ရိုက်နှက်ခံခဲ့ရတဲ့ ဆယ်တန်းကျောင်းသားကို ရန်ကုန်မှာ ဆက်လက်ကုသဖို့ ပို့ဆောင်
2019.02.28

ရိုက်နှက်ခံခဲ့ရတာကြောင့် စစ်တွေဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့က ဆယ်တန်း ကျောင်းသား မောင်ဇော်နိုင်နိုင်ဌေးရဲ့ ကျန်းမာရေးအခြေအနေတွေ တိုးတက်မလာတဲ့အတွက် ဒီနေ့မနက်က ရန်ကုန်ကို ပို့ဆောင်လိုက်ရတယ်လို့ သူ့ရဲ့မိသားစုက RFA ကိုပြောပါတယ်။
မောင်ဇော်နိုင်နိုင်ဌေးဟာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကနေစလို့ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှာ ကုသမှု ခံယူခဲ့ရတာပါ။
ဖခင်ဖြစ်သူ ဦးစိန်ရွှေဦးက သားဖြစ်သူရဲ့ ကြောက်ရွံ့တုန်လှုပ်နေတဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေ တိုးတက်ကောင်းမွန်မလာသေးတာကြောင့် ရန်ကုန်မြို့မှာ ဆက်လက်ကုသဖို့ပို့ဆောင်တာလို့ ပြောပါတယ်။
မောင်ဇော်နိုင်နိုင်ဌေးဟာ ဖေဖော်ဝါရီလ၂၁ ရက်နေ့ ညနေပိုင်းက ကျောက်တော်မြို့ပြင်မှာရှိတဲ့ ကောင်းကင် သစ်ဆီဆိုင်ကနေ ဆိုင်ကယ်ဆီဖြည့်ပြီးအပြန် အမှတ်-၃၇၅ တပ်ရင်းရှေ့အရောက်မှာ တပ်မတော်ကားတစ်စီးက ဖမ်းဆီးခေါ်ဆောင်ပြီး အမှတ်-၅၃၉ တပ်ရင်းမှာ ရိုက်နှက်မှုတွေပြုလုပ်ခဲ့တာလို့ သူ့ရဲ့မိသားစုကပြောပါတယ်။
တပ်မတော်ဘက်ကတော့ သူတို့ရဲ့လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မောင်ဇော်နိုင်နိုင်ဌေးရဲ့ဖခင်ဖြစ်သူ ဦးစိန်ရွှေဦးနဲ့ တပ်မတော်တို့ဟာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ကျောက်တော်မြို့မှာ အပြန်အလှန်တရားစွဲဆိုမှုတွေပြုလုပ်ထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့လိုက်တာပါ။