ဇွဲအငြိမ့်အဖွဲ့ဝင်ငါးဦးကို တပ်မတော်ဂုဏ်သိက္ခာကျဆင်းစေမှုနဲ့ အရေးယူဖို့တိုင်ကြား
2019.05.08

မတ် ၃၁ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ထောက်ခံကြိုဆိုပွဲမှာ အငြိမ့်ကခဲ့တဲ့ ဇွဲအငြိမ့်အဖွဲ့ဝင် ငါးဦးကို တပ်မတော်ရဲ့ ဂုဏ်သိက္ခာကျဆင်းစေမှုနဲ့ တိုင်ကြားထားကြောင်း နေပြည်တော်တိုင်း စစ်ဌာနချုပ်က RFA ကို ပြောပါတယ်။
ဇွဲအငြိမ့်အဖွဲ့ရဲ့ သရုပ်ပြကွက်တွေထဲမှာ တပ်မတော်သားဝတ်စုံ ဝတ်ဆင်ပြီး ပြည်သူတစ်ဦးကို ခြေထောက်နဲ့ နင်းထားတဲ့ ပြကွက်ပါဝင်တာကြောင့် တပ်မတော်ရဲ့ ဂုဏ်သိက္ခာကျဆင်းစေမှုနဲ့ နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်တရားရုံးမှာ တိုင်ကြားထားတာဖြစ်ကြောင်း နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး သိန်းဇော်က ဒီနေ့ ပြောပါတယ်။
အငြိမ့်အဖွဲ့ခေါင်းဆောင် ပန်းသီးအပါအဝင် ငါးဦးကို အရေးယူပေးဖို့ တိုင်ကြားထားတာဖြစ်ပြီး ဘယ်ပုဒ်မနဲ့ အမှုဖွင့်မယ်ဆိုတာကိုတော့ တရားရုံးရဲ့ လက်ခံမှုအပေါ်မှာ မူတည်ကြောင်းလည်း ဗိုလ်မှူးကြီး သိန်းဇော်က ပြောပါတယ်။
တပ်မတော်ရဲ့ တိုင်ကြားမှုကို ဘယ်ပုဒ်မနဲ့ အမှုဖွင့်လက်ခံထားလည်းဆိုတာကို ဇဗ္ဗူသီရိမြို့နယ် တရားရုံးကို RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။ တရားစွဲခံရတာနဲ့ ပတ်သက်ပြီး ဇွဲအငြိမ့်အဖွဲ့ဝင်တွေကို RFA က ဆက်သွယ်ရာမှာ ဆက်သွယ်လို့ မရခဲ့ပါဘူး။
စံတော်ချိန်သတင်းဌာနမှာတော့ ဇွဲအငြိမ့်အဖွဲ့ဝင် ငါးဦးကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၂၀၂ နဲ့ အမှုဖွင့်ထားကြောင်း ရေးသားထားပါတယ်။
တပ်မတော်က တိုင်ကြားထားတဲ့အမှုကို ဇွဲအငြိမ့်အဖွဲ့အနေနဲ့ လာရောက်ရင်ဆိုင်ဖို့ နောက်တစ်ပတ်ထဲမှာ ဆင့်ခေါ်ထားတယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။