ရန်ကုန်က လူငယ် ၁၈ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

RFA Burmese
2023.07.05
ရန်ကုန်က လူငယ် ၁၈ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး ရန်ကုန်မြို့တွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြစဉ်။ (ယခင်ပုံအဟောင်း)
STR / AFP

စစ်အာဏာသိမ်းမှု ဆန့်ကျင်လှုပ်ရှားတဲ့ မြို့ပြ ပြောက်ကျားနဲ့ သပိတ်အဖွဲ့တွေမှာ ပါဝင်တဲ့စွပ်စွဲချက် နဲ့ ဇူလိုင်လ ၁ ရက်ကနေ ၄ ရက်အတွင်း ရန်ကုန်က လူငယ် ၁၈ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အသက် ၁၇ နှစ်ကနေ ၂၀ အကြားရှိပြီး အမျိုးသား ၁၅ ဦး၊ အမျိုးသမီးသုံးဦးတို့ ပါဝင်ပါတယ်။

လမ်းမတော်၊ မင်္ဂလာဒုံ၊ တာမွေ၊ ကမာရွတ်၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ ကြည့်မြင်တိုင်နဲ့ တောင်ဒဂုံ စတဲ့မြို့နယ်တွေမှာ လမ်းသွားလမ်းလာလူငယ်တချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အသက် ၆၇ နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ ဇူလိုင်လ ၃ ရက်ကလည်း ရွှေပြည်သာမြို့နယ်မှာ လူငယ်နှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး အဖမ်းခံရပါတယ်။ ဆန့်ကျင်ဆန္ဒပြတဲ့ စာတန်းချိတ်နေတုန်းမှာပဲ လှည့်ကင်းကားနဲ့တိုးပြီး ဖမ်းခံလိုက်ရတာ။ ဖမ်းဆီးတဲ့နေရာမှာပဲ စစ်တပ်က နှစ်ဦးစလုံးကို ထိုးကြိတ်ရိုက်နှက်တာလည်း တွေ့ရတယ်။ ဘယ်ကိုခေါ်သွားလဲဆိုတာတော့ မသိရဘူး"

ဒါပေမဲ့ ဖမ်းဆီးခံရသူတွေထဲမှာ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့သူတချို့လည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်လှည့်ကင်းတွေ ရန်ကုန်မြို့အတွင်း လူငယ်တွေကို ဖမ်းဆီးစစ်ဆေးတာတွေ တင်းတင်းကျပ်ကျပ်လုပ်နေတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇူလိုင်လ ၄ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် ပြည်သူ ၁၉,၃၁၁ ဦး ဖမ်းဆီးခံထားရပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။