တစ်လေးလုံး စစ်ဆင်ရေးအတွင်း မြို့ခုနစ်မြို့ကို ကရင်နီတပ်တွေ ထိန်းချုပ်

RFA Burmese
2024.03.23
တစ်လေးလုံး စစ်ဆင်ရေးအတွင်း မြို့ခုနစ်မြို့ကို ကရင်နီတပ်တွေ ထိန်းချုပ် ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။
Facebook/ Karenni Nationalities Defense Force-KNDF

Updated 3:03 PM, Mar 23,2024


ကယားပြည်နယ်နဲ့ ရှမ်း-ကယားနယ်စပ်မှာ ဖြစ်ပွားနေတဲ့ တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေးအတွင်း မြို့ခုနစ်မြို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ ကရင်နီပူးပေါင်းတပ်တွေက မတ်လ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်မှာ စတင်ခဲ့တဲ့ တစ်လေးလုံးစစ်ဆင်ရေးဟာ မတ်လ၂၃ ရက်ဆိုရင် လေးလကျော်ရှိပါပြီ။ ဒီအတောအတွင်း မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတော၊ မော်ချီး၊ နန်းမယ်ခုံနဲ့ မိုးဗြဲမြို့တွေကို ကရင်နီပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတာပါ။ ဒီ့အပြင် စွန့်ခွာသွားတဲ့ တပ်စခန်း ၁၆ ခုနဲ့ တိုက်ခိုက်သိမ်းယူခဲ့တဲ့ တပ်စခန်း ၆၅ ခု စုစုပေါင်း တပ်စခန်း ၈၁ ခုကို ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အဲဒီ မြို့တွေနဲ့ တပ်စခန်းတွေဟာ စစ်ရေးအရ အရေးပါတယ်လို့ ကရင်နီ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

"မြို့ခုနစ်မြို့မှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ သိမ်းရတဲ့ မြို့တွေက သိမ်းတယ်။ လက်ရှိ နေရပ်ပြန် အနေအထားက မရှိသေးဘူးပေါ့နော်"

"နယ်စပ်စခန်းတွေကို ဆုံးရှုံးလိုက်ရတာကလည်း ဒါစစ်ကောင်စီအတွက် နိုင်ငံရေးအရ ဂုဏ်သိက္ခာကျစရာ တစ်ခုဖြစ်တယ်ပေါ့။ အထူးသဖြင့် ထိုင်းနယ်စပ်လိုနေရာမှာ ထိုင်းတပ်တွေနဲ့ မြန်မာစစ်ကောင်စီတပ်တွေနဲ့ တပ်စခန်းချင်းနီးစပ်တဲ့ ဟာမျိုးတွေမှာ စစ်ကောင်စီက လက်လွှတ်လိုက်ရတာ ဖြစ်တဲ့အတွက် နိုင်ငံချင်းမှာလည်း နိုင်ငံတော်အဆင့် တပ်တစ်ခုက ပြန်ဆုတ်ခွာသွားတဲ့ဟာမျိုး ဖြစ်တဲ့အတွက် နိုင်ငံရေးအရလည်း ဂုဏ်သိက္ခာကျဆင်းစေတာမျိုး ဖြစ်ပါတယ်။ စစ်ရေးအရရော၊ စီးပွားရေးအရရော ဆုံးရှုံးမှု ဖြစ်တယ်ပေါ့"

ကျန်နေတဲ့ မြို့တွေကို သိမ်းယူနိုင်ဖို့ စစ်ဆင်ရေးဆက်လုပ်နေပြီး မကြာခင်မှာ စစ်ကောင်စီဟာ စိုးမိုးနယ်မြေတွေ လက်လွှတ်လာရမယ်လို့ သူက ပြောပါတယ်။ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီဆီကနေ သိမ်းဆည်းရမိတဲ့ လက်နက်နဲ့ စစ်သုံ့ပန်းတွေရှိပေမယ့် အသေးစိတ်အချက်အလက်တွေကို ထုတ်မပြောပါဘူး။ ဒီကိစ္စ နဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသလို ကယားပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ဦးဇာနည်မောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

စစ်ဆင်ရေးတွေကို စစ်ကောင်စီကတုံ့ပြန်တိုက်ခိုက်တာမှာ အရပ်သားပစ်မှတ်တွေကိုပါ ရောထွေးတိုက်ခိုက်တာ ကြောင့် ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒုက္ခသည်တွေဟာ စားဝတ်နေရေးအခက်အခဲဖြစ်လာတယ်လို့ မိုးဗြဲကဒေသခံ တစ်ဦးက RFAကို ပြောပါတယ်။

"ကြာလာတော့ စားနပ်ရိက္ခာတွေက မရှိတော့ဘူး။ ဆန်တွေက ပြတ်လပ်မှု ဖြစ်လာတယ်။ ရွာခံတွေမှာလည်း စပါးတွေ မရှိတော့ဘူး။ အလုပ်ကလည်း မရှိဘူး။ အလုပ်က မရှိတော့ လုပ်အားခလည်း မရှိဘူး။ ပိုက်ဆံဝင်ငွေကလည်း မရှိဘူး။ ကုန်ခြောက်ဆိုတာကတော့ မပြောနဲ့တော့ မရှိသလောက် ရှားသွားပြီပေါ့နော်။ အခု ဘယ်လောက်ထိ ဖြစ်သလဲဆို ဒုက္ခသည်တွေက လက်ကျန် ဘိန်းခြံတွေကို လိုက်ပြီး ပြန်ခြစ်တယ်။ နည်းနည်းရရင် နည်းနည်း သူတို့ရောင်းတယ်။ ရောင်းရတဲ့ ပိုက်ဆံနဲ့ ဆန်တွေ ဝယ်စားကြတယ်ရှင့်"

ပြည်နယ်အတွင်း မြို့တော်တော်များများကို ကရင်နီပူးပေါင်းအဖွဲ့တွေ ထိန်းချုပ်ထားတယ်ဆိုပေမယ့် လုံခြုံရေးအခြေအနေ စိုးရိမ်ရတာကြောင့် နေရပ်မပြန်ရဲကြဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။

လွိုင်ကော်မြို့မှ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးအား ကရင်နီပူးပေါင်းတပ်များမှ သိမ်းပိုက်အပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Photo:  Progressive Karenni People Force - PKPF)
လွိုင်ကော်မြို့မှ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးအား ကရင်နီပူးပေါင်းတပ်များမှ သိမ်းပိုက်အပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Photo: Progressive Karenni People Force - PKPF)

မြေမြှုပ်မိုင်းအပါအဝင် စစ်ကျန်လက်နက်တွေမရှင်းနိုင်တဲ့အတွက် ဒုက္ခသည်တွေနေရပ်ပြန်ဖို့ အခက်အခဲ ရှိနေတာလို့ ဒုက္ခသည်အရေး ကူညီနေသူတစ်ဦးက RFA ကို ပြောပါတယ်။

"မြို့ခုနစ်မြို့မှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ သိမ်းရတဲ့ မြို့တွေက သိမ်းတယ်။ လက်ရှိ နေရပ်ပြန် အနေအထားက မရှိသေးဘူးပေါ့နော်။ ဒီခုနစ်မြို့နယ်လုံး ဘယ်လိုမှ နေရပ်ပြန်လို့မရတဲ့ အနေအထားမှာ ရှိနေတယ်။ ဥပမာပြောရမယ်ဆိုရင် သိမ်းထားတဲ့ မြို့တွေထဲက မယ်စဲ့နဲ့ ရှားတောတို့ဆိုရင် လောလောဆယ်ပြန်လို့ မရသေးဘူး။ ပျက်စီးသွားတဲ့ နေရာတွေရှိတယ်။ မြေမြှုပ်မိုင်းတွေရှိတယ်။ စစ်လက်နက် မပေါက်ကွဲသေးတဲ့အရာတွေ ကျန်သေးတော့ လူထုအနေနဲ့ အိမ်ပြန်ဖို့ကတော့ မဖြစ်လာနိုင်သေးဘူးပေါ့နော်"

ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်ရဲ့ စာရင်းတွေအရ တစ်လေးလုံးစစ်ဆင်ရေးနောက်ပိုင်း ကယားပြည်နယ်နဲ့ ရှမ်း-ကယားနယ်စပ်ဒေသတွေမှာ စစ်ဘေးဒုက္ခသည် လေးသောင်းကျော် တိုးလာပါတယ်။ ဒီ့အပြင် စစ်ဆင်ရေးအတွင်း အရပ်သား တစ်ရာသေဆုံးပြီး ၁၂၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

တစ်လုံးလေးစစ်ဆင်ရေးအတွင်း ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် ( DMO-PDF) စတဲ့ အဖွဲ့တွေ ပူးပေါင်းပါဝင်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။