စက်တင်ဘာလအတွင်း နိုင်ငံတစ်ဝန်း လူ ၁၂၅ ဦးအဖမ်းခံရ

အာဏာသိမ်းစစ်ကောင်စီဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်လတည်းမှာ နိုင်ငံတစ်ဝန်းက လူပေါင်း ၁၂၅ ဦးကို ဖမ်းဆီးခဲ့တယ်လို့ နိုင်ငံအရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ဖော်ပြပါတယ်။
အဲဒီအထဲက တနင်္သာရီတိုင်း ရေဖြူမြို့နယ်နဲ့ ကံပေါက်မြို့နယ်တွေမှာဆိုရင် စက်တင်ဘာ လဆန်းကနေ လကုန်ပိုင်းလောက်ထိ လူ ၃၀ လောက် ဆက်တိုက်ဖမ်းဆီးခံခဲ့ရတယ်လို့ ရေဖြူမြို့နယ်က ဒေသခံတွေက ပြောပါတယ်။
"ဘာမှမလုပ်ဘဲနဲ့ ကိုယ့်အိမ်မှာ ကိုယ်နေတဲ့သူတောင် သူတို့က လိုက်ဖမ်းဆီးတာမျိုးတွေ အခုရှိလာတယ်"
ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့က ရေဖြူမြို့နယ်အတွင်း စစ်ဆေးရေးဂိတ်တစ်ခုမှာ ဆန်အိတ်တင်တဲ့ ကားတစ်စီးကို စစ်ကောင်စီ တပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ရာကနေ အခုလို ဒေသခံတွေ ဆက်တိုက်ဖမ်းဆီးခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေဖြူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အဖြူအမဲ မခွဲတော့ဘဲ သူတို့ သံသယဖြစ်နိုင်ခြေရှိတဲ့ ထင်တဲ့သူတွေအကုန်လုံးကို သူတို့ ဆွဲဖမ်းတယ်ပေါ့နော် အဲဒီလိုမျိုးထင်တယ်။ အရင်ကဆိုရင် ဖမ်းရင်ဖမ်းတဲ့သူ ဘယ်မှာဆိုတဲ့ သတင်းအချက်အလက်တွေ ရတယ်ပေါ့နော်။ အခုနောက်ပိုင်းက နောက်ထပ်ဖမ်းတဲ့သူတွေ တော်တော်များများကို ကျမတို့ သတင်းလိုက်လို့ မရတော့ဘူးရှင့်။ ဘယ်ခေါ်သွားလဲဆိုတာလည်း မသိရဘူး။ စစ်တပ်ကိုပဲ သူတို့ ခေါ်သွားတယ်။ အမှုကြီး မဟုတ်ဘူး။ သာမန်အရပ်သားတွေပဲ ဖမ်းသွားတာ”
ဖမ်းဆီးခံရသူတွေထဲမှာ ကျန်းမာရေးမကောင်းသူတွေလည်း ပါဝင်ပြီး သတင်းအဆက် အသွယ် မရတာကြောင့် သူတို့ရဲ့ အသက်အန္တရာယ်ကိုလည်း စိုးရိမ်နေရတယ်လို့ သူက ဆိုပါတယ်။
ဧရာဝတီတိုင်း ပုသိမ်မြို့နယ်မှာလည်း စက်တင်ဘာလဆန်းပိုင်းကစလို့ နိုင်ငံရေးလှုပ်ရှားသူ တွေကို စစ်ကောင်စီက အဓိက ပစ်မှတ်ထား ရှာဖွေစစ်ဆေးနေသလို ရပ်ကွက်နဲ့ ကျေးရွာ တွေမှာ ဧည့်စာရင်း စစ်ဆေးတာနဲ့ ကင်းလှည့်တာတွေ ခပ်စိပ်စိပ်လုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာလအတွင်းမှာပဲ ပုသိမ်မှာ ငါးဦး၊ မြောင်းမြမှာ ရှစ်ဦး၊ ဟိုင်းကြီးကျွန်းမှာ ခုနစ်ဦး အသီးသီး ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
အခုအောက်တိုဘာလထဲမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ဧရာဝတီတိုင်း ထဲကို စိမ့်ဝင်လာဖို့ရှိတယ်ဆိုတဲ့ ကောလာဟလတွေကြောင့် စစ်ကောင်စီတပ်ဘက်က ပြည်သူတွေကို ဆက်တိုက်ဖမ်ဆီးလာတာလို့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။
“၁၀ လပိုင်းမှာ PDF တွေ ပြန်ဝင်မယ်ဆိုတဲ့ စကားတွေ ကောလာဟလတွေ ထွက်လာတဲ့ အပေါ်မှာ သူတို့တော်တော်လေး ကြောက်နေပုံလည်းရတယ်။ အဲဒီအတွက် လမ်းပန်း ဆက်သွယ်ရေးတိုင်း တော်တော်များများကို ရှာဖွေစစ်ဆေးနေတာတွေလည်း တချို့လုပ် နေတာတွေရှိတယ်။ တချို့ဆိုရင်လည်း အပူတပြင်းနဲ့ ဟိုးတုန်းက နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ တချို့ကို ဘာမှမလုပ်ဘဲနဲ့ ကိုယ့်အိမ်မှာ ကိုယ်နေတဲ့သူတောင် သူတို့က လိုက်ဖမ်းဆီးတာမျိုးတွေ အခုရှိလာတယ်။ ဖမ်းတာတွေလည်း ရက်စိပ်လာတယ် ပေါ့နော်”
တိုင်းပြည်အာဏာကို မတရား ရယူထားတဲ့ စစ်ကောင်စီဟာ အာဏာတည်မြဲရေးအတွက် သူတို့ကို ဆန့်ကျင်တဲ့သူ မှန်သမျှ နည်းမျိုးစုံသုံးပြီး တောက်လျှောက်ဆိုသလို ဆက်ဖမ်းနေ ဦးမှာပဲလို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
“သူတို့ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုမှန်သမျှ စာရွက်စာတမ်းပဲဝေဝေ၊ ဆန္ဒပဲပြပြ၊ နံရံမှာ ဆေးတွေပဲရေးရေး တွေ့သမျှ အင်အားစု မှန်သမျှကိုတော့ ဖမ်ဆီးထိန်းသိမ်းနေတာ ဒီလထဲမှမဟုတ်ပါဘူး ကာလတစ်လျှောက်လုံး လုပ်လာခဲ့တဲ့ကိစ္စပါ။ ဒါတွေကတော့ တွေ့ရင်တွေ့တဲ့နေရာ သူတို့ကတော့ ပစ်ခတ်ဖမ်းဆီးမယ်၊ ပစ်ခတ်ဖမ်းဆီးလို့မရရင် ကားနဲ့တိုက်ဖမ်းမယ် နောက်ပြီးတော့ အိမ်တွေယာတွေထဲမှာ တက်ပြီးတော့ စီးနင်းမယ်၊ ဖမ်းဆီးမယ်။ ဒါတွေက တစ်လျှောက်လုံး လုပ်လာခဲ့တာတွေပါ”
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာတော့ စက်တင်ဘာလ ၁၃ ရက် နေ့က အာဏာရှင် ဆန့်ကျင်ရေး သပိတ်ဖြိုခွင်းခံရပြီး လူငယ် ၁၅ ဦးလောက် အစုလိုက် အပြုံလိုက် ဖမ်းဆီးခံခဲ့ရပါတယ်။
လက်ရှိမှာတော့ ဖမ်းခံရတဲ့ လူငယ်တွေဟာ စစ်ကြောရေးကနေတဆင့် ကြည့်မြင်တိုင် ရဲစခန်းကို ပြန်ရောက်နေပြီလို့ ရန်ကုန်မြို့ပြ သပိတ်ဦးဆောင်သူတစ်ဦးက ပြောပါတယ်။
“ပန်းပင်နီလမ်းဖြစ်စဉ်မှာ ပါသွားတဲ့ လူငယ်တွေက ၁၅ ယောက်ကျော်လောက်တော့ ရှိတယ်။ သပိတ်အင်အားစုအပြင် အခြားပြည်သူတွေပါ ဖမ်းသွားတယ်လို့ သတင်းရတယ်။ နောက်ဆက်တွဲမှာကျတော့ သူတို့ စစ်ကြောရေးကနေ ဖြတ်လာပြီးတော့ ကြည့်မြင် တိုင်စခန်းမှာ ရောက်နေပြီလို့တော့ကြားတယ်။ အားလုံးမိသားစုနဲ့ အဆက်အသွယ် ရတယ်”
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့ကလည်း ရန်ကုန်သပိတ်လှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင် တဲ့ လူငယ်များသမဂ္ဂ-ဗဟိုရဲ့ ဥက္ကဋ္ဌ ကိုဇော်ထက် အပါအဝင် လူငယ် ငါးဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက လူငယ်လေးဦးဟာ သက်ဆိုင်ရာ ရဲစခန်းတွေကို ရောက်နေပေမယ့် ကိုဇော်ထက်ကတော့ ဘာသတင်းအစအနမှ မရတော့တာကြောင့် အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သူက ဆိုပါတယ်။
ပြည်သူတွေအဖမ်းခံနေရတဲ့ ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက မငြိမ်မသက်ဖြစ်အောင် ဖန်တီးသူတွေနဲ့ ပြုလုပ်သူတွေကို တရား ဥပဒေအရ ထိန်းသိမ်းခံရမှာပဲဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့က RFA ကို ပြောဆိုခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင်ရေးအသင်း (AAPP) ရဲ့ တာဝန်ရှိသူတစ်ဦး ကတော့ အခုလို လူငယ်တွေကို ဆက်တိုက်ဖမ်းဆီး ထောင်ချနေတာက လူငယ်တွေရဲ့ အနာဂတ်တွေကို ဖျက်ဆီးနေသလို တိုင်းပြည်ရဲ့ အနာဂတ်ကိုပဲ ဖျက်ဆီးနေတာလို့ ပြောပါတယ်။
“ဒီလိုမျိုး ဖမ်းဆီးခံရပြီဆိုတာနဲ့ လူငယ်တစ်ယောက်ရဲ့ အနာဂတ်၊ သူ့ရဲ့အနာဂတ်က ပျက်စီးသွားပြီ။ အနာဂတ်တွေ ပျောက်သွားတယ်ပေါ့။ အဲဒီလိုမျိုး လူငယ်တွေကို ဖမ်ဆီးထားတယ်။ ပညာရှင်တွေ ပညာတတ်တွေကို ဖမ်းဆီးထားတဲ့ကိစ္စက သူတို့ရဲ့ အနာဂတ်တွေကို ဖျက်ဆီးရုံတင် မဟုတ်ဘူး ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ကိုပါ ဖျက်ဆီးလိုက်တာဖြစ်တယ်။ အခုချိန်မှာ သူတို့ ပညာတွေလေ့လာနေတယ်။ ပညာရှင်တွေလည်း အများကြီးပါတယ်ပေါ့နော်။ ဒီလူတွေက ကျနော်တို့ နိုင်ငံအတွက် လူသားအရင်းအမြစ် ဆုံးရှုံးတာဖြစ်တယ်။ တကယ့်ကို တိုင်းပြည်အတွက် အသုံးပြုရမယ့် တိုင်းပြည်အတွက် အားကိုးအားထားရမယ့် သူတွေကို အကျဉ်းထောင်ထဲ ထည့်ထားခြင်း ဟာ တိုင်းပြည်ရဲ့ အနာဂတ်ကို ဖျက်ဆီးလိုက်တာဖြစ်တယ်။ တိုင်းပြည်ရဲ့ လူသားအရင်း အမြစ်တွေ ဆုံးရှုံးရတာဖြစ်တယ်”
စစ်တပ်က တိုင်းပြည်ရဲ့အာဏာကိုသိမ်းထားလို့ ဆန့်ကျင်တဲ့သူတွေကို စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်တာ၊ ညှဉ်းပန်းနှိပ်စက်တာ ဖမ်းဆီးသတ်ဖြတ်တာ၊ သတင်းအချက် အလက် ပိတ်ပင်တာ စတဲ့လူ့အခွင့်ရေးချိုးဖောက်မှုမျိုးစုံကို ဆက်တိုက်ကျူးလွန်နေတယ် လို့ သူက ဆိုပါတယ်။
အခုလို လူ့ခွင့်အရေးချိုးဖောက်တာ၊ ဥပဒေချိုးဖောက်တာတွေကို ပြစ်ဒဏ်ပေးခံရခြင်း ကနေ ကင်းလွတ်နေတဲ့ အနေအထားမျိုးကို ခေတ်အဆက်ဆက်ကြုံခဲ့ရပြီး နောက်တစ်ကြိမ် အသွင်းကူးပြောင်းရေး တရားမျှတမှု ဖော်ဆောင်တဲ့အခါ ပြစ်ဒဏ်ကနေ ကင်းလွတ်နေသူတွေကို သေချာပေါက် အရေးယူဖို့လိုတယ်လို့ AAPP ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၁၀ ရက်နေ့အထိ ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းပြီး လပေါင်း ၂၀ ကျော်အတွင်း တစ်နိုင်ငံလုံးမှာ ၁၂,၆၀၈ ဦး ဆက်လက်ဖမ်းဆီးခံထားရပြီး သတ်ဖြတ်ခံရသူ ၂,၃၄၂ ဦးထိရှိနေပါတယ်။