ဘာသာရေး အဆောက်အဦးများ လေ့လာရေး အစီအစဉ် မန္တလေးမှာ စတင်
2014.01.31

မတူကွဲပြားတဲ့ ဘာသာဝင်တွေအကြား ပိုမိုရင်းနှီးလာ ကြဖို့နဲ့ သဟဇာတဖြစ်တဲ့ လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းတစ်ခု ဖြစ်ပေါ်လာရေးအတွက် ရည်ရွယ်ပြီး လူငယ် ၂၇ ယောက်ဟာ မန္တလေးမြို့ က ခရစ်ယန်ဘုရားကျောင်း၊ ဗလီ၊ ဟိန္ဒူဘုရားကျောင်းနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေကို ဒီနေ့ သွားရောက်လေ့လာခဲ့ကြပါတယ်။
ဒီနေ့ ဘာသာရေး အဆောက်အအုံတွေကို သွားရောက်လေ့လာနိုင်အောင် စီစဉ်ပေးခဲ့တဲ့ SMILE ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (မန္တလေး) တာဝန်ခံ ဒေါ်ယမင်းက RFA ကို အခုလို ပြောပါတယ်။
“လူငယ်တွေကြားထဲမှာ အချင်းချင်း သဟဇာတဖြစ်ပြီးတော့ နောင်မှာ သဟဇာတဖြစ်တဲ့ လူ့အသိုင်းအဝိုင်းလေး တစ်ခုဖြစ်လာဖို့အတွက် ရည်ရွယ်ပြီးတော့ ဒီဟာကိုလုပ်ခဲ့တာပေါ့”
အဲဒီ လူငယ် ၂၇ ဦးဟာ မန္တလေးမြို့ သနန္တနဓမ္မ ဟိန္ဒူဘုရားကျောင်း၊ Sacred Heart Cathedral ဘုရားကျောင်း၊ တောင်ပလူ ဗလီ၊ ခလီဖာဗလီနဲ့ မြဝတီမင်းကြီးကျောင်းတိုက်တွေမှာ လေ့လာခဲ့ကြတာပါ။
အခုလို ဘာသာပေါင်းစုံ လူငယ်တေ ွစုပေါင်းပြီး ဘာသာရေးကျောင်းတော်တွေကို သွားရောက်လေ့လာတာဟာ မန္တလေးမြို့မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး အခုလို လေ့လာရေးအစီအစဉ်တွေကို ရန်ကုန်နဲ့ မန္တလေးမှာလည်း ပြုလုပ်ခဲ့သလို ပဲခူး၊ မော်လမြိုင်နဲ့ တောင်ကြီးမြို့တွေမှာလည်း အလားတူ လေ့လာရေး အစီအစဉ်တွေရှိတယ်လို့ သိရပါတယ်။