ဆားလင်းကြီးမှာ တိုက်ပွဲကြောင့် ဒေသခံ ခုနစ်ထောင်နီးပါး ထွက်ပြေး

RFA Burmese
2023.01.28
ဆားလင်းကြီးမှာ တိုက်ပွဲကြောင့် ဒေသခံ ခုနစ်ထောင်နီးပါး ထွက်ပြေး ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်းမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် မြောက်ဘက်ခြမ်းမှာ ဇန်နဝါရီလ ၂၈ ရက် မနက်ပိုင်း က တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သား ခုနစ်ထောင်နီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ပုသိမ်-မုံရွာ ကားလမ်းပေါ်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲဖြစ်ပွားမှုကြောင့် အနီးပတ်ဝန်းကျင်က ဂုဏ်တော၊ ကံကုန်းနဲ့ ဒုံးတောရွာတွေက အရပ်သားတွေ ထွက်ပြေးကြတာလို့ ကံကုန်းရွာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပုသိမ်-မုံရွာလမ်းပေါ်ကို ကျနော်တို့ ရွာထိပ်ကဖောက်တာ အချက်သုံးလေးဆယ် လောက် ဖောက်တာဗျ။ နောက်ကျတော့ လက်နက်ကြီးပစ်တယ်ပေါ့ဗျာ။ အဲဒီအခြေအနေမှာ ကျနော်တို့က အကုန်လုံးပြေးကြတာ”

ဒုံးတောရွာမှာ အိမ်ခြေ သုံးရာကျော်၊ ဂုဏ်တောရွာမှာ အိမ်ခြေ လေးရာကျော်နဲ့ ကံကုန်းရွာမှာ အိမ်ခြေ တစ်ထောင်ကျော် စုစုပေါင်း အိမ်ခြေ ၁၇၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းက စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

တိုက်ပွဲငြိမ်သွားလို့ ဇန်နဝါရီလ ၂၈ ရက်နေ့လယ်ပိုင်းမှာတော့ တချို့ကနေရပ်ပြန် နေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်း အရပ်သား ခြောက်သိန်းခွဲကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။