NCA ကိုလက်မှတ်ရေးထိုးဖို့ မွန်ပြည်သစ်ပါတီကို မွန်ပြည်နယ်အစိုးရ တိုက်တွန်း
2017.05.16

အခုလ ၂၄ရက်နေ့မှာ စတင်ကျင်းပမယ့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံမတိုင်မီ အပစ်ရပ်စာချုပ် (NCA)မှာ လက်မှတ်ရေးထိုးပြီး ညီလာခံတက်ရောက်ဖို့အတွက် ဒီကနေ့ မွန်ပြည်နယ်အစိုးရအဖွဲ့က မွန်ပြည်သစ်ပါတီက တာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး တိုက်တွန်းလိုက်ပါတယ်။
ဒီနေ့မနက်ပိုင်းက မော်လမြိုင်မြို့မှာရှိတဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ မွန်ပြည်သစ်ပါတီနဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ တွေ့ဆုံရာမှာ ပြည်နယ်အစိုးရက ဒုတိယအကြိမ် ၂၁ ရာစုပင်လံု မတိုင်ခင်မှာ NCA လက်မှတ်ရေးထိုးဖို့ တိုက်တွန်းခဲ့တယ်လို့ မွန်ပြည်နယ် သဘာဝပတ်ဝန်းကျင်နဲ့ သယံဇာတ ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောပါတယ်။
မွန်ပြည်သစ်ပါတီဘက်ကတော့ လက်မှတ်ရေးထိုးဖို့အတွက် လက်တလောမှာ အဆင့်သင့်မဖြစ်သေးပေမယ့် NCA လမ်းကြောင်း အတိုင်းသွားမှာဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် မွန်ပြည်သစ်ပါတီအနေနဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့မူအရ အချက် ၉ချက်ကိုဆွေးနွေးပြီးမှ NCA စာချုပ်မှာ လက်မှတ်ရေးထိုးမယ်ဆိုပြီး ဆွေးနွေးခဲ့ တယ်လို့လည်း သိရပါတယ်။
ဒီကနေ့ တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီဘက်ကို သွားရောက်မေးမြန်းခဲ့ပေမယ့် တာဝန်ရှိသူ တွေမ ရှိကြောင့် မေးမြန်းခွင့်မရခဲ့ပါဘူး။
ဒီနေ့တွေ့ဆုံပွဲကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦး၊ သဘာဝပတ်ဝန်းကျင်နဲ့ သယံဇာတ ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းစတဲ့ အစိုးရအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပြီး မွန်ပြည်သစ်ပါတီဘက်က ဗဟိုကော်မတီဝင် နိုင်ဝင်းလှနဲ့ နိုင်ဟံသာဗွမ်ခိုင် အပါအဝင် ၅ ဦးတက်ရောက်ခဲ့ပါတယ်။