ကိုဇာဂနာ အမေရိကန်ပြည်ထောင်စုကို လာရောက်လည်ပတ်မည်
2011.10.23

CGI ဖောင်ဒေးရှင်းဟာ ကမ္ဘာတဝှမ်းမှာ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အကူအညီ ပေးတဲ့ လုပ်ငန်းတွေ လုပ်ဆောင်နေပြီး ဒီလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုကို လာရောက်လေ့လာဖို့ ဖိတ်ကြားထားတဲ့ စာကို လက်ခံ ရရှိထားတယ်လို့ ကိုဇာဂနာက ပြောပါတယ်။
“နိုင်ငံခြားကို သွားချင်တယ်၊ လေ့လာချင်တယ်။ အဲဒီအတွက် သူငယ်ချင်းမိတ်ဆွေတွေနဲ့ စီစဉ်လိုက်တော့ အဲဒီ ကလင်တန် ဖောင်ဒေးရှင်းကို သွားလေ့လာမယ်ပေါ့။ အဲဒီမှာ လူမှုရေးတွေရော၊ ကျောင်းကိစ္စတွေရော၊ Entrepreneurship တွေရော ရှိတယ်၊ လေ့လာချင်တယ် ဆိုတော့ ဖိတ်စာ ရတယ်။ အဲဒီဖိတ်စာနဲ့တွဲပြီး Passport တင်လိုက်တာပေါ့။ အဲဒီ Passport ရရင်တော့ အမေရိကကို လာပြီး လေ့လာမယ်။ လေ့လာရင်း တဆက်တည်းမှာပဲ ကျနော်ရယ် ကျနော့် သူငယ်ချင်းလေးယောက် အရိုင်း၊ ကင်းကောင်၊ ငှက်ပျောကြော်ရယ် မေရီလဲန်းမှာ ပွဲတပွဲ ကမယ်။ ဟိုရောက်နေတဲ့ မြန်မာတွေအတွက် ကတာပေါ့။ ပိုက်ဆံ မယူဘူးလို့ ပြောထားတယ်။ ရန်ပုံငွေရှာတာလည်း မဟုတ်ဘူး၊ ဝင်ကြေးလည်း မယူဘူး။ အဲလို ဖျော်ဖြေပွဲတခု ကမယ်။ မင်းသမီးကိုတော့ မြစပယ်ငုံလေးကို ခေါ်ထားတယ်။ ဘယ်ရက်ဖြစ်မလဲ ဆိုတာတော့ Passport ပေါ် မူတည်ပြီးတော့မှသာ အတိအကျ ပြောလို့ ရပါလိမ့်မယ်”
လောလောဆယ် ကိုဇာဂနာဟာ အကျဉ်းထောင်တွင်းမှာ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် တထောင်ဝင် တထောင်ထွက် ထောင်ဝင်စာ လိုက်လံပို့တဲ့ အစီအစဉ်ကို အနုပညာ လုပ်ဖော်ကိုင်ဘက်တွေနဲ့ အတူ ဆောင်ရွက်နေပါတယ်။ ဒီကနေ့အထိ တောင်ငူ၊ လွိုင်ကော်၊ မုံရွာနဲ့ ကျောက်ဖြူ စတဲ့ အကျဉ်းထောင်တွေက နိုင်ငံရေး အကျဉ်းသားတွေအတွက် အကူအညီ ပေးခဲ့ပြီး ဖြစ်ကြောင်းနဲ့ မနက်ဖြန်မှာ ပြည် အကျဉ်းထောင်ကို သွားရောက်ဖို့ ရှိကြောင်း သိရပါတယ်။
ကိုဇာဂနာနဲ့ အနုပညာ လုပ်ဖော်ကိုင်ဘက်တွေ နိုင်ငံရေးအကျဉ်းသား အကူအညီပေးရေး ဆောင်ရွက်နေတာတွေနဲ့ ပတ်သက်ပြီး ကိုဇာဂနာကို RFA မြန်မာပိုင်းက မခင်ခင်အိ ဆက်သွယ် မေးမြန်းချက်ကိုလည်း တဆက်တည်း နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |