'တစ်လေးလုံး' စစ်ဆင်ရေးတစ်လအတွင်း ဒေသအချို့ ကရင်နီပူးပေါင်းတပ်တွေ ထိန်းချုပ်
2023.12.11

ကယားပြည်နယ်မှာ နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ခဲ့တဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေရဲ့ “တစ်လေးလုံး” စစ်ဆင်ရေး တစ်လတာအတွင်း လွိုင်ကော်မြို့နဲ့ ရှမ်း-ကယားနယ်စပ်မှာ ရှိတဲ့ မိုးဗြဲမြို့တွေကို ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ကရင်နီတပ်မတော်က ပြောပါတယ်။
“တစ်လေးလုံး” စစ်ဆင်ရေးကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကရင်နီတပ်မတော် (KA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့တွေက ပူးပေါင်း ဆောင်ရွက်နေတာဖြစ်ပြီး လက်ရှိမှာ လွိုင်ကော်မြို့ကို ၈၀ ရာခိုင်နှုန်းလောက်အထိ ထိန်းချုပ်ထားနိုင်တာလို့ ကရင်နီတပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ နယ်မှာတော့ မိုးဗြဲက ထိန်းချုပ်ထားပြီးပြီ၊ ၄၂၂ တပ်ရင်းပဲ ကျန်မယ်။ လွိုင်ကော်ကျတော့ ၈၀ ရာခိုင်နှုန်းလောက် ထိန်းချုပ်နိုင်တယ်လို့ ပြောလို့ရပါတယ်။ လွိုင်ကော်ကျတော့ ရှင်းလင်းရေး ဖြည်းဖြည်းပဲ လုပ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ချက်ချင်းလုပ်ရင် လူထိခိုက်နစ်နာမှုလည်း များမယ်၊ ပျက်စီးမှုလည်း ရှိတော့ ဖြည်းဖြည်းချင်းပဲ လုပ်တယ်။ အဓိကရည်မှန်းချက်ကတော့ စကစ အားလုံးကို မောင်းထုတ်ပြီးတော့မှ နောက်ပိုင်း အုပ်ချုပ်ရေးယန္တရားက ဘယ်လိုလုပ်မယ် ဆိုတာတော့ နောက်မှလာမယ်”
လက်ရှိမှာ လွိုင်ကော်နဲ့ မိုးဗြဲမြို့တွေမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေ ရပ်ဆိုင်းနေပေမယ့် ကရင်နီ တပ်ဖွဲ့တွေဘက်က အလုံးစုံတော့ မထိန်းချုပ်နိုင်သေးဘူး လို့လည်း ဆိုပါတယ်။
ပြည်သူ့အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နိုင်တဲ့အခြေအနေမျိုးရောက်မှ ဒေသခံ ပြည်သူတွေလည်း စိတ်ချလက်ချသွားလာနိုင်မှာဖြစ်တယ်လို့ ကရင်နီ ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အတွင်းရေးမှူး (၂) ဖြစ်တဲ့ ဗညားခွန်အောင်က RFA ကို ပြောပါတယ်။
“လွိုင်ကော်မြို့ကို ၁၀၀ ရာခိုင်နှုန်း သိမ်းဆည်းရမိခြင်းမရှိတဲ့အတွက် အုပ်ချုပ်ရေး ယန္တရားတော့ မဖော်နိုင်သေးဘူးပေါ့။ ဒါပေမဲ့လည်း အများပြည်သူကို စိတ်ကြိုက် သွားလာခွင့်ကိုတော့ မပေးထားဘူး။ လောလောဆယ် တပ်ပိုင်းဆိုင်ရာအုပ်ချုပ်ရေး ပုံစံမျိုးနဲ့ပဲ သွားနေတာ ရှိတယ်ပေါ့နော်။ အသေးစိတ် ပြည်သူ့အုပ်ချုပ်ရေး ယန္တရားနဲ့ သွားတာမဟုတ်သေးဘူး။ မိုးဗြဲလည်း ထိုနည်းလည်းကောင်းပါပဲ။ လက်ရှိ ရှိနေတဲ့ ကရင်နီအင်အားစုတွေကပဲ ထိန်းချုပ်ပြီးတော့မှ ကြပ်မတ်တာပဲ ရှိသေးတယ်။ တပ်ပိုင်းဆိုင်ရာပဲ ဖြစ်ပါသေးတယ်။ တကယ့် လူထုအုပ်ချုပ်ရေး ယန္တရားအောက်ကနေ ပြန်လည်ထူထောင်တဲ့ပုံစံမျိုး မရှိသေးဘူး”
ရှမ်းပြည်နယ် မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ “တစ်လေးလုံး” စစ်ဆင်ရေးမှာ ကယားပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ လွိုင်ကော်မြို့ကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့ကြတာပါ။ စစ်ကောင်စီဘက်ကလည်း စစ်ရေး၊ အုပ်ချုပ်ရေးယန္တရား အခိုင်အမာတည်ဆောက်ထားတဲ့ လွိုင်ကော်မြို့ကို မဆုံးရှုံးရအောင် နည်းလမ်းမျိုးစုံနဲ့ အင်အားသုံးပြီး ပြင်းပြင်းထန်ထန် ခုခံကာကွယ်ခဲ့တာပါ။
လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်ရဲ့ ပင်မအခြေစိုက်စခန်းဖြစ်တဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) အပါအဝင် ခြေလျင်တပ်ရင်း ခလရ (၂၆၁)၊ ခလရ (၂၅၀)၊ ခလရ (၅၄)၊ အမြောက်တပ်ရင်း ၃၅၆၊ ၃၆၂၊ တပ်မတော်ဆေးရုံ အမှတ် (၇)၊ ထောက်ပို့နဲ့ ပို့ဆောင်ရေးတပ်ခွဲ အမှတ် (၇၂၂) စတဲ့ တပ်ရင်းတွေလည်း အခြေစိုက်နေပါတယ်။
လွိုင်ကော် ဒကစ ဟာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စား ကရင်နီဒေသတွေရဲ့ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေးတွေကို တာဝန်ယူဆောင်ရွက်ဖို့နဲ့ စစ်ရေးမဟာဗျူဟာ အရ အရေးပါတဲ့ဒေသတွေကို ထိန်းချုပ်ဖို့ တာဝန်ယူထားရတာလို့ စစ်ရေးသတင်းရင်းမြစ် တွေက ပြောပါတယ်။
ဒါ့အပြင် နယ်မြေအတွင်းက လက်အောက်ခံတပ်တွေနဲ့ အခြားလက်ရုံး/ဝန်ထမ်းတပ်တွေရဲ့ စစ်ရေးစစ်ရာ လုပ်ငန်းတွေကို ဖြေရှင်းဆောင်ရွက်ပေးဖို့နဲ့ စစ်ရုံးနဲ့ တိုင်းစစ်ဌာနချုပ်တွေက အမိန့်နဲ့ ညွှန်ကြားချက်တွေကို ထပ်ဆင့်ညွှန်ကြားကြီးကြပ်ဖို့ တာဝန်ကိုပါ ယူရတာဖြစ်လို့ စစ်ကောင်စီအတွက်လည်း အရေးပါတယ်လို့ ဆိုပါတယ်။
လွိုင်ကော်မြို့ဟာ ကရင်နီဒေသက တခြားမြို့နယ်တွေကို ထိန်းချုပ်ဖို့နဲ့ ထောက်ပို့ ပေးနေတဲ့နေရာဖြစ်လို့ စစ်ကောင်စီအနေနဲ့ လက်လွှတ်မခံနိုင်သလို ကရင်နီတပ်တွေ ဘက်ကလည်း ပြည်နယ်လွတ်မြောက်နယ်မြေရဖို့ လွိုင်ကော်ကို ရာနှုန်းပြည့်ထိန်းချုပ်နိုင်ဖို့ က အဓိကကျနေတယ်လို့ နိုင်ငံရေးနဲ့ စစ်ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
“လွိုင်ကော်ရမယ်ဆိုရင် ပြည်နယ်ရဲ့ ပထမဆုံး လွတ်မြောက်လာတဲ့ KNDF ဒေသ ဖြစ်လိမ့်မယ်လို့ မှတ်ယူဆပါတယ်။ မြို့ကို စိုးမိုးလို့ရတဲ့အနေအထားလို့ ပြောလို့ရတယ်။ ဒါပေမဲ့ ဗျူဟာစခန်း မသိမ်းနိုင်ရင် လွိုင်ကော်မြို့ကို ရပြီလို့ ပြောလို့မရဘူး။ အဲဒီ စခန်းကို မသိမ်းနိုင်ဘူးဆိုရင် လွိုင်ကော်လေယာဉ်ကွင်းကို ဆက်ပြီးအသုံးချနေဦးမှာ ဖြစ်တယ်၊ စစ်ကောင်စီအနေနဲ့။ အဲဒီအခါကျရင် စစ်အင်အားဖြည့်တင်းမှုတွေ လက်နက်ရိက္ခာ ဖြည့်တင်းမှုတွေ စတဲ့ကိစ္စတွေ ဆက်ပြီးတော့ လုပ်နိုင်မယ်”
“တစ်လေးလုံး” စစ်ဆင်ရေးအတွင်းမှာ နှစ်ဘက်အကျအဆုံး ရှိခဲ့သလို နိုဝင်ဘာ ၁၄ ရက်နေ့က လွိုင်ကော် တက္ကသိုလ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃၂ ဦး လက်နက်ချခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲကြားမှာ ပိတ်မိနေတဲ့ လွိုင်ကော်တက္ကသိုလ်က ပညာရေးဝန်ထမ်းတွေနဲ့ မိသားစုဝင်ပေါင်း ၂၀၄ ဦးကို ခေါ်ထုတ်ခဲ့ပြီး အဲဒီအထဲက ၁၉၃ ဦးကို ခံဝန်ကတိနဲ့ နယ်နှင်ဒဏ်ပေးခဲ့သလို လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် အပါအဝင် ဝန်ထမ်း ငါးဦးနဲ့ မိသားစုဝင် စုစုပေါင်း ၁၁ ဦးကို တရားရေးဌာနက ငွေဒဏ် ချမှတ်ပြီး နေရပ်ပြန်ခွင့်ပေးလိုက်တယ်လို့ ကရင်နီကြားကာလ အစိုးရအဖွဲ့က ပြောဆိုခဲ့ပါတယ်။
“တစ်လေးလုံး” စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုဝင်ဘာလ ၁၁ ရက်ကနေ ဒီဇင်ဘာလ ၈ ရက်အထိ ဒေသခံအရပ်သား ၈၂ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI) က ဒီဇင်ဘာလ ၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ၈၂ ဦးထဲမှာ အမျိုးသား ၃၉ ဦး၊ အမျိုးသမီး ၁၈ ဦး၊ ကလေးငယ် ၁၂ ဦး၊ ကိုရင် နှစ်ပါးနဲ့ အမည်၊ အသက် အတည်မပြုနိုင်သေးတဲ့သူ ၁၁ ဦးထိ ရှိတယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ လက်နက်ကြီးကြောင့် သေဆုံးသူ ၄၃ ဦးအထိရှိပြီး လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၂၄ ဦးနဲ့ ပစ်ခတ်သတ်ဖြတ်ခံရလို့ သေဆုံးသူက ၁၅ ဦးဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
နိုဝင်ဘာ ၁၁ ရက်ကနေ ၃၀ ရက်နေ့အထိ ရက်ပေါင်း ၂၀ အတွင်း လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၃၅၃ ကြိမ်အထိ ပြုလုပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လွိုင်ကော်မြို့မှာ ဒီဇင်ဘာ ၂ ရက်နေ့ကစလို့ တိုက်ပွဲတွေ အပြင်းအထန်မဖြစ်တော့ပေမယ့် ကုန်းလမ်း ဆက်သွယ်ရေးလမ်းကြောင်းတွေကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားတဲ့အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်တောက်မှာကို စိုးရိမ်နေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အဝင်ကို ပေးမဝင်တဲ့အခါကျတော့ ရိက္ခာပြတ်တောက်မှုကတော့ စဖြစ်နေပြီပေါ့။ ကြီးကြီးမားမား ဖြစ်လာရင်တော့ ဆရာဝန်လိုအပ်ချက်၊ ဆေးလိုအပ်ချက်တွေတော့ တဖြည်းဖြည်းနဲ့ ပေါ်လာနိုင်တာပေါ့။ ကိုယ်တွေလည်း တတ်နိုင်သမျှတော့ ကယ်ဆယ်ရေး လိုက်လုပ်ပေးတာပဲ၊ လိုက်တော့ကုပေးတာပဲလေ။ ဆိုးတာက ပြည်နယ်ကို ပြန်ဝင်လာရင် ပစ်ခတ်မှုတွေရှိနေတာက ဆိုးတာလေ။ လက်နက်ကြီးထိတဲ့ လူနာကို ညောင်ရွှေကို ဆေးခန်းပြဖို့ ပို့လိုက်တယ်ပေါ့နော်။ ပို့ပြီး အပြန်ကျတော့ ကျွန်တော့်ကားလည်း အပစ်ခံရတယ်လေ”
ငွေရေးကြေးရေး အဆင်မပြေတဲ့ လူတွေအနေနဲ့ မြို့ကနေ ရှောင်သွားဖို့ ခက်ခဲလို့ လွိုင်ကော်မြို့ပေါ်မှာ အခုဆိုရင် ဒေသခံ တစ်သောင်းဝန်းကျင် ကျန်နေသေးတယ်လို့ ဆိုပါတယ်။
"Humanitarian ကိုလုပ်တဲ့ Agency တွေက Humanitarian Response ကို ထိထိရောက်ရောက်နဲ့ ကူညီပေးဖို့ တောင်းဆိုချင်တယ်"
ဒါကြောင့် ကျန်ရှိနေတဲ့ လွိုင်ကော်ဒေသခံတွေအပြင် ကရင်နီဒေသက စစ်ဘေး ဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်မှုဆိုင်ရာ အကူအညီတွေ အထူး လိုအပ်နေတယ်လို့ ကရင်နီလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI) အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“အခုလက်ရှိ IDP (စစ်ရှောင်) က Township (မြို့နယ်) အလိုက်မဟုတ်ဘူး။ တစ်ပြည်နယ်လုံးနီးပါးက IDP ဖြစ်နေတဲ့အခါကျတော့ Emergency Response က အများအပြားလိုအပ်တယ်။ Humanitarian ကိုလုပ်တဲ့ Agency တွေက Humanitarian Response ကို ထိထိရောက်ရောက်နဲ့ ကူညီပေးဖို့ တောင်းဆိုချင်တယ်။ ပြည်တွင်းကို မပေးနိုင်ရင်တောင်မှ နယ်စပ်ဖြတ်ကျော်ရေး၊ အကူအညီပေးရေး အစီအစဉ်တွေကို အကောင်အထည်ဖော်ပေးဖို့ အမြန်ဆုံး လိုအပ်နေပါတယ် ဆိုတဲ့အကြောင်း ပြောပြချင်တယ်”
လွိုင်ကော်နဲ့ မိုးဗြဲဒေသက နောက်ဆုံးအခြေအနေတွေ၊ အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်သိရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။
ကယားပြည်နယ်မှာ “တစ်လေးလုံး” စစ်ဆင်ရေးမတိုင်မီ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အောက်တိုဘာ ၂၇ ရက်နေ့ ကစလို့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ လက်ရှိမှာ ရှမ်းပြည်နယ်အပြင် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တွေ အထိ ကျယ်ပြန့်လာနေပါတယ်။