအတွက် ကင်းလှည့်ဆောင် ရွက်တဲ့ အခါမှာလည်း PDF အကြမ်းဖက်သမားတွေက လိုက်လံပစ်ခတ်တဲ့အခါမှာ ပြန်လည်ပစ်ခတ်ရ တဲ့အခါတွေ ရှိပါတယ်။ အဲဒီမှာ တစ်ခုကတော့ ကျွန်တော်တို့အနေနဲ့ ပြည်သူလူထုတွေနေတဲ့ နေရာတွေမှာ ဒါတွေနဲ့ပတ်သက်ပြီး သီးသန့်ဆောင်ရွက်ခြင်း မရှိဘူးလို့ပဲ ပြောချင်ပါတယ်”

PDF အဖွဲ့တွေဟာ ပြည်သူလူထုကို အကာအကွယ်ယူပြီး တိုက်ခိုက်လေ့ရှိပြီး PDF တွေ အထိအခိုက်ရှိရင် ပြည်သူလူထုလို့ စွပ်စွဲလေ့ရှိတာကြောင့် အရပ်သား ၉၆ ဦး သေဆုံးတယ်ဆိုတဲ့ အချက်နဲ့ပတ်သက်လို့ သီးခြားပြောစရာအကြောင်းမရှိဘူးလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ကယားပြည်နယ်မှာ အာဏာသိမ်း ကိုးလတာကာလအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အပိုင်းမှာ လူ့အသက်ဆုံးရှုံးမှုက အများဆုံး ဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

demosoe.jpg
(၂၀၂၁ စက်တင်ဘာ ၇ ရက်နေ့က စစ်ကောင်စီတပ် မီးရှို့ခဲ့တဲ့ ဒီးမော့ဆို၊ စံပြ ၆ မိုင်ကျေးရွာက နေအိမ်တွေကို တွေ့ရစဥ်)

စစ်ဘေးကြောင့် အရပ်သားတွေရဲ့ အသက်အိုးအိမ် ထိခိုက်မှုတွေကို နိုင်ငံတကာအထိသိအောင် ကြိုးပမ်း နေတယ်လို့လည်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားက ပြောပါတယ်။

"လက်ရှိဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုပုံစံတွေကို အတတ်နိုင်ဆုံး တောင်းဆိုတယ်။ တောင်း ဆိုတဲ့နေရာမှာ ICJ လူ့အခွင့်အရေးဘက်မှာလည်း တောင်းဆိုတာရှိတယ်။ ကျနော်တို့ နိုင်ငံတကာနဲ့ စကားပြောတဲ့ အခါမှာလည်း ချိတ်ဆက်ပြီး UN အထူးကိုယ်စားလှယ်ဖြစ်စေ သက်ဆိုင်တဲ့ State holder တော်တော်များများကို လူ့အခွင့်အရေး ချိုးဖောက်မှု မရှိအောင် စစ်ကောင်စီကိုလည်း တိုက်ရိုက်တောင်း ဆိုတာရှိတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှု မဖြစ်အောင် စစ်ရေးသဘောတရားကို နားလည်ပေမယ့်လည်း လူထုကို အကြမ်းဖက် သတ်ဖြတ်တာမျိုးတွေ လူတွေအိမ် မီးရှို့ဖျက်ဆီးတာမျိုး မလုပ်ဖို့ပေါ့နော် လတ်တ လောဖြစ်တဲ့အပေါ်မှာ ပုံမှန်လုပ်တာရှိတယ်"

လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ ပြည်သူတွေအတွက် အချက်အလက်တွေစုဆောင်းထားပြီး နောင်တချိန် ချိန်မှာ တရာမျှတရေးအတွက် ဆောင်ရွက်သွားမယ်လို့ သူက ဆိုပါတယ်။

ကယားပြည်နယ်မှာ တိုက်ပွဲတွေ စတင်ပြင်းထန်ခဲ့တဲ့ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ကနေစပြီးအချိန် ၆ လအတွင်း စစ်ကောင်စီနဲ့ KNDF၊ KA၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်တို့ တိုက်ပွဲပေါင်း ၉၁ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ တိုးတက် သော ကရင်နီပြည်သူ့အင်အားစု (PKPF)က အောက်တိုဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်းမှာ KNDF၊ KA၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်ဘက်က ကျဆုံးသူ ၃၀ ဦး ရှိခဲ့တယ်လို့ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။