ယင်းမာပင်မြို့နယ် မင်းကံကြီး-သီးကုန်းရွာကို စစ်ကောင်စီ မီးရှို့ပစ်ခတ်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မင်းကံကြီးကျေးရွာအုပ်စု တမာပင်ခွ/သီးကုန်းရွာက နေအိမ် ၁၀၀ ကျော်ကို ဧပြီလ ၂၈ ရက်နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက မီးရှို့သွားပြီး မီးငြိမ်းတဲ့လူတွေကို ပစ်ခတ်တဲ့အတွက် အသက် ၄၀ အရွယ် အမျိုးသားတစ်ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ နီးပါးလောက် အိမ်ခြေ ၁၂၀ လောက်ရှိတဲ့ သီးကုန်းရွာအနီးက ကံစွယ်ဘုန်းကြီးကျောင်းမှာ ဧပြီ ၂၆ ရက်နေ့မနက်ပိုင်းက ဝင်ရောက်တပ်စွဲပြီး အနီးနားရွာတွေက ပစ္စည်းတွေ ဖျက်ဆီး ရှာဖွေယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၂၈ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ထက်ဝက်လောက်ရွာက ပြန်အထွက်မှာ သီးကုန်းရွာကို မီးရှို့ပါတယ်။ မီးလာငြိမ်းတဲ့လူတွေကို စစ်တပ်က ပစ်ခတ်လို့ လူတယောက် သေဆုံးရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သီးကုန်းရွာ ဒေသခံက RFA ကို ပြောပါတယ်။
“အင်းအား ၁၀၀ နီးပါးလောက်ထဲက တစ်ဝက်လောက်က ရွာကနေပြန်ထွက်တယ်၊ ထွက်ရင်းနဲ့ ရွာကိုမီးရှို့သွားပေါ့၊ ဒေသခံတွေ တချို့က မီးငြိမ်းသတ်ဖို့လုပ်တယ်၊ သူတို့ဘက်က လက်နက်ကြီးတွေ လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ မီးငြိမ်းသတ်ဖို့ကြိုးစားတဲ့ အမျိုးသားတစ်ယောက် ကျည်မှန်သေတယ်၊ မီးမငြိမ်းနိုင်လို့ တစ်ရွာလုံးနီးပါးကုန်သွားတယ် ၁၀ အိမ်လောက်ပဲ ကျန်မယ်”
ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင် တက်ဝက်လောက်ဟာ မင်းကံကြီးကျေးရွာအုပ်စုမှာရှိတဲ့ ကံစွယ်ဘုန်းကြီးကျောင်းမှာ ပြန်တပ်စွဲပြီး နောက်နေ့ ဧပြီ ၂၉ ရက် မနက်ပိုင်းမှာ ပြန်လည်ထွက်ခွာသွားတယ်လို့ ဒေသခံတွေက ပြေပါတယ်။
မင်းကံကြီးကျေးရွာအုပ်စု တမာပင်ခွ/သီးကုန်းရွာဟာ ယင်းမာပင်နဲ့ အလောင်းတော်ကဿပကို သွားတဲ့ လမ်းပေါ်မှာ ရှိတဲ့ ရွာတန်းစုဖြစ်ပါတယ်။
စစ်ကောင်စီတပ်သားတွေက သီးကုန်း ရွာကို မီးရှို့တဲ့ကိစ္စကို RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ယင်းမာပင်မြို့နယ်က ရွာတချို့မှာ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေ မကြာခဏ ပစ်ခတ်ကြ၊ မိုင်းဆွဲတိုက်ခိုက်ကြတာတွေရှိပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့တုန်းကလည်း ယင်းမာပင်မြို့နယ် ထန်းဇင်ရွာကို စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက် မီးရှို့လို့ နေအိမ် ၁၇ လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။