စစ်ကိုင်းမြို့က ရင်သွေးရတနာ ကိုယ်ပိုင်ကျောင်းအုပ် ဖမ်းဆီးခံရပြီး ကျောင်းကိုချိပ်ပိတ်

RFA Burmese
2023.09.23
စစ်ကိုင်းမြို့က ရင်သွေးရတနာ ကိုယ်ပိုင်ကျောင်းအုပ် ဖမ်းဆီးခံရပြီး ကျောင်းကိုချိပ်ပိတ် စစ်ကိုင်းမြို့ စိန်ကုန်းတိုက်နယ် သာစည်ရပ်မှ ရင်သွေးရတနာ ကိုယ်ပိုင်အထက်တန်းကျောင်းအား တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းမြို့ သာစည်ရပ်ကွက်က ရင်သွေးရတနာ ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ ကျောင်းအုပ်ဖြစ်သူ ဒေါ်ထားထားဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး ကျောင်းကိုလည်း ချိပ်ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေါ်ထားထားဦးရဲ့ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စက်တင်ဘာလ ၂၁ ရက်ညပိုင်းက လာရောက်ပြီး ဒေါ်ထားထားဦးနဲ့ မိသားစုဝင်တွေကို ဖမ်းဆီးခဲ့တာလို့ ကျောင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"၂၁ ရက်နေ့ ညက မိသားစုလိုက် ဖမ်းသွားတာ။ NUG ရဲ့ အွန်လိုင်းကျောင်းမှာ စာသင်တယ်ဆိုတဲ့ စွပ်စွဲချက်ပေါ့"

စက်တင်ဘာလ ၂၂ ရက်မှာ မိသားစုဝင်တွေကို ပြန်လွှတ်ပေးခဲ့ပြီး ရင်သွေးရတနာ ကိုယ်ပိုင်ကျောင်းကိုတော့ ချိပ်ပိတ်လိုက်တယ်လို့ ကျောင်းနဲ့ နီးစပ်သူက ပြောပါတယ်။

လက်ရှိမှာ ဒေါ်ထားထားဦးကို စစ်ကိုင်းမြို့မ ရဲစခန်းမှာ ဖမ်းဆီးထားပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီပုဒ်မဟာ ထောင်ဒဏ် သုံးနှစ်ကနေ ခုနစ်နှစ်အထိ ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်။

ဖမ်းဆီးခံရတဲ့ အသက် ၅၇ နှစ်အရွယ် ဒေါ်ထားထားဦးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ ဆွေမျိုးတော်စပ် သူတစ်ဦးဖြစ်ပြီး Sagaing Federal School အွန်လိုင်းစာသင်ကျောင်းမှာ စာသင်ပေးတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းခံရတာလို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဒေါ်ထားထားဦး ဟာ ဝန်ထမ်းတွေကို CDM လုပ်ဖို့ လှုံ့ဆော်တာ၊ NUG ရဲ့ အွန်လိုင်းစာသင်ကျောင်းမှာ စာသင်ပေးတာတွေ လုပ်ခဲ့တယ်လို့ ရေးသားဖော်ပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ သယံဇာတ ရေးရာဝန်ကြီး ဦးတင်သန်းဝင်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာလ ၂၂ ရက် စာရင်းတွေအရ အာဏာသိမ်းပြီးနောက် ပြည်သူ နှစ်သောင်းနီးပါး (၁၉,၂၆၀ ဦး) ဖမ်းဆီးခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။