လူငယ်ပြန်လည်ထူထောင်ရေးစခန်းတွေကို လူကယ်ပြန်ဝန်ကြီးဌာန လက်အောက်လွှဲပြောင်း


2018.12.26
dr-winmyataye-622.jpg လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကို ၂၀၁၈၊ ဒီဇင်ဘာ ၂၆ ရက်နေ့က တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ လူငယ်ပြန်လည်ထူထောင်ရေးစခန်းတွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနက လွှဲပြောင်းရယူပြီးဖြစ်တယ်လို့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

နေပြည်တော် မင်္ဂလာသီရီဟိုတယ်မှာ ဒီနေ့ ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခုအပြီးမှာ ဒေါက်တာ ဝင်းမြတ်အေးက သတင်းထောက်တွေကို အဲဒီလိုပြောသွားတာပါ။

ဒါဟာ အစိုးရသစ်လက်ထက် တပ်မတော် စစ်ဘက်က တိုက်ရိုက်ကိုင်တွယ်ထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်က စခန်းတွေကို အရပ်သားအုပ်ချုပ်ရေး ယန္တယားအောက်က လူကယ်ပြန် ဝန်ကြီးဌာနကို ပထမဆုံး လွှဲပြောင်းပေးတာလည်း ဖြစ်ပါတယ်။

လူငယ်ပြန်လည်ထူထောင်ရေးစခန်းတွေဖြစ်တဲ့ ပြည်မြို့က ရွှေပြည်သာ လူူငယ်ပြုစုရေးစခန်း၊ မူဆယ်မြို့က ရွှေပြည်သစ်စခန်းနဲ့ ဖယ်ခုံမြို့က ရွှေပြည်အေးစခန်း ၃ ခုကို ပြည်ထဲရေးဝန်ကြီးဌာန၊ မူးယစ်ဗဟိုက တာဝန်ယူခဲ့တာပါ။

လူကယ်ပြန်ဝန်ကြီးဌာန လက်အောက်ခံ ပြန်လည်ထူထောင်ရေးဦးစီးဌာနကို ၂၀၁၈ ဇန်နဝါရီလ ၃၀ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး တစ်နှစ်မပြည့်မီမှာ အခုလို လူငယ်ပြန်လည်ထူထောင်ရေးစခန်းတွေကို လွှဲပြောင်းရယူခဲ့တာဖြစ်ပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လူငယ်ပြန်လည်ထူထောင်ရေးစခန်းတွေကို လွှဲပြောင်းရယူထားတယ်လို့ အခုလို ပြောပါတယ်။

"ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ လူငယ်ပြုပြင်ရေးစခန်းအားလုံးကို ကျနော်တို့ကို လွှဲထားတာရှိတယ်။ ဒါတွေကတော့ စာရင်းတွေ စိစစ်ပြီး ဆောင်ရွက်နေဆဲကာလဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ပြည်ထဲရေးအနေနဲ့ တချို့ လုံခြုံရေးအနေနဲ့ လိုအပ်တာတွေကို ဆက်လက်စောင့်ရှောက်မှာရှိတယ်။ ဒါပေမဲ့ ကြီးကြပ်ပြီး လုပ်ဆောင်တဲ့ကိစ္စကတော့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဆောင်ရွက်မယ်"

အဲဒီလို လွှဲပြောင်းရယူအပြီးမှာ မူးယစ်ဆေးဝါးဖြတ်တာနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ပိုပြီး အလေးပေးလုပ်ဆောင်မယ်လို့လည်း ပြောပါတယ်။

ပြန်လည်ထူထောင်ရေးစခန်းတွေက ထိထိရောက်ရောက် လုပ်ဆောင်တာ နည်းနေတယ်လို့ ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

"မူးယစ်ဆေးဝါးကို နှိမ်နင်းနေတယ် ထိထိရောက်ရောက်။ မူးယစ်ဆေးစွဲသူတွေလည်း မူးယစ်သံသရာကနေ ပြတ်ဖို့ အရေးကြီးတယ်။ ဒါကြောင့် မူးယစ်နဲ့ပတ်သက်တဲ့ ပြန်လည်ထူထောင်ရေး စခန်းတွေကို နဂိုရှိတာတွေကို ပြန်လည်ပြုပြင်မွမ်းမံတာရှိသလို အသစ်ပြန်လည်လုပ်တာတွေရှိတယ်။ နဂိုရှိတဲ့စခန်းတွေထဲမှာ တကယ်တမ်းဆိုရင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်တာ တော်တော်နည်းနေတယ်။ အဲဒါကြောင့် တစ်ခုချင်း တစ်ခုချင်းကို အခုမှစပြီး အခြေခံကစပြီး ပြန်လည်ပြီး ပြုပြင်ရတာ"

နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေး ကလည်း ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်က အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာနအောက်ကို မကြာခင် ရွှေ့ပြောင်းတော့မယ်လို့ ဒီဇင်ဘာလ ၂၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာရှိပါတယ်။

ဒါကြောင့် အခုလို လွှဲပြောင်းရယူခဲ့တာဟာ NLD အစိုးရလက်ထက် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်က စခန်းတွေကို အရပ်သားအုပ်ချုပ်ရေး ယန္တယားအောက်က လူကယ်ပြန်ဝန်ကြီးဌာနကို ပထမဆုံး လွှဲပေးခဲ့တာဖြစ်ပါတယ်။

အဲဒီလို လွှဲပြောင်းခဲ့တာနဲ့ ပတ်သက်ပြီး အင်းစိန် ထောင်မှူးဟောင်းလည်းဖြစ် ဥပဒေအရာရှိ တစ်ဦးလည်းဖြစ်သူ ဦးခင်မောင်မြင့် က အခုလို ပြောပါတယ်။

"ဆေးဝါးကုသပေးတာတွေ စိတ်ဓာတ်ပြုပြင် ပြောင်းလဲတာတွေကတော့ ဟိုးတုန်းကတည်းက လူကယ်ပြန်ရဲ့ အစီအမံနဲ့ပဲ သွားတာပါပဲ။ အကျဉ်းဦးစီးကတော့ ပူးပေါင်းပြီး တာဝန်ထမ်းဆောင်ပေမယ့် လုံခြုံရေးဆိုင်ရာ လုပ်ငန်းတွေလောက်ပဲလုပ်ပြီး ကျန်တဲ့ သူတို့ရဲ့ အကျင့်စာရိတ္တ ပြုပြင်ရေးဆိုင်ရာကိစ္စတွေကတော့ လူမှုဝန်ထမ်းကပဲ သွားတာမို့လို့ ကျနော်မြင်တာကတော့ ဘာမှသိပ်ပြီး ထူးထူးခြားခြား ပြောင်းလဲသွားဖို့တော့မရှိဘူး။ သို့သော် နိုင်ငံတော်သွားနေတဲ့ စနစ်အရ ဒီထက်ပိုပြီး ထောက်ပံ့နိုင်ရင် ကျောင်းတွေမှာ ကလေးတွေအတွက် ပိုပြီး အခွင့်အလမ်းတွေ ရလာမယ်။ နောက်ပြီး သူတို့ စားသောက်ရေး အဝတ်အထည်ကအစ ပိုပြီးပြည့်ပြည့်စုံစုံဖြစ်လာမယ်"

ပြန်လည် ထူထောင်ရေး ဦးစီးဌာနဟာ ဘဝရပ်တည်ဖို့ ခက်ခဲတဲ့ ကလေးငယ်တွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတွေ၊ စစ်ဘေးရှောင်စခန်းများအတွင်း နေထိုင်သူတွေ၊ ကလေးစစ်သား ပြန်လည်ထူထောင်ရေးနဲ့ မူးယစ်ဆေးဝါးသုံးစွဲသူတွေ မူးယစ်သံသရာက လွတ်မြောက်ရေးအပါအဝင် လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်ခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။