ဝက်လက်မြို့နယ် ရွာနန်းရွာ မီးရှို့ခံရ

2022.04.07
ဝက်လက်မြို့နယ် ရွာနန်းရွာ မီးရှို့ခံရ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့က မီးရှို့ခံရသည့် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရွာနန်းရွာကို တွေ့ရစဉ်
Photo: Ven Sein Tita

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရွာနန်းရွာကို အင်အား ၁၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က ဧပြီလ ၇ ရက် ဒီနေ့မနက် အစောပိုင်းက ဝင်ရောက်စီးနင်းပြီး နောက် ရွာက နေအိမ်တွေ မီးရှို့ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက် ၂ နာရီလောက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ရောက်လာလို့ ရွာလုံးကျွတ် ထွက်ပြေးကြရချိန်မှာပဲ အိမ်တွေကို မီးစတင်ရှို့ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ရွာသားတွေကတော့ ပြေးနိုင်လိုက်တယ် မထိခိုက်လိုက်ဘူး။ အိမ်တွေကတော့ မီးရှို့ ခံလိုက်ရတာ တော်တော် ပျက်စီးသွားတယ်။ အိမ်တွေလည်း တော်တော်များတယ်၊ တစ်အိမ်နဲ့ တစ်အိမ် ကူးပြီး လောင်သွားတာ"

ရွာနန်းရွာမှာ ရွာမကြီးပိုင်းနဲ့ ရွာသစ်ပိုင်း နှစ်ပိုင်းခွဲထားပြီး စုစုပေါင်း အိမ်ခြေ ၆၀၀ ခန့် ရှိပါတယ်။ ဒီနေ့ မီးစတင် အရှို့ခံရတာက ရွာမကြီးပိုင်းဘက်ကဖြစ်ပြီး ရွာသစ်ပိုင်းဘက် ကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ပြီးနောက် နေအိမ်တွေ မွှေနှောက် ဖျက်ဆီးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ မီးရှို့ခံရမှုကြောင့် တောင်ကျောင်း ဘုန်းတော်ကြီးကျောင်း အပါအဝင် နေအိမ် အများအပြား မီးလောင်ကျွမ်းခဲ့ပေမယ့် ဒေသခံတွေ ထွက်ပြေးနေကြရဆဲဖြစ်တာကြောင့် အိမ်အရေအတွက် အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ကတော့ ရွာနန်းရွာနဲ့ နှစ်မိုင်ခန့်ဝေးတဲ့ ညောင်ငုတ်တိုရွာဘက်ကို ဦးတည်လာတဲ့ စစ်ကောင်စီတပ် ကားတန်းကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဆားတောင်ရွာနဲ့ အုန်းတောရွာကြားမှာ ကြားဖြတ် မိုင်းဆွဲ တိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။

အဲဒီဖြစ်စဉ်မှာ စစ်ကောင်စီတပ်သားတွေ အထိအခိုက်ရှိနိုင်ပြီး ဒါကို မကျေနပ်တဲ့အတွက် ရွာနန်းရွာကို လာရောက် စီးနင်းတာ ဖြစ်နိုင်တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောဆိုကြပါတယ်။

စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်း က‌တော့ တပ်မတော်အနေနဲ့ အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့စရာအကြောင်းမရှိဘဲ PDF အဖွဲ့‌တွေကသာ လုပ်ဆောင်‌နေတာလို့ ဒီနေ့ညနေက တုံ့ပြန်ပြောဆိုပါတယ်။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ကတော့ နိုင်ငံတစ်ဝန်းမှာ အာဏာသိမ်း ပြီးနောက် စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂ဝ၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ နေအိမ် ၇၉၇၃ လုံးဆုံးရှုံးခဲ့ရတယ်လို့‌ပြောထားပါတယ်။ အဲဒီထဲမှာ စစ်ကိုင်းတိုင်းက ၄၉၅၄ လုံးနဲ့ အိမ် အများဆုံး မီးရှို့ဖျက်ဆီးခံခဲ့ရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။